backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဘေဘီလေးတွေမှာဖြစ်တဲ့ သွားရည်ကျတာက ဖွံ့ဖြိုးမှုရဲ့ အဆင့်တစ်ခုပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘေဘီလေးတွေမှာဖြစ်တဲ့ သွားရည်ကျတာက ဖွံ့ဖြိုးမှုရဲ့ အဆင့်တစ်ခုပါ

သားသားက သွားရည်တွေပဲကျနေတာ။ သူငယ်နာမစင်တာလားဆိုတဲ့ အတွေးတွေရှိနေတဲ့မေမေဖေဖေတို့ရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ဘေဘီလေးတွေမှာဖြစ်တဲ့ သွားရည်ကျတာက ဖွံ့ဖြိုးမှုရဲ့ အဆင့်တစ်ခုပါ။

ဘေဘီလေးနဲ့ သွားရည်ကျခြင်း

ကလေးက သွားရည် ကျတယ်၊ ဘူးမှုတ်တယ်ဆိုတာက ခံတွင်းကြွက်သားတွေဖွံ့ဖြိုးတာဖြစ်သလို ကလေးတစ်ယောက်မှာရှိသင့်တဲ့ ကြီးထွားဖွ့ဖြိုးမှု အဆင့်တစ်ခုပါ။ ဒီလိုသွားရည်ကျတာက ကလေးအသက် ၃ လကနေ ၆လအတွင်းမှာဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဘေဘီလေးတွေ သွားရည် ထွက်ရတာက သွားပေါက်ချင်နေတဲ့ လက္ခဏာတစ်ခုဆိုလည်း ဟုတ်ပါတယ်။

ဒါကြောင့် ကလေးက သွားရည် ထွက်တိုင်း သူငယ်နာမစင်တာမျိုးလို့ မတွေးစေချင်ပါဘူး။ စားဖို့ဝါးဖို့ ပြင်ဆင်မှုတစ်ရပ်ဖြစ်တာကြောင့် သားသားမီးမီးတို့ကို အစားအစာတွေ မိတ်ဆက်ခွင့်ရတော့မယ်ဆိုပြီး ဝမ်းတောင်ဝမ်းသာသင့်ပါတယ်။

၁ လ ကနေ ၃ လအတွင်း

သွားရည်အမြဲကျနေတာမျိုး မရှိပါဘူး။ အကြောင်းကတော့ ကလေးက ပက်လက်အနေအထားပဲ အမြဲနေနေရတာကြောင့်ပါ။ ၃ လနောက်ပိုင်းမှ ကလေးက ထိုင်တဲ့အခါ မတ်မတ်လေးနေတဲ့ အခါမျိုးမှာ သွားရည် ကျတာမျိုးဖြစ်လာနိုင်ပါတယ်။

၆ လအရွယ်

သွားရည် ကျတာကို နည်းနည်းထိန်းထားနိုင်တဲ့အရွယ်ရောက်လာပြီဆိုပေမယ့် တစ်ခုခုကိုလိုချင်တဲ့အခါ၊ စိတ်ဝင်စားနေတဲ့အခါ၊ အရုပ်တွေကို အာရုံဝင်စားစွာဆော့တဲ့အခါမျိုးမှာ သွားရည်ကျနိုင်ပါတယ်။ သွားထွက်ချင်တာကြောင့်လည်း ဒီအရွယ်မှာ ကလေးက ပုံမှန်ထက်သွားရည်ပိုကျနိုင်ပါတယ်။

၉ လအရွယ်
ကလေးကလေးဖက်စသွားပြီ။ သွားရည် ကျတာက လျော့သွားနိုင်ပေမယ့် ဆက်ကျနေနိုင်ပါသေးတယ်။ အကြောင်းကတော့ သွားထွက်နေချိန်မို့ သွားရည်ထွက်နေတာပါ။
၁၅ လအရွယ်
ကလေးက လမ်းလျှောက်တတ်ပြီ။ ပြေးလွှားဆော့တတ်ပြီ ဒါပေမယ့် သွားရည်ကျတာကတော့ မပျောက်သွားသေးပါဘူး။ ကြွက်သားတွေက စတင်ဖွံ့ဖြိုးလှုပ်ရှားပြီ။ တစ်ခုခုကို အာရုံစိုက်ချိန်မှာ သွားရည်က ကျနိုင်ပါသေးတယ်။ သွားထွက်နေချိန်တွေမှာလည်း သွားဖုံးယားတာကြောင့် သွားရည် ကျနိုင်ပါတယ်။

