Teething ဆိုတာ ကလေးတွေရဲ့ ပထမဦးဆုံးသွား ( ငယ်သွား ) ထွက်ပေါ်လာတာကို ဖော်ပြတဲ့ အသုံးအနှုန်းပါ။ အသက် ၆လလောက် ရောက်တဲ့အခါမှာ သင့်ကလေးဟာ သူ့ရဲ့ ပထမဆုံးသွား စပေါက်လာတတ်ပါတယ်။ ဒါပေမယ့် teething မှာ စောတာ နောက်ကျတာတွေလဲ ရှိတတ်ပါတယ်။ သင့်ကလေး အသက် ၃နှစ်အရွယ်ရောက်ရင် သူ့မှာ ငယ်သွား အချောင်း ၂၀လောက် ပိုင်ဆိုင်ထားပြီး ဖြစ်ပါလိမ့်မယ်။ ဒီလို သင့်ကလေး ငယ်သွားစပေါက်တဲ့အချိန်မှာ ဘာတွေ ဂရုစိုက်ပေးရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။
Teething timeline ( ငယ်သွားပေါက်မယ့် အချိန်စာရင်း )
ငယ်သွားတွေက အစုံလိုက် ပေါက်လေ့ရှိပါတယ်။ အလယ်က ၂ချောင်းက အရင်ပေါက်မယ်။ ပြီးရင် သူ့အပေါ်က ၂ချောင်းက နောက်တစ်လအကြာလောက်မှာ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် တချို့ကလေးငယ်တွေမှာ အပေါ်သွား လုံးဝမပေါက်သေးဘဲ အောက်သွားချည်း ၄ချောင်းလောက် ထွက်ပေါ်တတ်ပါတယ်။ ယေဘုယျကျတဲ့ teething timeline ကို ဖော်ပြပေးထားပါတယ်။
- ၅လ ( ၄လ မှ ၇လ အတွင်းလောက် ) ငယ်သွားစပေါက်ပါမယ်။
- ၆လ ( ၅လ မှ ၇လ အတွင်းလောက် ) အောက်ဖက် အလယ် ရှေ့သွားများ။
- ၇လ ( ၆လ မှ ၈လ အတွင်းလောက် ) အပေါ် အလယ် ရှေ့သွားများ။
- ၉လ မှ ၁၆လ ( ၉လ မှ ၁၂လ အတွင်းလောက် ) အပေါ် ဘေးဖက် ရှေ့သွားများ၊ ပြီးရင် အောက် ဘေးဖက် ရှေ့သွားများ။
- ၁၄လ ( ၁၂လ မှ ၁၅လ အတွင်းလောက် ) ပထမဆုံး အံသွားများ။
- ၁၈လ ( ၁၆လ မှ ၂၂လ အတွင်းလောက် ) သွားစွယ်များ။
- ၂၆လ ( ၂၀လ မှ ၃၀လ အတွင်းလောက် ) ဒုတိယ အံသွားများ။
- ၂၆လ ( ၂၅လ မှ ၃၃လ အတွင်းလောက် ) ဒုတိယ အပေါ်အံသွားများ၊ ပြီးရင် ဒုတိယ အောက်အံသွားများ။
ငယ်သွား ပေါက်ခြင်းရဲ့ လက္ခဏာရပ်တွေက ဘာတွေလဲ။
သင့်ကလေး ငယ်သွားစပေါက်လာတော့မယ်ဆိုရင်
- အရာဝတ္ထုတွေကို ကိုက်ဝါးမယ်
- သွားယားတဲ့အတွက် မြင်မြင်သမျှ ကိုက်မယ်၊ နို့စို့ရင်း အမေ့နို့ကို ကိုက်မယ်
- ပေါက်ကာစ၊ ပေါ်ကာစသွားနဲ့အတူ သွားဖုံးက ရောင်ပြီး နီရဲနေမယ်
- သွားရည် ကျတာများမယ်
- ပုံမှန်ထက် ပိုယောက်ယပ်ခတ်နေမယ်
- သူ့နားသူ ဆွဲနေမယ်
- အစာစားတဲ့ အကျင့် ပြောင်းလဲလာမယ်
သင့်ကလေး သက်သာအောင် ဘယ်လိုကူညီမလဲ
- သင့်ကလေးရဲ့ သွားဖုံးကို သင့်ရဲ့ သန့်ရှင်းတဲ့ လက်ချောင်းနဲ့ တစ်ခါကို ၂မိနစ်လောက် ပွတ်တိုက်ပေးပါ။ အစပိုင်းမှာ ကလေးက ငြင်းလောက်ပေမယ့် ဒါက တကယ်စိတ်ကျေနပ်မှု ပေးနိုင်တာပါ။
- သင့်ကလေးကို ဘေးဥပဒ်မဖြစ်စေမယ့် ဝါးစရာတစ်ခုခု ပေးထားပါ။
- အတော်နာကျင်တတ်လို့ သင့်ကလေးကို သူတို့အရွယ်အတွက် သတ်မှတ်ထားတဲ့ အကိုက်အခဲ ပျောက်ဆေး တိုက်ကျွေးနိုင်ပါတယ်။ ပါရာစီတမော တိုက်လို့ရပါတယ်။
- သွားတိုက်ဆေးမှာပါတဲ့ ဆေးတွေက သင့်ကလေးအတွက် ဘေးဖြစ်စေတတ်တာကြောင့် အသုံးမပြုခင် သေချာစဉ်းစားရွေးချယ်ပါ။ တချို့သွားတိုက်ဆေးတွေက သင့်ကလေးရဲ့ လည်ချောင်းကို ထုံစေနိုင်ပြီး မျိုချတဲ့အခါ အခက်အခဲ ဖြစ်တတ်ပါတယ်။
ငယ်သွား ပေါက်တဲ့အခါ လုံးဝမလုပ်သင့်တဲ့ အရာများ
- အစာ အမာများ၊ မုန်လာဥများ၊ အေးခဲနေသော ပေါင်မုန့်အကွင်းများ သို့မဟုတ် အေးခဲနေသော ငှက်ပျောသီးများ စတဲ့ အစာမာမာတွေကို သင့်ကလေးဝါးဖို့ မပေးရပါဘူး။ ဒါတွေက တစ်စဆီကွဲပြီး သင့်ကလေးကို သီးစေတတ်ပါတယ်။
- သင့်ကလေးရဲ့ သွားဖုံးကို အရက်ပြန်နဲ့ မပွတ်တိုက်ရပါဘူး။ ဒါက ဘာမှ မဖြစ်လောက်ဘူးလို့ ထင်ရပေမယ့် အရက်ပြန်က ပမာဏနည်းတယ်ဆိုရင်တောင် သင့်ကလေးကို အဆိပ်သင့်စေနိုင်ပါတယ်။
သင့်ကလေး ငယ်သွားစပေါက်တဲ့အချိန်မှာ ကူညီခြင်း နဲ့ပတ်သက်လို့ သိလောက်ပြီထင်ပါတယ်။
ရေးသားသူ- Wuthun Myat Chal
[embed-health-tool-baby-poop-tool]