backup og meta

မိခင်အမျိုးအစားကွဲ (၄)မျိုး


Ye Myo Myat မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်အမျိုးအစားကွဲ (၄)မျိုး

    မိခင်ဆိုတာ မိသားစုတစ်စုရဲ့ ဝေယျာဝေစ္စ၊ အိမ်တာဝန်တွေ အကုန်လုံးကို ထမ်းပိုးထားရတဲ့ သူတစ်ဦးပါ။ မိမိအတွက်ထက် အမြဲတမ်းလိုလို ခင်ပွန်းသည်၊ သားသမီး၊ သူတို့ရဲ့ မိဘတွေ၊ ဆွေမျိုးတွေ အဆင်ပြေစေရေး၊ ကျန်းမာစေရေး၊ ပျော်ရွှင်စေရေးနဲ့ သံယောဇဉ် မြဲမြံစေရေးကိုလည်း တာဝန်ယူထားရပါတယ်။

    ဒီဆောင်းပါးမှာတော့ ကလေးထိန်းကျောင်းပုံနဲ့ အိမ်တာဝန် စီမံခန့်ခွဲတဲ့နေရာမှာ ကွဲပြားသွားတဲ့ မိခင်အမျိုးအစား (၄) မျိုးကို ပြောပြပေးချင်ပါတယ်။ ကိုယ့်က မိခင်တစ်ယောက်အနေနဲ့ ဘယ်အမျိုးအစားတွေထဲမှာ ပါလဲ၊ ကိုယ့်ရဲ့ အားသာချက်က ဘာလဲ၊ အားနည်းချက်တွေ ရှိရင်ရော ဘယ်လိုပြင်ဆင်သင့်လဲဆိုတာကို နားလည်သွားတဲ့အခါ မိသားစုကြား ပိုပြီး ပြေပြေလည်လည် ဖြစ်သွားစေနိုင်မှာပါ။

    ၁။ ပြီးပြည့်စုံမှုကို လိုလားသော မိခင်ပုံစံ

    ဒီလို မိခင်တွေဟာ မိသားစုအပေါ် အလွန်ထိန်းချုပ်တတ်တယ်၊ တခြားသူတွေ၊ ဘေးပတ်ဝန်းကျင်ရဲ့ အမြင်ကို အလွန်အလေးထားပြီး အမှားအယွင်းတစ်စုံတရာကို လုံးဝသည်းခံလေ့မရှိပါဘူး။ ပြောရမယ်ဆိုရင်တော့ ပြစ်မျိုးမှဲ့မထင် ပြီးပြည့်စုံလိုတဲ့ မိခင်တွေဖြစ်ပါတယ်။

    အားသာချက်တွေကတော့ မိမိကိုယ်တိုင်ရော မိမိရဲ့ မိသားစုကိုပါ အမှားအယွင်းကင်းစင်အောင် လေ့ကျင့်ပေးထားတဲ့အတွက် ပညာရေးပိုင်း၊ လုပ်ငန်းခွင်၊ လူမှုရေးနယ်ပယ်မှာ တခြားသူတွေ ချီးကျူးရလောက်အောင် နေထိုင်မှုပုံစံ မြင့်မားလာမယ်။ ကျန်းမာရေးကိုလည်း အလေးပေးတယ်။ သားသမီးနဲ့ ခင်ပွန်းသည်ရဲ့ ဝေယျာဝေစ္စ အကုန်လုံးကို အမှားအယွင်းမရှိစေအောင်၊ ထောင့်စေ့နေအောင် မျက်ခြေမပြတ်တမ်း လေ့လာနေတတ်တယ်။

    အားနည်းချက်ဆိုရင်တော့ ကိုယ်မဟုတ်တဲ့ တခြားမိသားစုဝင်တွေအပေါ်မှာ ချုပ်ချယ်သလို၊ အမိန့်ပေးနေသလိုပုံစံမျိုး ဖြစ်သွားတတ်တဲ့အတွက် သူတို့တွေအနေနဲ့ နေရတာ စိတ်ကျဉ်းကျပ်သလို ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့အမြင်ထက် ဘေးပတ်ဝန်းကျင်က ကိုယ့်မိသားစုအပေါ် ဘယ်လိုမြင်မလဲဆိုတဲ့ အရာတွေကို အရမ်းကြီး အလေးထားလွန်းနေတဲ့အချက်က စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လူဆိုတာ အမြဲမှားတတ်တဲ့အတွက် အမှားအယွင်းကို သည်းခံနိုင်စွမ်း မရှိခြင်းက သားသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

    ၂။ စိတ်ခံစားချက်ကို ဦးစားပေးလွန်းသော မိခင်ပုံစံ

    ဒီလိုမိခင်တွေဟာ စိတ်ခံစားချက်ကို အရမ်းဦးစားပေးတယ်။ သားသမီးကို ထိန်းကျောင်းတဲ့နေရာ၊ ခင်ပွန်းသည်ကို ကူညီထောက်ပံ့ပေးတဲ့ နေရာမှာ ဦးနှောက်ထက် စိတ်ခံစားချက်ကို ဦးစားပေးပြီး ပုံစံသွင်းတယ်။ စိတ်ကြည်နေတဲ့အချိန်ဆို အိမ်အလုပ်တွေကို ပြုံးပြုံးရွှင်ရွှင်ပဲ ထမ်းဆောင်တယ်။ စိတ်ညစ်တဲ့အချိန်ဆို မြင်မြင်ရာမိသားစုဝင်တွေကို အော်ငေါက်တတ်တယ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး အိမ်အလုပ်တွေကို ပစ်ထားတတ်တယ်။

    အားသာချက်အနေနဲ့ ကြည့်မယ်ဆိုရင် လူမှုရေးရာပိုင်းမှာ အမြဲတမ်း ကူညီပေးတတ်သလို မိသားစုတွေ ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲတွေ၊ စိတ်ညစ်စရာတွေကို ရင်ဖွင့်တဲ့အခါ သူတို့တွေအတွက် စိတ်ပြေသွားစေနိုင်မယ့် အကြံကောင်းတွေ ပေးနိုင်ပါတယ်။ မိသားစုဝင်ရဲ့ မျက်နှာကို ကြည့်လိုက်ရုံနဲ့လည်း သူတို့ ဘာတွေ ခံစားနေရလဲ၊ ဘယ်လို အားပေးလို့ရမလဲ၊ သူတို့ပျော်ရွှင်အောင် ကိုယ့်ဘက်က ဘာလုပ်ပေးလို့ရမလဲဆိုတာ အချိန်ပြည့် တွေးနေတတ်ပါတယ်။

    မကောင်းတဲ့အချက်ကတော့ စိတ်ခံစားချက်ကို လိုတာထက် ဦးစားပေးတဲ့အချက်ပါ။ တချို့နေရာမှာ စိတ်ခံစားချက်ကို ဦးစားပေးရသလို တချို့နေရာမှာတော့ ဦးနှောက်ကို အသုံးပြုရတတ်ပါတယ်။ ၂ မျိုးလုံးကို အသုံးပြုပြီး ပြဿနာတွေ ဖြေရှင်းရတာမျိုးတွေလည်း ရှိပါတယ်။ ဒီတော့ ဦးနှောက်နဲ့တွေးခေါ်ရတဲ့ မိသားစုပြဿနာ (ဥပမာ – ငွေရေးကြေးရေး၊ စားဝတ်နေရေး အခက်အခဲ) တွေမှာ အဖြေရှာတဲ့နေရာမှာတော့ အခက်အခဲရှိတတ်ပါတယ်။

    နောက်ထပ်တစ်ချက်က စိတ်မကြည်တဲ့အချိန်ဆို ကိုယ့်မိသားစုနဲ့ ပတ်သက်ပြီး ဘာမှလုပ်ပေးချင်စိတ် မရှိတော့သလို ဘယ်သူ့ရဲ့ အားပေးစကားသံမှ ကိုယ့်ဦးနှောက်ထဲ နားဝင်တော့မှာ မဟုတ်ပါဘူး။ စိတ်ညစ်နေတာ မပြေပျောက်မချင်းကတော့ ကိုယ်ရော ကိုယ့်မိသားစုပါ အကုန်လုံး စိတ်ညစ်နေရနိုင်ပါတယ်။

    ၃။ သူငယ်ချင်းလိုရင်းရင်းနှီးနှီးနေတတ်တဲ့ မိခင်ပုံစံ

    မိခင်တစ်ယောက်ထက်စာရင် ရွယ်တူ သူငယ်ချင်းတစ်ယောက်လို တိုင်ပင်ဖော်တိုင်ပင်ဖက် အဖြစ်နဲ့ အမြဲတမ်း အားကိုးလို့ရတယ်။ လူကြီးတစ်ယောက်ရဲ့ ဖိအားမျိုး၊ အငွေ့အသက်မျိုး မခံစားရဘဲ သက်တူရွယ်တူ တစ်ယောက်လို ပေါ့ပေါ့ပါးပါး အမြဲတမ်းရှိတယ်။

    အားသာချက်ကို ပြောပါဆိုရင် လူငယ်တစ်ယောက်ရဲ့ အမြင်မျိုး၊ တွေးခေါ်ပုံမျိုး ရှိတဲ့အတွက် ကိုယ်ရေးကိုယ်တာကိစ္စ (Privacy Matters) တွေကို တခြားသူရဲ့ ခွင့်ပြုချ က်မရှိဘဲ ဝင်ရောက်စွက်ဖက်ခြင်းမျိုး မရှိဘူး။ တာဝန်တွေ၊ ဝတ္တရားတွေ၊ မိခင်ဘဝ၊ အိမ်ထောင်ရဲ့ ပဲ့ကိုင်ရှင် စတဲ့ စိတ်လေးစရာဆောင်ပုဒ်တွေ၊ အမည်ခံတွေနဲ့ ကိုယ့်ကိုယ်ကို အလေးမခံဘူး၊ ပေါ့ပေါ့ပါးပါးပဲ နေတတ်တယ်။

    အားနည်းချက်တွေကတော့ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေက ကိုယ့်အပေါ် အမြဲအားကိုးတာကို လိုလားပြီး သူတို့မရှိတဲ့အခါ ကိုယ့်မှာ တစ်ခုခု လိုအပ်နေသလို၊ အထီးကျန်နေသလို၊ လောကကြီးက အဓိပ္ပာယ်မဲ့သလို ခံစားချက်မျိုးတွေ မကြာခဏ ဝင်လာတတ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ လူတစ်ယောက် ကိုယ့်အနားမှာမရှိတဲ့ စိတ်ရောဂါလက္ခဏာနဲ့ ပုံစံချင်းသွားတူပါတယ်။

    ၄။ မိမိကိုယ်ကို ရှေ့တန်းတင်တဲ့ မိခင်ပုံစံ

    ဒါကတော့ ခင်ပွန်းသည်တွေ၊ သားသမီးတွေထက် ကိုယ့်ကိုယ်ကိုပဲ ဦးစားပေး တန်ဖိုးထားတယ်။ ကိုယ့်ဘေးမှာ ရှိတဲ့ မိသားစုဝင်တွေက ကိုယ့်ကို အများအလယ်မှာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေဖို့၊ ဂုဏ်ယူနေစေဖို့ လိုလားတတ်ပါတယ်။

    အားသာချက်တွေက တာဝန်ဝတ္တရားတွေ ပိပြီး စိတ်ညစ်နေတာမျိုး၊ အလှအပ မပြင်မဆင်ဘဲ နေတာ၊ ကိုယ့်ကိုယ့်ကို လျစ်လျူရှုတာမျိုး လုံးဝမလုပ်ဘူး။ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်နေအောင် ပြင်ဆင်ပြီးသွားရင် ကိုယ်နဲ့ တစ်သားတည်းဖြစ်နေတဲ့ မိသားစုဝင်တွေ အဆင်ပြေနေစေဖို့ အစွမ်းကုန် ကြိုးပမ်းတယ်။

