backup og meta

ကလေးနှင့် နို့အာဟာရတိုက်ကျွေးခြင်း


Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးနှင့် နို့အာဟာရတိုက်ကျွေးခြင်း

    ကလေးမေမေတွေ မကြာခဏ မေးတတ်တဲ့ ပြဿနာတွေထဲမှာ ကလေးကို တစ်နေ့ဘယ်နှကြိမ် နို့တိုက်သင့်လဲ၊ တစ်ခါတိုက်ရင် ဘယ်လောက်ပမာဏ တိုက်သင့်လဲ၊ ကလေးက နို့ဆာပြီဆိုရင် ဘယ်လိုပြုမူတတ်လဲ အစရှိတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတရအောင် ဝေမျှပေးချင်ပါတယ်။

    ကလေးကို တစ်နေ့ ဘယ်နှကြိမ် နို့အာဟာရတိုက်ကျွေးသင့်လဲ။

    ကလေးမွေးပြီး ပထမလမှာ ၈ကြိမ်ကနေ ၁၂ကြိမ်အထိ နို့တိုက်ကျွေးသင့်ပါတယ်။ ကလေးတွေအတွက် မိခင်နို့ဟာ နို့မှုန့်ထက်ပိုပြီး အစာကြေလွယ်စေတာကြောင့် ဗိုက်အဆာမြန်တယ်။ အဲ့တော့ မေမေတွေအနေနဲ့ မိခင်နို့ကို ပိုပြီး တိုက်ကျွေးဖို့ လိုအပ်ပါတယ်။ မကြာခဏနို့တိုက်ရတဲ့ မေမေတွေမှာ နို့ထွက်အားလည်း ပိုကောင်းလာပါတယ်။

    မိခင်နို့တစ်မျိုးတည်းကိုသာ သောက်သုံးတဲ့ ကလေးတွေ အသက် ၁လ ကနေ ၂လ အရွယ်မှာ တစ်နေ့ကို ၇ကြိမ်ကနေ ၉ကြိမ်ထိ နို့တိုက်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် တစ်နာရီခွဲကနေ ၃နာရီခြား တစ်ခါ အချိန်ခြားပြီး နို့တိုက်ပေးရပါမယ်။ ကလေးတွေ ကြီးလာတာနဲ့အမျှ နို့တိုက်တဲ့အကြိမ်ရေ နည်းသွားမှာဖြစ်ပြီး မေမေတွေအနေနဲ့လည်း ကိုယ့်ကလေး ဘယ်အချိန် နို့တိုက်ရမလဲဆိုတာ အချိန်ခန့်မှန်းလို့ ရပါပြီ။

    ကလေးတွေနို့ဆာပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။

    မေမေအများစု လုပ်တတ်တဲ့ အရာကတော့ ကလေးငိုမှ နို့ဆာပြီထင်ပြီး နို့တိုက်ကြတာပါ။ ကလေးဟာ ငိုနေပြီဆိုရင်တော့ နို့ဆာတာ အချိန်တော်တော် ကြာနေပါပြီ။ ဒါကြောင့် ကလေး နို့ဆာတဲ့ အချိန်ထိ မစောင့်ပဲ ကြိုပြီး နို့တိုက်ပေးတာ အကောင်းဆုံးပါပဲ။ ကလေးနို့ဆာပြီဆိုရင်

    • ခေါင်းကို မကြာခဏ ဘေးဘက်ကို ရွှေ့တာ
    • ပါးစပ် ဟစိ ဟစိ ဖြစ်နေတာ
    • လျှာထုတ်နေတာ
    • လက်ချောင်းလေးတွေကို ပါးစပ်ထဲ မကြာခဏ ထည့်ထားတာ
    • နို့စို့ချင်တဲ့ ပုံစံနဲ့ နှုတ်ခမ်းလေးကို စုပြီး ထော်နေတာ
    • မိခင်ရဲ့ ရင်သားကို နှာခေါင်းနဲ့ ပွတ်သီးပွတ်သပ်လုပ်တာ အစရှိတဲ့ အမူအကျင့်တွေ လုပ်တတ်ပါတယ်။

    ကလေးငိုတာဟာ နို့အဆာလွန်တာကြောင့်လည်း ဖြစ်သလို အပွေ့ဖက်ခံချင်တာ၊ ကလေးသေးခံ လဲစေချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးကို တစ်ယောက်ထဲ လွှတ်ထားလို့ ကြာလာရင် ပျင်းသွားတာ၊ ရာသီဥတုကြောင့် တအားပူတာ၊ အေးတာမျိုးဆိုရင်လည်း ငိုတတ်ပါတယ်။ အရမ်းဆာနေတဲ့အချိန်မှာ ကလေးကို နို့တိုက်ရင် နို့ပြန်အန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    ဘယ်လောက်ပမာဏ နို့တိုက်ပေးရမလဲ။

    မွေးပြီး ၂၄နာရီအတွင်းမှာ ကလေးရဲ့ အစာအိမ်ဟာ အလွန်သေးငယ်တဲ့အတွက် မိခင်နို့ 7mL ဒါမှမဟုတ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲစာလောက်ပဲ သောက်နိုင်မှာပါ။ ၃ရက်ကြာရင် 22-27mL ၊ တစ်ပတ်အကြာမှာ 45-60mL ၊ ၂ပတ်အကြာမှာ 80-150mL ထိ သောက်နိုင်လာပါပြီ။

    ကလေးတွေမှာ နို့သောက်နိုင်တဲ့ ပမာဏ တစ်ဦးနဲ့ တစ်ဦး မတူညီတာကြောင့် ကိုယ့်ကလေး နို့ဝပြီလားဆိုတာကို မေမေတွေအနေနဲ့ အမြဲ ကြည့်နေပေးဖို့ လိုပါတယ်။ မိခင်အနေနဲ့ အပြင်သွားစရာရှိရင် အလုပ်သွားစရာရှိရင် နို့ဘူးထဲ ကြိုတင်နို့ညှစ်သိမ်းဆည်းထားပေးဖို့ လိုပါတယ်။

    နို့တိုက်နေတဲ့အချိန်မှာ ကလေးရဲ့ အမူအရာကို အကဲခတ်ပြီး လေ့လာနေပါ။ နို့စို့တာ နှေးလာပြီ၊ နို့စို့ရတာ စိတ်မပါတော့တာ၊ မိခင်နို့၊ နို့ဘူးဆီကနေ မကြာခဏ ခေါင်းဖယ်တာ အစရှိတဲ့ အပြုအမူကို တွေ့ရပြီဆိုရင် ကလေးနို့ဝနေပါပြီ။ ပုံမှန်အားဖြင့်တော့ မွေးကာစ ကလေးတွေမှာ မိနစ် ၂၀ခန့် တစ်ဖက်စီ နို့စို့တတ်ပြီး အသက်ကြီးလာတာနဲ့အမျှ ၅မိနစ်ကနေ ၁၀မိနစ်လောက်သာ ကြာနိုင်ပါတယ်။

    ကလေး နို့ဝ၊ မ၀ ဘယ်လိုသိနိုင်မလဲ။

    မေမေတွေအနေနဲ့ နို့တော့ တိုက်လိုက်တယ်။ ကိုယ့်ရဲ့ ကလေး နို့ဝပါ့မလားဆိုပြီး စိတ်ပူနေတတ်ရင်တော့ ဒီအချက်လေးတွေကို လေ့လာကြည့်လို့ ရပါတယ်။

    နို့တိုက်ပြီးတဲ့အခါမှာ ကလေးမျက်နှာမှာ ဗိုက်ဝသွားတဲ့ အရိပ်အယောင်မြင်ရတာ၊ ကလေးသေးခံအဝတ်ကို တစ်နေ့ ၄ကြိမ်ကနေ ၆ကြိမ်အထိ လဲရတာ၊ ဝမ်းမှန်တာ၊ ကောင်းကောင်းအိပ်ပျော်တာ၊ နိုးလာတဲ့အခါမှာ ကလေးက တက်ကြွနေတာ၊ ပျော်ရွှင်နေတာ၊ ကိုယ်အလေးချိန်တက်လာတာ တွေ့ရပြီဆိုရင်တော့ ကိုယ့်ရဲ့ ကလေး နို့ဝတာ သေချာပါတယ်။

    ဒီအချက်တွေ မတွေ့ရဘူးဆိုရင်တော့ ကိုယ့်ရဲ့ ကလေးကို မိခင်နို့မထွက်တာလား၊ ကလေးက နို့ကောင်းကောင်း မစို့နိုင်တာလား ဆိုတာ သေချာသိဖို့ ဆရာဝန်နဲ့ သေချာပြကြည့်ပါ။ မိခင်နို့မှာ ကလေးတွေကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်၊ သတ္တုဓါတ်တွေ အလုံအလောက်ပါဝင်တာကြောင့် ကိုယ့်ရဲ့ ကလေးကို မွေးပြီး ၆လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ မှန်မှန်တိုက်ကျွေးပေးဖို့ အရေးကြီးပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement