ကလေးတွေအတွက် ထမင်းဘူးပြင်ဆင်ပေးတဲ့အခါမှာ အရေးအကြီးဆုံးအချက်တစ်ခုက ကလေးတွေအတွက် တစ်နေ့တာလိုအပ်မယ့်အာဟာရဓာတ်ပြည့်ပြည့်ဝဝပါဝင်ဖို့ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့လယ်စာဖြစ်ဖို့က အသီးအရွက်၊ သစ်သီး၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် မာဏတွေကို သင့်တင့်မျှတစွာပါဝင်ပြီး ဆားနဲ့သကြားပါဝင်မှု မများဖို့ဘဲ ဖြစ်ပါတယ်။ အာဟာရမျှတတဲ့နေ့လည်စာက ကလေးကိုနေ့လယ်နေ့ခင်းမှာပင်ပန်းနွမ်းနယ်မှု မခံစားရအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
ကလေးတွေအတွက် အာဟာရပြည့်ဝတဲ့နေ့လယ်စာကို ဘယ်လိုပြင်ဆင်ပေးရမှန်းမသိဘဲ အခက်တွေ့နေရတဲ့မေမေတွေအတွက် အာဟာရပြည့်ဝတဲ့နေ့လယ်စာပြင်ဆင်ပုံလေးကိုဖော်ပြပေးလိုက်ပါတယ်။
ကလေးတွေကို အစားအသောက်ပြင်ဆင်ပေးတဲ့နေရာမှာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊အမျှင်ဓာတ်နဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံအောင် ပြင်ဆင်ပေးတာက ကလေးတွေကို အဝလွန်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးရာရောက်ပါတယ်။
ကလေးတွေအတွက် နေ့လယ်စာ ပြင်ဆင်ပေးတဲ့အခါ ကစီဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်တဲ့ အစေ့အဆန်တွေ ထည့်သွင်းပြင်ဆင်ပေးတာက တစ်နေ့တာလုံးအင်အားပြည့်ဝနေစေမှာဖြစ်ပါတယ်။ အစေ့အဆန်တွေ၊ ပေါင်မုန့်နဲ့ ပတ်စတာတွေမှာ ကစီဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။
ကလေးတွေကို အရိုးတွေ ကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်နှစ်မျိုးဖြစ်တဲ့ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်တွေရရှိနိုင်တဲ့ အရင်းအမြစ်ဖြစ်တဲ့ နို့ထွက်ပစ္စည်းတွေက နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပါဝင်ရမှာဖြစ်ပါတယ်။
ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေကိုလည်း တစ်နေ့ နှစ်ကြိမ်ကျွေးမွေးရမှာဖြစ်ပါတယ်။ အဆီမပါတဲ့အသား၊ ကြက်သား၊ ငါး၊ ဥအမျိုးမျိုး၊ ချိစ်၊ နို့၊ ပဲအမျိုးမျိုးတွေက ပရိုတင်းကြွယ်ဝတဲ့အစားအစာအုပ်စုမှာပါဝင်ပါတယ်။
ကလေးတွေအတွက် အစားအသောက်ပြင်ဆင်ပေးတဲ့နေရာမှာ အဆီနဲ့ အချိုဓာတ်၊ အငန်ဓာတ်ကဲတာမျိုးကတော့ ကလေးတွေကျန်းမာရေးအတွက် အကျိုးမပြုပါဘူး။ ကလေးတွေကို အချိုရည်တိုက်မယ်ဆိုရင်လည်း ကယ်လ်လိုရီနဲ့ သကြားဓာတ်ပါဝင်မှုနည်းတဲ့ အချိုရည်မျိုးကို ရွေးချယ်ပေးရပါမယ်။ ဖြစ်နိုင်ရင် ရေသန့်ကိုပဲ သောက်သုံးစေသင့်ပါတယ်။
ကလေးအတွက် နေ့လယ်စာထမင်းဘူးပြင်ဆင်ပေးတဲ့အခါ
- နို့ တစ်ခွက်၊ ဒိန်ချဉ်တစ်ခွက်စာ
- ချိစ် ၁၅ ဂရမ် ကနေ ၂၀ ဂရမ် (တစ်ခါစားစာ)
- ထမင်း (ကုန်လောက်တဲ့ပမာဏ)
- အရေခွံမပါတဲ့ ကြက်သား
- အဆီများတဲ့ ငါး (တူနာ၊ ဆယ်လ်မွန်)
- ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတစ်မျိုးမျိုး
- ပဲအမျိုးမျိုး
ကလေး နေ့လယ်စာစားသုံးပြီးတဲ့အခါ သောက်စရာတစ်ခုခု ပါဝင်သင့်ပါတယ်။ ရေဖြစ်ဖြစ်၊ နို့၊ သဘာဝသစ်သီးဖျော်ရည် စသဖြင့် လိုက်ဖက်မယ့်အခြား သောက်စရာတစ်ခုခုမျိုးပါဝင်သင့်ပါတယ်။ ကလေးအများစုက အရည်ကို လုံလုံလောက်လောက်မသောက်မိတတ်ကြပါဘူး။ ဒါကြောင့် ကလေးကို တစ်နေ့တာမှာ ရေလုံလောက်အောင်သောက်ဖို့ တိုက်တွန်းရမှာဖြစ်ပါတယ်။
ကလေးအနေနဲ့ ကိုယ့်မျက်စိကွယ်ရာမှာ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ မစားမိစေဖို့အတွက် နေ့လယ်စာအပြင် ဒိန်ချဉ် နဲ့ ကြက်ဥပြုတ်လိုမျိုး အစားအသောက်တွေကိုလည်း ထည့်ပေးလို့ရပါတယ်။ ကြက်ဥပြုတ်ထည့်ပေးတဲ့အခါ သတိထားရမှာက ကလေးက အခွံမခွာနိုင်တာကြောင့် ကြက်ဥကို တစ်ခါတည်း အခွံခွာပေးလိုက်ဖို့ဖြစ်ပါတယ်။ ကလေးကို အမျှင်ဓာတ်ရရှိစေပြီး အာလူးကြော်နဲ့ ချောကလက်တို့လိုမျိုး ကျန်းမာရေးအတွက် အထောက်အကူမပြုတဲ့အစားအစာတွေ စားချင်စိတ်နည်းသွားစေဖို့အတွက် ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေထည့်ပေးသင့်ပါတယ်။
နေကြာစေ့လိုမျိုး အစေ့အဆန်တွေကို အခွံနွှာပြီး ထည့်ပေးလို့လည်းရပါတယ်။ ပူတင်းထည့်ပေးတာကလည်း ကလေးဖွံဖြိုးမှုအတွက် အထောက်အကူပြုပေးပါတယ်။ အချိုနည်းတဲ့ ဘီစကစ်တွေ၊ ကွတ်ကီးတွေလည်းထည့်ပေးလို့ရပါတယ်။
ဒီနည်းလမ်းလေးတွေအတိုင်းမေမေတွေအနေနဲ့ ကိုယ့်ကလေးကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်မယ့် နေ့လယ်စာထမင်းဘူးကိုပြင်ဆင်နိုင်ပါစေကြောင်း။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။