    မကောင်းတဲ့အချက်တွေအနေနဲ့ ကိုယ်လုပ်ပေးလိုက်တဲ့ အရာတွေပေါ် တစ်ခုခု ပြန်ပြီးတောင်းဆိုတာမျိုး လုပ်တတ်တယ်။ (ဥပမာ – မိဘတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းရွက်ပြီးတဲ့အခါ ကိုယ့်သားသမီးဆီကနေ တစ်ခုခု ပြန်ရဖို့ မျှော်လင့်တတ်တယ်၊ မရတဲ့အခါ ဒီအရာတွေကို အကြွေးစာရင်းလို မှတ်ထားပြီး သတိရတိုင်း ပြန်ပြန်ထုတ်ဖော်ပြောတတ်ပါတယ်။) သားသမီးတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ကိုယ့်ရဲ့ စိတ်ဆန္ဒထက် မိခင်ဖြစ်သူရဲ့ လိုအင်ဆန္ဒတိုင်းကို ဖြည့်ဆည်းရန်သက်သက် လူဖြစ်လာတယ်ဆိုတဲ့ ခံစားချက်မျိုး ဝင်နေတတ်ပြီး စိတ်ဒဏ်ရာ ဖြစ်သွားတတ်ပါတယ်။

    ခုပြောပြခဲ့တဲ့ မိခင်အမျိုးအစား (၄) မျိုးက မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ အတွေ့များတဲ့ မိခင်အမူအကျင့်မျိုးတွေပါ။ ကောင်းတယ်လို့ပဲ သတ်မှတ်မရနိုင်သလို ဆိုးတယ်လို့ချည်းပဲလည်း သတ်မှတ်လို့မရပါဘူး။ ဒီတော့ အပေါ်က (၄) မျိုးထဲမှာ သင်ကိုယ်တိုင်ရော မိခင်တစ်ယောက်အနေနဲ့ ဘယ်အမျိုးအစားထဲမှာ ပါနေလဲလို့ ယူဆပါသလဲ ပြန်တွေးကြည့်ပါ။

    စာရေးသူရဲ့ အမြင်

    ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် ခုပြောသွားခဲ့တဲ့ ပုံစံ (၄) မျိုးထဲက ကောင်းတာတွေချည်းပဲ စုထားတာကတော့ သားသမီးတွေအတွက် အသင့်လျော်ဆုံးလို့ ယူဆပါတယ်။ လူဆိုတာကတော့ ဘယ်သောအခါမှ ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ ဒါကို အရင်ဆုံးလက်ခံထားရပါမယ်။

    မိခင်တစ်ယောက်ရဲ့ တာဝန်က အိမ်ထောင်ပြိုကွဲခြင်းမရှိဘဲ သံယောဇဉ် ခိုင်ခိုင်မြဲမြဲ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ထိန်းသိမ်းထားနိုင်ဖို့၊ သားသမီးတွေကို ကြီးပြင်းလာတဲ့အခါ စိတ်ဓာတ်ကြံ့ခိုင်တဲ့၊ တာဝန်ယူစိတ် အပြည့်အဝ ရှိတဲ့၊ အကြင်နာတရား ပြည့်ဝတဲ့ လူသားတစ်ဦးအဖြစ် ပျိုးထောင်ပေးနိုင်ဖို့ပါပဲ။

    ဒီတော့ ကိုယ့်ရဲ့ အမူအကျင့်တွေကို ခဏဖယ်ထားပြီး ကိုယ့်သားသမီးအတွက် သင့်တော်မယ့်အရာတွေကို ကိုယ်တိုင်သင်ပေးပါ။ သူတို့တွေရဲ့ ဖြစ်ချင်တဲ့ ဘဝ၊ လျှောက်ချင်တဲ့ လမ်းကြောင်းမှာလည်း မိခင်တစ်ယောက်အနေနဲ့ လူအားဖြင့်၊ စိတ်အားဖြင့်၊ ငွေအားဖြင့် အားပေးကူညီပေးပါ။

    ကိုယ့်ကိုယ်ကိုလည်း မအောင်မြင်တဲ့၊ မှားယွင်းနေတဲ့ မိခင်တစ်ယောက်အဖြစ် မမြင်ပါနဲ့။ လူတိုင်း အမှားလုပ်နိုင်ပါတယ်။ ဒီအမှားတွေကို မြင်တတ်ပြီး သင်ခန်းစာယူဖို့သာ အဓိကပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement