အစာခြေစနစ်ဟာ ကလေးတွေမှာ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုပါ။ မေမေ့ဗိုက်ထဲမှာတုန်းကတော့ မေမေစားသမျှက ကလေးဆီတန်းရောက်တာမို့လို့ ပြဿနာ မရှိဘူးဆိုပေမယ့် မွေးလာတဲ့ အခါမှာတော့ ကိုယ့်အားကိုယ်ကိုးပြီး အစာခြေရတော့မယ်လေ။ ကလေးတစ်ယောက်မှာ အစာခြေစနစ် မကျန်းမာဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ အာဟာရမပြည့်ဝတာလိုမျိုးကနေ ဦးနှောက်ကောင်းမွန်စွာမဖွံ့ဖြိုးတာတွေအထိ ရှိနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့အစာခြေစနစ်တစ်ခုဖြစ်နေအောင် မိဘတွေအနေနဲ့ ဘယ်လိုကူညီပေးလို့ရနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။
အစာခြေစနစ်လေး ကျန်းမာအောင် ဘာလုပ်ကြမလဲ။
အရင်တုန်းကတော့ အစာသန့်၊ ရေသန့်၊ လက်သန့်တဲ့။ ဒါတွေသန့်နေရင် ကလေးရဲ့ အစာခြေစနစ်မှာ ရောဂါမဖြစ်နိုင်ပါဘူးတဲ့။ ဒါလည်း မှန်ပါတယ်။ ပြီးတော့ ကလေးကို မိခင်နို့ပဲ တိုက်ရမယ်။ ဖြည့်စွက်စာ ကျွေးတဲ့အရွယ်ရောက်ရင် အာဟာရစုံလင်အောင် ကျွေးရမယ်တဲ့။ ဒါပေမယ့် ဘယ်လောက်ပဲ အပေါ်က ကျွေးကျွေး၊ အောက်က အစာခြေစနစ်က ကောင်းကောင်း မစုပ်ယူနိုင်ဘူးဆိုရင် အလဟဿပါပဲ။
ခုနောက်ပိုင်းကျတော့ ပိုပြီးလေ့လာစမ်းသပ်မှုတွေ လုပ်လာကြတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ၊ ဘက်တီးရီးယားအစာတွေ ရှိပါလားဆိုတာ သိလာကြပါပြီ။ မွေးစက ကလေးရဲ့ အူလမ်းကြောင်းက အင်မတန် သန့်ရှင်းပါတယ်။ ဘာပိုးမှ မရှိပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ကလေးက အစာစားတော့မယ်ဆိုရင် အစာနဲ့အတူ ပိုးတွေ ပါလာနိုင်ပါတယ်။ ဒီပိုးတွေကို ခံနိုင်ရည်ရှိနေဖို့ အကျိုးပြုဘက်တီးရီးယားတွေက ကူညီပေးပါတယ်။ သူတို့ကို Probiotics လို့ ခေါ်ပါတယ်။ Probiotics တွေက ကလေးရဲ့အစာခြေလမ်းကြောင်းထဲမှာ နေထိုင်ပြီးတော့
• ကလေးတွေမှာ လေနာကင်းစေတယ်။
• ဝမ်းပျက်ဝမ်းလျှောခြင်း ကာကွယ်ပေးတယ်။ ကုသနိုင်တယ်။
• ဝမ်းချုပ်ခြင်း နဲ့ ဗိုက်ပွခြင်းကို သက်သာစေတယ်။
• ကလေးတွေမှာ ဖြစ်တတ်တဲ့ နှင်းခူကို သက်သာစေတယ်။
• အူတွင်းလုပ်ဆောင်ချက်တွေကို ထိန်းညှိပေးတယ်။
• ကလေးရဲ့ ရောဂါခုခံနိုင်စွမ်းကို မြှင့်တင်ပေးတယ်။
• ဗီတာမင်နဲ့သတ္တုဓါတ်တွေ စုပ်ယူနိုင်စွမ်း ပိုကောင်းစေတယ်။
• အစာစားချင်စိတ်ဖြစ်စေတယ်။
• အစာချေဖျက်မှုကောင်းမွန်စေတယ်။
• အူနဲ့ပတ်သက်တဲ့ရောဂါပိုးတွေကို သဘာဝအလျောက် ခုခံကာကွယ်နိုင်စေတယ်။
• ဓာတ်မတည့်မှုတွေကို ကာကွယ်ပေးတယ် စတဲ့ မေမေတို့ လိုချင်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒီခေတ်မှာ probiotics တွေ နာမည်ကြီးလာတာပေါ့။
သူနဲ့အတူ Prebiotics ဆိုတာလည်း ရှိပါသေးတယ်၊ သူတို့လေးတွေကတော့ အကျိုးပြုဘက်တီးရီးယားတွေရဲ့ အစာပေါ့။ သူက ကြာရှည်ခံတယ်။ အပူချိန်လည်း ခံနိုင်တယ်။ အက်စစ်တွေ၊ အစာခြေရည်ဒဏ်လည်း ခံနိုင်တယ်။ ဒါကြောင့် သူ့ရဲ့ နေရာဖြစ်တဲ့ အူမကြီးကို မပျက်မစီးဘဲ ရောက်သွားတယ်။ အစားအသောက်တွေ၊ ဖြည့်စွက်အာဟာရတွေမှာလည်း အာနိသင်မလျော့ဘဲ ထည့်သွင်းလို့ရတဲ့အတွက် ဒီဘက်ခေတ်မှာ ခေတ်စားလာပါတယ်။
အကျိုးပြုဘက်တီးရီးယားအစာ lcFOS
lcFOS ဆိုတာ အကျိုးပြုဘက်တီးရီးယားအစာ Prebiotics အမျိုးအစားပါပဲ။ Long chain fructo-oligosaccharide လို့ ခေါ်ပါတယ်။ သူက ဘက်တီးရီးယားအစာဖြစ်တဲ့အတွက် အူလမ်းကြောင်းထဲမှာ ရှိပြီးသား အကျိုးပြု ဘက်တီးရီးယားတွေကို ပွားစေပြီး probiotics တွေအတိုင်း အစာခြေစနစ်ကို ကောင်းကျိုးပြုပါတယ်။
• ဘယ်ကနေ ရနိုင်မလဲ။
သဘာဝအတိုင်း မိခင်နို့မှာလည်း ပါသလို အမျှင်ဓာတ်များတဲ့ အစားအစာတွေ ဖြစ်တဲ့ ပဲ၊ ငှက်ပျောသီး၊ ဘယ်ရီသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကညွန့်တို့ကနေလည်း ရနိုင်ပါတယ်။ ဖြည့်စွက်စာ အနေနဲ့တော့ ကလေး အာဟာရဖြည့် နို့မှုန့်တွေ၊ ပေါင်မုန့်တွေ၊ ဒိန်ချဉ်တွေ၊ ကွတ်ကီးတွေမှာ ပါတတ်ပါတယ်။
• ဘယ်လို ရွေးချယ်ကြမလဲ။
မွေးစက ခြောက်လအထိတော့ မိခင်နို့သာ အကောင်းဆုံးပါပဲ။ Prebiotics ပါတာခြင်း တူပေမယ့် မိခင်နို့မှာ ပဋိဇီဝပစ္စည်းတွေ၊ အစာခြေအင်ဇိုင်းတွေ၊ ဟော်မုန်းတွေပါတဲ့အတွက် ကလေး အတွက် ပိုကောင်းပါတယ်။ ခြောက်လကျော်သွားရင်တော့ မိခင်နို့နဲ့အတူ ဖြည့်စွက်စာကျွေးလို့ ရပါပြီ။ မိခင်နို့က ကလေးအသက် ၂နှစ်ကျော်တဲ့အထိ တိုက်လို့ရပါတယ်။ ဖြည့်စွက်စာမှာလည်း Prebiotics ကြွယ်ဝတဲ့ အသီးအရွက်တွေကို ထည့်ကျွေးပေးပါ။
မိခင်နို့ဆက်တိုက်ဖို့ အခက်အခဲရှိတဲ့သူတွေကတော့ ဖြည့်စွက်စာအပြင် ဖြည့်စွက်အာဟာရမှုန့်တွေကိုပါ တိုက်ကျွေးလို့ ရပါပြီ။ ဒီအခါမှာ ကလေးရဲ့ အစာခြေစနစ်ကို ကျန်းမာစေတဲ့ lcFOS လိုမျိုး Prebiotics ပါဝင်တဲ့ ဖြည့်စွက်အာဟာရမှုန့်တွေကို ရွေးချယ်သင့်ပါတယ်။
ကျန်းမာပျော်ရွှင်တဲ့ ကလေးဆိုတာ မေမေတိုင်းရဲ့ ဆုလာဘ်ပါ။ ကိုယ့်ကလေးကျန်းမာပျော်ရွှင်ဖို့ အဓိကကျတဲ့ အစာခြေစနစ်ကို ကျန်းမာအောင် ဂရုစိုက်ပါ။ အစာခြေစနစ်ကို ကျန်းမာစေတဲ့ Prebiotics တွေကို ထည့်သွင်းကျွေးမွေးဖို့ မမေ့ကြပါနဲ့။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။