၁၈ လအရွယ်

အရင်ကလိုမျိုး သွားရည် ကျတာမျိုးမရှိတာ့ပါဘူး။ လုပ်နေကျအလုပ်တွေကို လုပ်နေချိန်မှာ ပုံမှန်အတိုင်းလုပ်နိုင်ပါပြီ။ သွားရည် မကျတော့ပါဘူး။ အစားစားချိန်မှပဲ တစ်ခါတလေ သွားရည် ကျတာမျိုးဖြစ်နိုင်ပါတယ်။

၂၄ လအရွယ်

ဒီအချိန်မှာတော့ သွားရည် ကျတာက မရှိသလောက် ဖြစ်သွားပါပြီ။ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စ တစ်ခု ဖြစ်သွားပါပြီ။

သွားရည်ရဲ့ အခန်းကဏ္ဍ

  • အစား စားတဲ့အခါ အစာအစာတွေ ပျော့ပျောင်းစေဖို့ စိုစွတ်စေဖို့ လုပ်ပေးပါတယ်။
  • ခံတွင်းမခြောက်အောင် လုပ်ဆောင်ပေးပါတယ်။
  • အစားအစာတွေ မျိုချရလွယ်စေဖို့ လုပ်ဆောင်ပေးပါတယ်။
  • ကလေးရဲ့ သွားတွေကို ကာကွယ်ပေးပါတယ်။
  • အစာအိမ် အက်ဆစ်ပမာဏကို ညီမျှစေတယ်။

ဒီအချက်တွေကြောင့် ဘေဘီလေးက သွားရည်ထွက်ရတာပါ

ဘေဘီလေးတွေ သွားရည် ကျရတဲ့ အချက်တွေက တစ်ချက်မကရှိနိုင်ပါတယ်။

  • နို့နံ့၊ အစားအသောက်နံ့တွေ ရတာကြောင့်
  • သွားပေါက်ချင်တာကြောင့်
  • ခံတွင်းကြွက်သားတွေ ဖွံ့ဖြိုးလာတာကြောင့်
  • တစ်ခုခုကို အာရုံစိုက်ထားတာကြောင့် သွားရည်ထွက်ရတာပါ။

ဂရုပြုရမယ့် အခြေအနေတွေက

သွားရည်ကျတာက ဘေဘီလေးမှာ ကြီးထွားဖွံ့ဖြိုးမှုလက္ခဏာတစ်ခုဆိုပေမယ့် တစ်ခါတလေမှာတော့ ကျန်းမာရေးပြဿနာတွေကြောင့်လည်းဖြစ်နေနိုင်ပါတယ်။

ဒီလိုအခြေအနေဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်သွားပါ

  • ကလေးက ရုတ်တရက် သွားရည်တွေ အများကြီးကျလာမယ်။
  • စကားမပြောနိုင်တော့ဘူး၊ အသံမထွက်တော့ဘူး။
  • ပါးစပ်ထဲမှာ ပြင်ပအရာဝတ္ထု တစ်ခုခု ဝင်နေမယ်။
  • အသက်ရှူကျပ်နေတာမျိုး ဆိုရင်တော့ ကုသမှု အမြန်ဆုံး ခံယူဖို့လိုအပ်ပါမယ်။

ကလေးက သွားရည်ကျတိုင်း သူငယ်နာကြောင့် မဟုတ်ပါဘူးနော်။ နို့စို့ရာကနေ အစားအစာတွေကို ဝါးစားနိုင်စေဖို့ ပါးစပ်ကြွက်သားတွေ ဖွံ့ဖြိုးလာမှုရဲ့ လက္ခဏာ တစ်ခုဖြစ်တာကြောင့် မေမေတို့ အနေနဲ့ ကလေး သွားရည်ထွက်တာကို အရမ်း မစိုးရိမ်ဖို့ ပြောပါရစေ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement