backup og meta

သားသားမီးမီးတွေရဲ့ ဝမ်းဗိုက်ကလေး ကျန်းမာနေစေဖို့ အရေးပါလှတဲ့ Probiotics


Ye Zon Aung မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားမီးမီးတွေရဲ့ ဝမ်းဗိုက်ကလေး ကျန်းမာနေစေဖို့ အရေးပါလှတဲ့ Probiotics

    ဝမ်းတစ်လုံး မကောင်းရင် သိပ်ခေါင်းခဲရတယ်လို့ အဆိုရှိတယ်မဟုတ်လား။ လူကြီးတွေတောင် ခက်ခဲလှတဲ့ ဒီလို အစာခြေစနစ်နဲ့ အစာအိမ်ပြဿနာမျိုးတွေဟာ သားသားမီးမီးတွေ အတွက်ဆို ဘယ်လောက်တောင် ဆိုးရွားလိုက်မလဲနော်။

    ငယ်ရွယ်သေးတဲ့ သားသားမီးမီးတွေရဲ့ အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာစေဖို့ ဘယ်လို ပံ့ပိုးပေးရကြမလဲ။

    သားသားမီးမီးတွေ အသက် ၂ နှစ်ခွဲအရွယ်မတိုင်ခင်မှာ အစာအိမ်ထဲက Microbiota တွေစတင် ဖြစ်ပေါ်လာပါတယ်။ အဆိုပါကာလအတွင်း ကလေးရဲ့ အစာအိမ်ကျန်းမာရေးအခြေအနေဟာ သူ့ရဲ့ ကြီးပြင်းလာမယ့် ဘဝတလျှောက်လုံးအပေါ် သက်ရောက်မှုရှိသွားလိမ့်မယ်ဆိုတာကို သင်နားလည်ထားဖို့ လိုမှာဖြစ်ပါတယ်။

    အရွယ်ရောက်ပြီး လူကြီးတစ်ယောက်ရဲ့ အစာခြေစနစ်ထဲမှာ ဘက်တီးရီးယားပေါင်း ၁၀၀ ထရီလီယံကျော် ရှိနေမှာဖြစ်ပြီး ပိုးမွှားမျိုးစိတ်ပေါင်း ၄၀၀ ကျော်အထိရှိနေမှာဖြစ်ပေမယ့် မွေးဖွားပြီးကာစ ဖွံ့ဖြိုးဆဲ သားသားမီးမီးတွေရဲ့ အစာအိမ်ထဲမှာတော့ ဒီလိုအကျိုးပြုပိုးမွှားလေးတွေ အမြောက်အများ ရှိမနေသေးပါဘူး။

    အစာအိမ်အတွင်းက အစာခြေဘက်တီးရီးယားလေးတွေရဲ့ ဟန်ချက်ညီညွတ်မှုဟာ ရေရှည်မှာ ကလေးအတွက် အဝလွန်ရောဂါ၊ ကိုယ်အလေးချိန် အတက်အကျမြန်တာ၊ ရောင်ရမ်းမှုနဲ့ သက်ဆိုင်တဲ့ရောဂါတွေဖြစ်ပွားတာ၊ ဓာတ်မတည့်မှုဝေဒနာဖြစ်ပွားတာတွေ ဖြစ်ပွားနိုင်ခြေရှိ၊မရှိနဲ့ တိုက်ရိုက် သက်ဆိုင်နေမှာဖြစ်ပါတယ်။ အစာအိမ်ထဲက အဆိုပါပိုးမွှားလေးတွေဟာ ဦးနှောက်၊ အသည်း၊ ကျောက်ကပ်တို့ရဲ့ ကျန်းမာသန်စွမ်းမှုအပေါ်မှာလည်း လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် ကလေးရဲ့ အစာအိမ်နဲ့ အစာခြေစနစ် ကောင်းမွန်နေမှသာ ကလေးရဲ့ ကျန်းမာရေးကောင်းမွန်နေမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

    Probiotics လေးတွေရဲ့ အစွမ်း

    အစာအိမ်ထဲမှာရှိတဲ့ ဘက်တီးရီးယားလေးတွေဟာ လူကြီးတွေအတွက်သာမက ချစ်စဖွယ် သားသားမီးမီးတွေရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်ဆိုတာကို သင်သိလောက်ပြီထင်ပါရဲ့။ ဒါဆို သားသားမီးမီးတွေရဲ့ အစာခြေစနစ်နဲ့ အူ၊ အစာအိမ်တွေ ကျန်းမာနေစေဖို့ ဘယ်လို လုပ်ပေးကြမလဲ။

    အကောင်းဆုံးနည်းလမ်းကတော့ Probiotics လို့ ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေပါဝင်တဲ့ အစားအစာတွေကို ဖြည့်စွက်ကျွေးမွေးတာပဲ ဖြစ်ပါတယ်။

    Probiotics ဆိုတာဟာ လူ့ခန္ဓာကိုယ်နဲ့ အစာခြေစနစ်အတွက် အလွန်အထောက်အကူပြုတဲ့ သက်ရှိဇီဝပိုးမွှားလေးတွေဖြစ်ပါတယ်။ Probiotics တွေဟာ လူတွေကို အကျိုးပြုတဲ့ ပိုးမွှားတွေပါ။ ဒီအရာတွေက သင်ကျန်းကျန်းမာမာရှိနေစေဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ သားသားမီးမီးတွေရဲ့ ဝမ်းဗိုက်နဲ့ အစာခြေစနစ် ကျန်းမာနေစေဖို့အတွက် Probiotics တွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။

    Probiotics ဆိုတာ တစ်မျိုးတည်းလား

    မဟုတ်ပါဘူး။ Probiotics အမျိုးအစားများစွာရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။

    Lactobacillus ဆိုတဲ့အမျိုးအစားဟာ တွေ့ရအများဆုံး Probiotics အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ ဒီအမျိုးအစား Probiotics တွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီး အစာကြေလွယ်ပြီး အစာခြေစနစ်ကို အထောက်အပံ့ပေးပါလိမ့်မယ်။

    Bifidobacterium အမျိုးအစားကိုတော့ နို့ထွက်ပစ္စည်းတွေမှာတွေ့ရတာများပါတယ်။ အခြားအစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

    Saccharomyces Boulardii ကတော့ Probiotics ထဲမှာတွေ့ရတဲ့ တစေးတစ်မျိုးပါ။ ဝမ်းလျှောတာနဲ့ အခြားအစာခြေစနစ်ဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

    အမျိုးအစားတွေ ဘယ်လိုပင်ကွဲပြားနေပါစေ Probiotics တွေအားလုံးဟာ သားသားမီးမီးတွေရဲ့ အစာအိမ်ကို အကျိုးပြုပေးတာခြင်းတော့ အတူတူပဲဖြစ်ပါတယ်။ Probiotics တွေကို မိခင်နို့ချိုကနေ အဓိကရရှိနိုင်ပါတယ်။ ဒါ့အပြင် နို့ထွက်ပစ္စည်းတွေ၊ ဒိန်ချဉ်၊ Cereal ၊ အမျှင်ဓာတ်ပါဝင်တဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကနေလည်း ရရှိနိုင်ပါသေးတယ်။

    သားသားမီးမီးတို့ကို Probiotics က ဘယ်လိုအကျိုးပြုသလဲ

    တကယ်လို့ သင့်ရဲ့ သားသားမီးမီးတွေမှာ ကူးစက်ရောဂါတစ်ခုခုဖြစ်နေပြီ ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီဆိုရင် Probiotics ဖြည့်စွက်စာတွေ ကျွေးမွေးပေးတာက ကနဦး ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ Probiotics တွေ များများဖြည့်စွက်ပေးခြင်းအားဖြင့် သားသားမီးမီးတွေရဲ့ အစာအိမ်အတွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ ပိုမိုများပြားလာမှာဖြစ်ပြီးတော့ ကူးစက်ရောဂါတွေ၊ ရောင်ရမ်းနာကျင်မှုတွေကို ဖြစ်ပွားစေဖို့ တွန်းအားပေးမယ့် မကောင်းတဲ့ပိုးမွှားတွေကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းဖောဝမ်းရောင်၊ ဝမ်းကိုက်၊ ဝမ်းလျှော၊ ဝမ်းသွားရခက်တာ၊ Antibiotic နဲ့ ဆက်နွယ်နေတဲ့ ဝမ်းပျက်ရောဂါ၊ Crohn’s disease ၊ ကူးစက်တတ်တဲ့ ဝမ်းရောဂါမျိုးတွေ မဖြစ်အောင်လည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။ အစာအိမ်အချဉ်ပေါက်တာလို ရောဂါမျိုးတွေကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲရတော့ဘူးပေါ့။ သားသားမီးမီးတို့ရဲ့ ဝမ်းဗိုက်လေး ကျန်းမာနေတဲ့အခါ ကိုယ်ခံအားစနစ်၊ ခံတွင်းကျန်းမာရေးနဲ့ ယားနာကင်းစင်တဲ့ အကျိုးကျေးဇူးတွေလည်း ရဦးမှာပါ။

    ဒါပေမယ့် Probiotics တွေကို ပုံမှန်ဖြည့်စွက်ကျွေးမွေးတာမျိုးနဲ့ ရောဂါဘယဝေဒနာခံစားရချိန်မှာ အထောက်အကူဖြစ်စေဖို့ ထည့်သွင်းဖြည့်စွက် ကျွေးမွေးတာမျိုး ပိုမိုပြုလုပ်သင့်တယ်ဆိုတာပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement