backup og meta

စိတ်ခံစားချက် အပြောင်းအလဲ မြန်လွန်းတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ခံစားချက် အပြောင်းအလဲ မြန်လွန်းတာ ဘာကြောင့်လဲ

    စိတ်ခံစားချက် အပြောင်းအလဲ မြန်လွန်းတဲ့ပြဿနာကို ဆယ်ကျော်သက်အရွယ်ကနေ လူလတ်ပိုင်းအရွယ် ကျား၊ မ မရွေး ကြုံနေကြရပါတယ်။ လူတိုင်းကတော့ နေ့စဉ်ဘဝမှာ စိတ်ညစ်စရာ၊ ပျော်စရာတွေ အမြဲဖြစ်နေမှာပါ။ တချို့ရက်တွေမှာ အရမ်းပျော်နေမယ်၊ တချို့ရက်တွေမှာတော့ စိတ်အရမ်းညစ်နေမယ်၊ ဒါတွေက လူတိုင်း မဖြစ်မနေ ကြုံတွေ့ရမယ့် လူ့သဘာဝပါပဲ။ ဒီ စိတ်ခံစားချက် အပြောင်းအလဲ မြန်တဲ့ ပြဿနာဟာ စိုးရိမ်စရာ စိတ်ကျန်းမာရေးအခြေအနေလို့ သတ်မှတ်လို့ မရပေမဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘဝနဲ့ ဘေးပတ်ဝန်းကျင်က လူတွေကို စိတ်ဒုက္ခပေးနေပြီဆိုရင်တော့ သေချာပြသကြည့်ဖို့ လိုပါတယ်။

    လူတွေ ထင်ထားတတ်ကြတဲ့ စိတ်ကျန်းမာရေးအလွဲလေး

    စိတ်ခံစားချက် အပြောင်းအလဲ မြန်ခြင်း (Rapid Mood Swing) ကို လူတော်တော်များများက စိတ်အတက်အကျမြန်ရောဂါ (Bipolar Disorder) အဖြစ် အမှတ်မှားတတ်ကြပြီး ကိုယ့်မှာ စိတ်ရောဂါရှိနေတယ်လို့ ခံယူတတ်ကြပါတယ်။ ဒီလက္ခဏာတွေဟာ စိတ်အတက်အကျမြန်ရောဂါနဲ့ ဆင်တူပေမယ့် လုံးဝချွတ်စွပ်တူတာမျိုးတော့ မဟုတ်ပါဘူး။

    စိတ်အတက်အကျမြန်ရောဂါမှာ စိတ်ဓာတ်အရမ်းတက်ကြွတဲ့ အပိုင်းနဲ့ စိတ်ဓာတ်က အောက်ဆုံးထိုးကျသွားတဲ့ အပိုင်းဆိုပြီး ၂ပိုင်းရှိပါတယ်။ တစ်ပိုင်းနဲ့ တစ်ပိုင်းကြား ကူးပြောင်းချိန်ဟာ အချိန်ကာလအားဖြင့် ရက်သတ္တပတ် အနည်းငယ်မှ လပိုင်းအထိ ကြာမြင့်နိုင်ပါတယ်။ စိတ်ခံစားချက် အပြောင်းအလဲမြန်တယ်ဆိုတာကတော့ လူတစ်ယောက်က ပျော်ရွှင်နေတဲ့အချိန်မှာ အကြောင်းအရာ တစ်ခုခုကို တွေးမိတာ၊ ဝမ်းနည်းစရာ သတင်းတစ်ခု ကြားလိုက်ရတဲ့အခါ ရုတ်တရက်ဆိုသလို ဝမ်းနည်းပူဆွေးတဲ့ စိတ်တွေ ဝင်လာတာမျိုးပါ။

    ပုံမှန်အားဖြင့် စိတ်ခံစားချက် အပြောင်းအလဲမြန်တဲ့ ပြဿနာဟာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေကြားမှာ အဖြစ်များပါတယ်။ ပညာရေး၊ ငွေကြေး၊ လူမှုရေး၊ အချစ်ရေး၊ မိသားစု ပြဿနာတွေအပြင် ဘဝအတွက် ကိုယ့်ခြေထောက်ပေါ် ရပ်တည်ဖို့ ကြိုးစားနေကြတဲ့ အရွယ်ဖြစ်တာကြောင့် ပိုပြီး စိတ်ခံစားချက်အပြောင်းအလဲ မြန်တတ်ပါတယ်။ ဒီပြဿနာကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ လုပ်ငန်းခွင်မှာ ပြဿနာ ကြီးကြီးမားမား မဖြစ်သေးသ၍ သိပ်ပြီး စိုးရိမ်စရာတော့ မလိုပါဘူး။

    ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ။

    ကိုယ့်ရဲ့ စိတ်မှာ ချက်ချင်းဆိုသလို အပြောင်းအလဲဖြစ်ပြီး စိတ်က တက်လိုက်၊ ကျလိုက်ဖြစ်တာဟာ အချိန်ပိုင်းလောက်သာ ကြာတတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ရက်တွေ၊ လတွေနဲ့ ချီပြီး ကြာနေပြီဆိုရင်တော့ စိတ်ရောဂါကုထုံး ပညာရှင်နဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။ စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်းဆိုတာ စိတ်ရောဂါတစ်ခုတော့ မဟုတ်ပေမဲ့ အခြေအနေ အရမ်းဆိုးလာတဲ့အခါ စိတ်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်လာစေနိုင်ပါတယ်။

    ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတာ၊ အိမ်ထဲမှာပဲ အောင်းနေပြီး လူတွေနဲ့ အဆက်အသွယ်ဖြတ်လိုက်တာ၊ ဘယ်သူနဲ့မှ စကားပြောချင်စိတ် မရှိတော့တာ၊ ကိုယ့်အသက်ကို ဒုက္ခပေးဖို့ နည်းအမျိုးမျိုးနဲ့ ကြံစည်တာ၊ သေကြောင်းကြံဖို့ အတွေးတွေ ဝင်လာပြီဆိုရင်လည်း အမြန်ဆုံး ပြသင့်ပါတယ်။

    စိတ်ခံစားချက် အပြောင်းအလဲ မြန်ခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုစိတ်ရောဂါတွေ ရှိနိုင်လဲ။

    လူတိုင်း စိတ်အတက်အကျ မြန်တယ်ဆိုတာ သဘာဝပဲဆိုပေမယ့် ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ့်ဘဝမှာ ဖြစ်ခဲ့ဖူးတဲ့ အရာတွေ၊ လက်ရှိ ကိုယ်ခံစားနေရတဲ့ စိတ်ခံစားချက်က ဘယ်လောက်ပြင်းထန်လဲ၊ တခြား အပြုအမူနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ ရော ဘာတွေပြောင်းလဲသွားလဲ စတဲ့ အချက်တွေပေါ် မူတည်ပြီး ဖြစ်နိုင်ခြေရှိတဲ့ စိတ်ရောဂါတွေ အများကြီးရှိပါတယ်။

    ဒီရောဂါတွေထဲမှာ

    • စိတ်အတက်အကျမြန်ရောဂါ (Bipolar Disorder)
    • စိတ်အလွန်အမင်းကျတဲ့ စိတ်ရောဂါ (Major Depressive Disorder)
    • နေ့စဉ်ရက်ဆက် ဖြစ်နေတဲ့ စိတ်ကျရောဂါ (Dysthymia)
    • ပုံမှန်မဟုတ်တဲ့ အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာ (Personality Disorder)
    • အမျိုးသမီးတွေမှာ တွေ့ရတဲ့ ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း (Hormonal Disorders) အပြင်

    မူးယစ်ဆေးဝါးနဲ့ အရက်သေစာ အလွန်အကျွံသောက်စားတဲ့ သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် စိတ်ဖိစီးမှုတွေ၊ ဘဝမှာ ကြုံတွေ့ရတဲ့ အပြောင်းအလဲတွေ၊ စားသောက်နေထိုင်မှုပုံစံ၊ အိပ်ချိန်မမှန်တာ၊ အိပ်ရေးမဝတာ၊ သောက်နေတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ကာကွယ်ဖို့နဲ့ ကုသဖို့ နည်းလမ်းတွေ

    ကိုယ့်ရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး ကုသလို့ ရမယ့် နည်းလမ်းတွေ၊ စိတ်ကုထုံးတွေကို ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ ညွှန်ကြားချက်အတိုင်း သေချာလိုက်လုပ်ဖို့ လိုအပ်တဲ့အပြင် တခြား ကိုယ်တိုင်လုပ်လို့ ရတဲ့ နည်းလမ်းတွေအနေနဲ့

    • အိပ်ချိန်၊ စားချိန် မှန်ပါစေ
    • နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပါ
    • ညဘက်မှာ အိပ်ရေးဝအောင် အိပ်ပါ
    • အစာအာဟာရ မျှတစွာ စားသုံးပါ
    • စိတ်ဖိစီးမှုကို လျှော့ချပါ
    • စိတ်ကို အေးချမ်းအောင် ထားပါ
    • အရာရာကို အကောင်းမြင်စိတ်ြဖင့် ကြည့်ပါ
    • ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်ခံပါ
    • မိသားစု၊ မိတ်ဆွေ၊ ချစ်သူတွေထံ ကိုယ့်ရဲ့ ပြဿနာတွေကို ဖွင့်ပြောပြပါ

    ဒါကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက် အပြောင်းအလဲမြန်တာ ကြာလွန်းနေတာ၊ ပုံမှန်မဟုတ်ဘူးလို့ ခံစားရပြီဆိုတာနဲ့ စိတ်ရောဂါကုထုံး ပညာရှင်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်ပြီး ပြဿနာကို အဖြေရှာသင့်ပါတယ်။ အလွယ်တကူ ကုသလို့ ရတဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တာကြောင့် စောစောသိတာနဲ့ ကုသမှုကို အမြန်ဆုံးခံယူတာ အကောင်းဆုံးပဲလို့ အကြံပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement