မိခင်နို့ရဲ့ ၄ရာခိုင်နှုန်းက အဆီပါ။ ကလေးလိုအပ်တဲ့ ကယ်လိုရီရဲ့ တစ်ဝက်နီးပါးကို ဒီအဆီတွေက ရတာပါ။ ဒါမှ ကလေးက အသက်အလိုက် ဝိတ်တက်လာမှာပါ။ ဒါ့ပြင် ဒီအဆီတွေက ကလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးဖို့လည်း လိုအပ်ပါတယ်။
ဒီမှာ ပရိုတိန်းလို့ ပြောတာ လူတွေ သိထားပြီးသား ဖြစ်တဲ့ အသားဓာတ်ထက်ပိုပါတယ်။ အင်ဇိုင်းတွေ၊ ပဋိဇီဝပစ္စည်းတွေ၊ ဟော်မုန်းတွေ အားလုံးပါပါတယ်။ ဒီတော့ တစ်ခုချင်းစီ ပြန်ကြည့်ရအောင်။
အင်ဇိုင်း – အင်ဇိုင်းမှာ တချို့က နို့မှာပါတဲ့ အဆီတွေ၊ ပရိုတင်းတွေကို ချေဖျက်ပေးသလို တချို့ကလည်း ပိုးမွှားတွေ ဒဏ်ကနေ ကာကွယ်ပေးပါတယ်။
ပဋိဇီဝပစ္စည်း – ပဋိဇီဝပစ္စည်းဆိုတာ ပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့အတွက် ကလေးကို မကြာခဏ ဖျားနာတာမျိုး၊ ဝမ်းလျှောတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မိခင်နို့မှာ အဓိကပါတဲ့ ပဋိဇီဝပစ္စည်းက IgAဖြစ်ပြီးတော့ ကလေးရဲ့ အဆုတ်နဲ့ အစာခြေစနစ်ကို အဓိက ကာကွယ်ပေးပါတယ်။ ကလေးက လမစေ့ဘဲ မွေးရင် ပဋိဇီဝပစ္စည်းပိုလိုပါတယ်။ ဆက်စပ်ပြီး ပြောရရင် မိခင်နို့မှာ သွေးဖြူဥဆဲလ်တွေလည်း ပါတဲ့အတွက် ကလေးကို ပိုးမွှားတွေ ဒဏ်ကနေ ဘက်ပေါင်းစုံက ကာပေးနေတာပါ။
ဟော်မုန်း – အမေနို့မှာ သိုင်းရွိုက်ဟော်မုန်းတွေ၊ ကြီးထွားဟော်မုန်းတွေ၊ နို့ထွက်စေတဲ့ ပရိုလက်တင်တွေ ပါပါတယ်။ ဒီဟော်မုန်းတွေက ကလေးကြီးထွားစေဖို့အပြင် ကလေးအိပ်တဲ့ပုံစံ၊ စားတဲ့ပုံစံနဲ့ အမေနဲ့ ကလေးကြားက စိတ်ခံစားမှု (သံယောစဉ်)ကိုပါ ကောင်းစေပါတယ်။
နောက်ထပ် အမေနို့မှာပါတဲ့ နာမည်ကြီး ပရိုတင်းကတော့ lactoferrinလို့ ခေါ်ပြီး ကလေးရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကာကွယ်ပေးပါတယ်။
လူကြီးတွေလိုပဲ ကလေးတွေလည်း ဗီတာမင်နဲ့ သတ္တုဓာတ်စားရပါတယ်။ ကလေးတွေကတော့ အမေနို့က ရတာပေါ့။ အမေနို့မှာ ကလေး အရိုးတွေ သန်မာဖို့၊ မျက်လုံးနဲ့ အရေပြားတွေ ကျန်းမာဖို့ လိုအပ်တဲ့ ဗီတာမင်တွေ ပါပါတယ်။ သတ္တုဓာတ်မှာဆိုလည်း သံဓာတ်၊ ဇင့်၊ ကယ်ဆီယမ်၊ ဆိုဒီယမ်၊ ကလိုရိုက်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ် စတာတွေ ပါပါတယ်။
ဒါပေမယ့် အမေက အစားရှောင်မယ်ဆိုရင်တော့ နို့ထဲမှာ တချို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့ နေမှာပေါ့။ ဒါဆိုရင်တော့ ကလေးက သူငယ်နာဖြစ်ပြီး စိုးရိမ်ရတတ်ပါတယ်။ ဒီလို မဖြစ်အောင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေး သောက်ဖို့ အကြံပေးချင်ပါတယ်။
ဒီလောက်ဆိုရင်တော့ မေမေတွေ မိခင်နို့ကို စိတ်ချလက်ချ တိုက်လို့ ရပါပြီ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။