backup og meta

သင့်ကလေး မိသားစုအပေါ် ပိုပြီး သံယောဇဉ်တွယ်လာအောင် ဘယ်လိုအရာတွေ အတူလုပ်ပေးသင့်လဲ


Ye Myo Myat မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး မိသားစုအပေါ် ပိုပြီး သံယောဇဉ်တွယ်လာအောင် ဘယ်လိုအရာတွေ အတူလုပ်ပေးသင့်လဲ

    တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မိသားစုဝင်တွေလည်း တဖြည်းဖြည်း အလုပ်များလာပြီး စိမ်းလာတတ်ကြပါတယ်။ လူကြီးတွေက ကိုယ့်အလုပ်ကိစ္စနဲ့ ကိုယ် ရှုပ်နေတဲ့အချိန်မှာ ကလေးကို ဂရုမစိုက်မိပဲ ပစ်ထားသလို ဖြစ်တတ်ပါတယ်။ ကြာလာလို့ ကိုယ့်ကလေးကများ မိသားစုတွေအပေါ် စိမ်းသွားမလား၊ ချစ်ခြင်းမေတ္တာတွေ လျော့သွားမလားဆိုပြီး စိုးရိမ်နေရင်တော့ ဒီလိုအရာလေးတွေ အတူတကွ လုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

    ၁။ မိသားစုအတွက် အချိန်ပေးပါ။

    အလုပ်ကိစ္စတွေ၊ နေ့စဉ် ရုံးတာဝန်တွေကြောင့် မိသားစုအပေါ် ဂရုမစိုက်မိနိုင်တော့တဲ့အထိ အလုပ်များနေပြီဆိုရင် ကိုယ့်ရဲ့ အားလပ်ချိန်ကို သေချာသတ်မှတ်ထားသင့်ပါပြီ။ ကိုယ့်ရဲ့ အားလပ်ချိန်ကို ကိုယ့်ရဲ့ မိသားစုနဲ့ အတူကုန်ဆုံးခြင်းက မိသားစုကြား ရင်းနှီးချစ်ခင်မှုကို တိုးတက်စေနိုင်သလို ကိုယ်ဟာ သူတို့အပေါ်မှာ အလေးအနက်ထားတယ်ဆိုတဲ့ သဘောကို သက်ရောက်စေပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာအလုပ်ချိန်ကနေ မိသားစုအတွက် အချိန်ကို သီးသန့်ဖယ်ထားပေးပါ။

    ၂။ လေ့ကျင့်ခန်း အတူလုပ်ပါ။

    နေသာတဲ့ အားလပ်ရက်လေးမှာ ကိုယ့်ရဲ့ ကလေးနဲ့အတူ လေ့ကျင့်ခန်းအတူ လုပ်ကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ့်ရဲ့ ကလေးကို ပိုမိုနိုးကြားတက်ကြွစေသလို လေ့ကျင့်ခန်းအတူလုပ်ရင်းနဲ့လည်း ကိုယ့်ကလေးနဲ့အတူ ရယ်မောပျော်ရွှင်စွာနဲ့ စကားပြောခြင်းဖြင့် မိသားစုကြား ရင်းနှီးမှုကို တိုးပွားစေနိုင်ပါတယ်။ မနက်ခင်းလေးမှာ လမ်းအတူလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ အစရှိတဲ့ လေ့ကျင့်ခန်းတွေကို အိမ်ထဲမှာရော၊ အိမ်ပြင်မှာပါ အတူတကွ တက်ကြွစွာ လုပ်ကြည့်လို့ရပါတယ်။

    ၃။ အာဟာရရှိတဲ့ မုန့်တွေ အတူလုပ်စားပါ။

    ညဘက် အလုပ်ကပြန်ရောက်တဲ့အချိန်ဖြစ်စေ၊ ရုံးပိတ်ရက်တွေမှာ ကိုယ့်ရဲ့ ကလေးနဲ့ အာဟာရရှိတဲ့ မုန့်တွေ အတူလုပ်စားကြည့်ပါ။ ကလေးတွေက တစ်ယောက်တည်းရှိတဲ့အချိန်မှာ အသင့်စားလို့ရတဲ့ အာလူးကြော်တွေ၊ ကွတ်ကီးမုန့်တွေ ယူစားတတ်ပါတယ်။ ဒီတော့ ကလေးအတွက် ကျန်းမာရေးထိခိုက်စေမယ့် မုန့်တွေအစား အာဟာရလည်းဖြစ်၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ မုန့်တွေကို အတူပျော်ပျော်ပါးပါး လုပ်စားတာက ပိုကောင်းပါတယ်။ ကလေးတွေကို အပူမလောင်စေဖို့၊ မထိခိုက်မိစေဖို့တော့ အမြဲ ဂရုတစိုက် ကြည့်ရှုနေပေးပါ။

    ၄။ သစ်ပင်ပန်းမန်တွေကို စိုက်ပျိုးပေးပါ။

    သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သလို ကိုယ့်မိသားစုအတွက်လည်း နေ့စဉ် အတူတကွ ဂရုတစိုက် လုပ်ပေးလို့ရမယ့် အလုပ်တာဝန်လို ဖြစ်စေပါတယ်။ ကိုယ့်ရဲ့ ကလေးကို ငယ်စဉ်ထဲက ပတ်ဝန်းကျင်ကို ဂရုစိုက်အလေးထားတတ်လာအောင် အလေ့အကျင့်လုပ်ပေးလို့ ရပါတယ်။ ကိုယ့်ရဲ့ ခြံထဲမှာ သီးပင်စားပင်လေးတွေ စိုက်ပျိုးလို့ရသလို အလှပန်းပင်လေးတွေ၊ သစ်ပင်ငယ်လေးတွေကို ပန်းအိုးလေးနဲ့လည်း သေချာစိုက်ပျိုးလို့ ရပါတယ်။

    ၅။ စာအုပ်အတူ ဖတ်ပေးပါ။

    စာဖတ်ခြင်းဟာ စိတ်ကိုတည်ငြိမ်စေပြီး အထွေထွေဗဟုသုတ တိုးပွားစေလို့ ကလေးတွေကို ငယ်စဉ်ထဲက စာဖတ်တဲ့ အလေ့အကျင့်ရအောင် လုပ်ပေးတာ အကောင်းဆုံးပါပဲ။ အပတ်စဉ်၊ လစဉ် စာအုပ်ကောင်းလေးတွေ တွေ့တိုင်း ဝယ်စုထားပြီး ကိုယ်အားတဲ့အချိန်လေးမှာ ကလေးနဲ့အတူဖတ်တာဖြစ်စေ၊ ကလေးတွေကို ဖတ်ပြတာဖြစ်စေ လုပ်ပေးနိုင်ပါတယ်။

    ၆။ ထမင်းလက်စုံ စားပါ။

    လူကြီးတွေကလည်း အလုပ်တစ်ဖက်၊ ကလေးတွေကလည်း ကျောင်းတစ်ဖက်နဲ့မို့ မနက်စာနဲ့ နေ့လည်စာ အတူမစားနိုင်ရင်တောင် ညစာကိုတော့ ထမင်းဝိုင်းမှာ အတူဝိုင်းဖွဲ့စားသောက်သင့်ပါတယ်။ ထမင်းစားရင်းနဲ့ တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှ အတွေ့အကြုံတွေကို ကိုယ့်ရဲ့ မိသားစုကို ပြန်လည်ဝေမျှခြင်းဟာ မိသားစုကြား ရင်းနှီးချစ်ခင်မှုကိုလည်း တိုးစေနိုင်ပါတယ်။ ရုံးပိတ်ရက်၊ အားလပ်ရက်တွေမှာ ကိုယ့်ရဲ့ ကလေးနဲ့ မုန့်အတူလုပ်စားတာဖြစ်စေ၊ အပြင်ထွက်ပြီး စားသောက်ဆိုင်ကောင်းကောင်းလေးမှာ ထွက်စားတာဖြစ်စေ အချိန်ကုန်ဆုံးပေးပါ။

    ၇။ အိမ်သန့်ရှင်းရေးအတူ လုပ်ပါ။

    အိမ်သန့်ရှင်းရေးဆိုတာ မိသားစုဝင်တိုင်းရဲ့ တာဝန်ပါ။ နေ့တိုင်းမလုပ်နိုင်ရင်တောင် အားလပ်ရက်တွေမှာ ကိုယ့်ရဲ့ မိသားစုနဲ့ အိမ်သန့်ရှင်းရေး အတူဝိုင်းဖွဲ့ လုပ်ဆောင်ပေးသင့်ပါတယ်။ ကိုယ့်ရဲ့ ကလေးကို အိမ်အလုပ်တာဝန် လုပ်စေခြင်းက တာဝန်ယူတတ်စိတ်၊ မိသားစုကို ရိုင်းပင်းကူညီချင်စိတ် ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးတွေကို ကိုယ့်ရဲ့ အိပ်ရာကို ကိုယ်သိမ်းခိုင်းဖို့ အကျင့်လုပ်ထားပေးပါ။

    ဒီလိုအရာတွေကို ကလေးတွေနဲ့ အတူလုပ်ပေးလို့ ဘာကောင်းကျိုးတွေ ရနိုင်လဲ။

    ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ ကလေးနဲ့၊ မိသားစုအနဲ့ အတူအချိန်ကုန်ဆုံးလို့ ရနိုင်တဲ့ အကျိုးကျေးဇူးတွေက အများကြီးပါပဲ။ ကလေးရဲ့ မိသားစုအပေါ် ချစ်စိတ်၊ ခင်စိတ်၊ ပတ်ဝန်းကျင်အပေါ် လေ့လာစူးစမ်းလိုစိတ်၊ အသစ်တွေကို ရှာဖွေဖန်တီးလိုစိတ်၊ တာဝန်သိတတ်စိတ် အစရှိသဖြင့် ကလေးတစ်ယောက်ရဲ့ ကြီးပြင်းလာတဲ့ပုံစံကို ပုံဖော်ဖန်တီးပေးလို့ရပါတယ်။ တချို့အရာတွေမှာ ကလေးကို ဦးဆောင်ပြီး တာဝန်ခွဲဝေစေခြင်းဖြင့် ကလေးတွေအနေနဲ့ မိမိကိုယ်ကို ယုံကြည်မှု ပိုတိုးလာနိုင်သလို အခက်အခဲ၊ အတားအဆီးတွေကို ရင်ဆိုင်ဖြေရှင်းလိုစိတ်ကိုလည်း တိုးစေနိုင်ပါတယ်။

    ကလေးတွေအပေါ်မှာ ပြည့်ဝတဲ့ မေတ္တာ၊ ကရုဏာထားပါ။ ပြောတဲ့စကားတွေကို ဂရုစိုက်ပြီး နားထောင်ပေးပါ။ အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်ပေးပါ။ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို အလွယ်တကူ ကျော်လွှားနိုင်ဖို့ ကူညီပေးပါ၊ ပံ့ပိုးပေးပါ။ လဲကျတဲ့အချိန်တိုင်းမှာ ဘေးနားကနေ ပြန်လည် ထူမပေးပါ။ ကလေးတွေရဲ့ စိတ်ထဲမှာ လုံခြုံမှု၊ အေးချမ်းမှု၊ လွတ်လပ်မှုတွေကို ခံစားရအောင် ကိုယ့်ဘက်က ပြုပြင်ပြောင်းလဲပေးပါ။ ဒီလိုနည်းလမ်းတွေနဲ့ ကိုယ့်ကလေးရဲ့ မိသားစုအပေါ် သံယောဇဉ်ပိုတိုးလာနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement