backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ …….

ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ အနှောင်းသေချာမယ်ဆိုတဲ့ စကားပုံလို့ပေါ့။

ဘေဘီလေးတစ်ယောက် မွေးဖွားမှု ဖြစ်စဉ်ကတော့ ဘေဘီလေးကို ကိုယ်ဝန်ရရှိမယ်။ ကိုယ်ဝန်ဆောင်မယ်။ မွေးဖွားမယ်။ ဒီဖြစ်စဉ်တွေကို ဖြတ်ကျော်ရတာ မလွယ်ကူသလို မွေးဖွားပြီးချိန်မှာ ဘေဘီလေးကို ကျန်းကျန်းမာမာ ဘေးကင်းကင်းနဲ့ မွေးဖွားနိုင်လို့ ဝမ်းသာစရာကောင်းတယ်ဆိုပေမယ့် ဘေ​ဘီလေးကို အကောင်ဆုံး ဖြစ်အောင် ပျိုးထောင်ပေးရမယ့် စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်အရှည်ကြီးက စောင့်ကြိုနေပါတယ်။ ဘေဘီလေးတွေကို မျိုးထောက်ရတာက စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ ပျော်ရွှင်မှုတွေရော စိုးရိမ်မှုတွေရော ရောထွေးနေတဲ့ မိဘတွေရဲ့ ဝတ္တရားတွေထဲက တစ်ခုပါ။

ဒီအခြေအနေက အသစ်စက်စက် မေမေဖေဖေတို့အတွက် ပိုပြီးခက်ခဲနိုင်ပါတယ်။ ဒီလို ဘေဘီလေးကို ပျိုးထောင်ချိန်မှာ ကိုယ်တိုင်က ကျန်းမာဖို့ လိုသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေဖို့ကလည်း လိုအပ်ပါတယ်။

ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ လိုအပ်တဲ့ အကူအညီ ရယူပါ

ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ ဘေဘီလေးကို အကောင်းဆုံး ပျိုးထောင်ချင်တဲ့ ဆန္ဒလေး ပြည့်ဝဖို့ဆိုရင် လိုအပ်တဲ့ အကူအညီတွေကို ရယူပါ။ ကျွမ်းကျင်သူတွေဆီကနေ၊ သူနာပြုတွေဆီကနေ ဘေဘီလေးကို ဘယ်လိုမျိုး နို့ချိုတိုက်ကျွေးရမလဲ။ မိခင်နို့ မထွက်ခဲ့ရင် ဘယ်လိုမျိုး ဖော်မြုလာနို့က ကလေးနဲ့ သင့်တော်မလဲ။ ကလေးကို ဘာတွေ သတိထားပေးရမလဲ။ ဘယ်လို ချီပွေ့ရမလဲ၊ အဝတ်အစား ဘယ်လို လဲပေးရမလဲဆိုတာတွေကိုပါ အသေးစိတ်လေး မေးပါ။

ကလေးကို အိမ်ခေါ်လာပြီဆိုရင် ဘေဘီလေးကို ပြုစုစောင့်ရှောက်ရာမှာ အတွေ့အကြုံရှိပြီးသူတွေဖြစ်တဲ့ မေမေ၊ ဘွားဘွားတွေဆီမှာ မေးမြန်းသင်ယူလို့ ရပါတယ်။ ဘွားဘွားတွေက အရမ်းအသက်ကြီးနေပြီဆိုရင်တော့ ကလေးထိန်းကျွမ်းကျင်တဲ့ အကူတွေကို ငှားပြီး ကလေးပြုစုမှု တာဝန်တွေကို ကူခိုင်းတာမျိုး လုပ်ပေးလို့ ရပါတယ်။

ဆွေမျိုးတွေ နဲ့ မိတ်ဆွေတွေဆီကနေလည်း အကူအညီရယူတာမျိုး လုပ်ပေးလို့ ရပါတယ်။ အတွေ့အကြုံတွေ ဝေမျှတာမျိုးပေါ့။ ကလေးကို အရမ်းငယ်သေးတဲ့အချိန်မှာ လူအများကြီးနဲ့ ထိတွေ့စေတာမျိုးတော့ မလုပ်ပါနဲ့။ ဧည့်သည်တွေလာတာကို ကန့်သတ်ဖို့ အားမနာပါနဲ့။

မွေးကင်းစ ဘေဘီလေးကို စောင့်ရှောက်မှု နည်းလမ်း

ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ဆိုရင် ကလေးတွေကို စောင့်ရှောက်တဲ့အခါ ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

  • ဘေဘီလေးကို မချီပွေ့ချင်မှာ လက်တွေကို သေချာဆေးကြောပါ – ကလေးလေးတွေမှာ ကိုယ်ခံအားစနစ်က ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့် ကလေးကို ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ကလေးကို မချီခင်မှာ လက်တွေကို ရေနဲ့ဆပ်ပြာ သုံးပြီး သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပါ။ ရေအလွယ်တကူ မရှိဘူးဆိုရင် ရေမလိုလက်သန့်ဆေးရည် အသုံးပြုပေးပါ။
  • ကလေးရဲ့ ခေါင်းနဲ့ ဇက်ပိုင်းကို ထိန်းပေးပါ – ကလေးကို ပွေ့ချီတဲ့အခါ ဦးခေါင်းနဲ့ ဇက်ပိုင်းကို လက်ကလေးနဲ့ ထိန်းပြီး ချီပေးပါ။ ကလေးကို မိတ်မတ်လေးပဲချီချီ၊ ပွေ့ပဲထားထား ဒီအချက်ကို မမေ့ပါနဲ့။
  • ကလေးကို လှုပ်ခါတာမျိုး မလုပ်ပါနဲ့ –  ကလေးကို လှုပ်ခါတာက ဦးနှောက်ထဲမှာ သွေးယိုစီးစေပြီး အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို လှုပ်ခါတာ၊ လှုပ်နှိုူးတာတွေ မလုပ်ပါနဲ့။ ကလေးကို အိပ်နေရာက နှိုးချင်တယ်ဆိုရင် ပါးလေးတွေကို လေလေးနဲ့ မှုတ်ပြီး နှိုးတာ၊ ခြေဖဝါးလေးတွေကို လက်ကလေးနဲ့ ကုတ်ပြီးနှိုူးတာမျိုး လုပ်ပေးလို့ ရပါတယ်။
  • ကလေးကို ဘေးကင်းရဲ့လား သေချာအောင် လုပ်ပါ – ကလေးကို ကားနဲ့ ခေါ်သွားရင်ဖြစ်ဖြစ် တွန်းလှည်းထဲ ထည့်တွန်းပြီး ခေါ်သွားရင် ဖြစ်ဖြစ် ကလေးကို ခါးပတ်တွေ သေချာ ပတ်ထားပေးမိရဲ့လား။ ကလေးကို ဘေးကင်းတဲ့ အနေအထားဖြစ်အောင် သေချာ လုပ်ပေးထားမိရဲ့လားဆိုတာကို ဂရုတစိုက် စစ်ဆေးပါ။
  • ကလေးကို ကြမ်းကြမ်းတမ်းတမ်း ဆော့ကစားတာမျိုး မလုပ်ပါနဲ့ – ကလေးက အရမ်းငယ်ရွယ်နုနယ်သေးတာကြောင့် ကြမ်းကြမ်းတမ်းတမ်း ဆော့ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတာကို သတိရပါ။ ကလေးကို ဒူးပေါ်တင်ပြီး တကူကူးကူ ဆော့တာ၊ လေထဲ ပစ်မြှောက်တာမျိုး မလုပ်ပါနဲ့။

ဘေဘီလေးကို အနှီးထုတ်မယ်

မွေးကင်းစ ဘေဘီလေးတွေကို အနှီးထုတ်တာက ရင်းနှီးကျွမ်းဝင်တဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဘေဘီလေးကို အနှီးထုတ်တာက ရှေးယခင်ကာလတွေကတည်းက လိုက်နာကျင့်သုံးခဲ့တဲ့ လုပ်ရိုးလုပ်စဉ် တစ်ခုပါ။ အနှီးထုတ်တာက ဘေဘီလေးကို နွေးထွေးစေပြီး ကောင်းကောင်း အိပ်ပျော်စေပါတယ်။

အနှီးထုတ်တဲ့အခါ လေဝင်လေထွက်ကောင်းတဲ့ ချည်သားလေးက အဆင်အပြေဆုံးပါ။ ဒီအနှီးပိတ်တွေကို သေချာ ပိုးသတ်သန့်စင် လျှော်ဖွတ်ထားဖို့ကတော့ လိုပါမယ်။ ဒါမှ ဘေဘီလေးရဲ့ အသားအရေကို ထိခိုက်မှု နည်းစေမှာဖြစ်သလို ပိုးမွှားတွေ အန္တရာယ်ကနေလည်း ကာကွယ်နိုင်မှာပါ။ အနှီးထုတ်တာက ဘေဘီလေးတွေကိုလည်း လုံခြုံမှု ရှိတယ်လို့ ခံစားရစေပါတယ်။ ဒီတော့ ဘေဘီလေးကို သေချာ အနှီးထုတ်တတ်ဖို့က မဖြစ်မနေသိထားသင့်တဲ့ အရာတစ်ခုပေါ့။ ဖေဖေက မသိရင်တောင် မေမေက သိထားဖို့လိုပါမယ်။

အနှီးထုတ်တဲ့အခါ အရေးအကြီးဆုံးက ဘေဘီလေး သက်သောင့်သက်သာဖြစ်နေစေဖို့ပါ။ အနှီးကို သက်သောင့်သက်သာလေး ထုတ်ပေးတာက ဘေဘီလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး အာရုံကြောတွေ ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အထောက်အကူပြုနိုင်ပါတယ်။ ဒီတော့ ဘေဘီ​လေးကို သက်သောင့်သက်သာဖြစ်အောင် အနှီးထုတ် ကြည့်ရအောင်လား……….

  • အရင်ဆုံး အနှီးပိတ်ကို ပြန့်ပြန့်လေး ဖြန့်ပါ။
  • အနားလေးတစ်ဖက်ကို တြိဂံပုံစံ မကျတကျ ခပ်စောင်းစောင်းလေး အတွင်းဘက်ကို ခေါက်လိုက်ပါ။
  • ပြီးရင် ဘေဘီလေးကို အနှီးပိတ်ပေါ် ပက်လက်အနေအထားလေး ထားပေးပါ။
  • ခေါင်းလေးကို တြိဂံပုံ မကျတကျ ခေါက်ထားတဲ့ အနှီးစလေးနဲ့ သိုင်းလိုက်ပါ။
  • ပြီးရင် ဘေဘီလေးရဲ့ ဘယ်ဘက်က အနှီးစကို ယူပြီး ဘေဘီလေးကို ထုတ်ပါ။ ခါးအောက်ဘက်ထဲကို အနှီးစလေး ထည့်ပါ။ ညာဘက်လက်ကို လွှတ်ထားပေးပါ။
  • ပြီးရင် ဘေဘီလေးရဲ့ ညာဘက်က အနှီးစလေးကို ယူပြီး ထုတ်လို့ အနှီးစလေးကို အပေါ်ကို ခေါက်လိုက်ပါ။ တင်ပါးဆီကို ခပ်ဖွဖွလေး ခေါက်လိုက်ပါ။
  • ပြီးရင် မျက်နှာလေးကို သေချာပေါ်အောင် အနှီးလေးကို မေးစေ့အောက်ကို သေချာလေး ဆွဲချပေးပါ။
  • အနှီးထုတ်တဲ့အခါ မပွမချောင် သပ်သပ်ရပ်ရပ်လေး ထုတ်ပေးပါ။ ဒီလိုပြောရတာက အနှီးကို ခပ်ပွပွထုတ်တဲ့အခါ ဘေဘီလေးက လွန့်ရင်းလူးရင်း အနှီးပြေပြီး မျက်နှာပေါ် အုပ်မိတဲ့အခါ မလိုအပ်ပဲ မွေးကင်းစကလေးငယ် ရုတ်တရက်သေဆုံးတာကို ဖြစ်စေနိုင်တာကြောင့်ပါ။
  • နောက်ဆုံး သတိထားရမယ့် တစ်ချက်က ဘေဘီလေးရဲ့ အနှီးကို ဓာတုပစ္စည်းတွေပါတဲ့ ဆပ်ပြာမှုန့်တွေနဲ့ လျှော်တာ၊ မဲနယ်တွေ ပြာနေအောင် စိမ်တာမျိုး မလုပ်ပါနဲ့။ ဘေဘီလေးရဲ့ အသားအရေကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ပရုတ်လုံးနဲ့လည်း မသိမ်းပါနဲ့။ G6PDချို့တဲ့တဲ့ ကလေးတွေအတွက် အန္တရာယ်ရှိပါတယ်။
  • ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

    ဘေဘီလေးကို သေးခံလဲပေးမယ်

    အသစ်စက်စက် မေမေဖေဖေတို့အတွက် သေးခံလဲတာကလည်း ခက်ခဲနိုင်ပါတယ်။ ဘေဘီလေးကို သေးခံလဲပေးမယ်ဆိုရင် ပထမဆုံးလုပ်ရမယ့် အချက်ကလိုအပ်တဲ့ ပစ္စည်းတွေကိုပြင်ဆင်ဖို့ပါ။ ပြီးမှ တစ်ဆင့်ချင်းစီ လုပ်ပေးရုံပါနော်။

    လိုအပ်တာတွေကဘာတွေဖြစ်မလဲ………..

    • သန့်စင်ခြောက်သွေ့နေတဲ့ သေးခံအသစ်
    • သန့်ရှင်းရေးလုပ်ပေးဖို့ ဂွမ်းစ၊ ရေ ဒါမှမဟုတ် wet tissue
    • လွှင့်ပစ်စရာပုံး ဒါမှမဟုတ် အမှိုက်အိတ်
    • သေးခံလောင်တာကို ကာကွယ်ဖို့လူးပေးတဲ့ ခရင်မ် ဒါမှမဟုတ် Baby Oil
    • ရေမလိုလက်သန့်စင်ဆေးရည် တို့ကို လိုအပ်မှာဖြစ်ပါတယ်။

    တစ်ဆင့်ချင်းစီ သန့်စင်လဲလှယ်ပေးမယ်

    ဘေဘီလေးကို သေးခံလဲပေးတော့မယ်ဆိုရင်

    • လက်ကိုအရင်သန့်စင်ပါ။ လက်ကနေ ဘက်တီးရီးယားတွေ ဘေဘီလေးဆီကို မကူးစက်စေဖို့ပါ။
    • အရင်ဆုံး အနှီးသန့်သန့် ဒါမှမဟုတ် သေးခံခင်းကို ခင်းပေးပါ။
    • လိုအပ်မယ့်ပစ္စည်းတွေကို ယူပါ။
    • သန့်စင်ပေးမယ့် ပစ္စည်းတွေကို အဆင်သင့်ယူထားပါ။
    • ဘေဘီလေးရဲ့ ခြေထောက်နှစ်ဖက်ကို လက်တစ်ဖက်နဲ့စုကိုင်လို့ အပေါ်ကိုနည်းနည်းလောက်မြှောက်ကိုင်ပေးပါ။
    • ဂွမ်းစကို ရေစွတ်ပြီး ကလေးကို အညစ်အကြေးတွေကို အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပေးပါ။ ဒါမှ ဘေဘီဂဲလ်လေးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်တာ မဖြစ်မှာပါ။
    • ရေခြောက်အောင် ဂွမ်းစလေးနဲ့တို့သုတ်ပေးပါ။
    • သေးခံအသစ်ကို ကလေးခါးအောက်ကိုနေရာတကျထားပေးပါ။
    • Nappy Cream လူးပေးပါ။
    • သေးခံကို အရမ်းလည်းမလျော့အရမ်းလည်း မလျော့တဲ့အနေအထားနဲ့ ဝတ်ဆင်ပေးပါ။
    • ပြီးရင်လက်ကိုသန့်စင်အောင်ပြန်ဆေးကြောပါ။
    • ဘေဘီကို အဝတ်အစားဝတ်ပေးလိုက်ပါ။

    ဘေဘီလေးကို သေးခံ မကြာခဏလဲပေးဖို့ လိုပါမယ်။ ဘေဘီလေးကို သေးခံအစိုကြီးနဲ့ အကြာကြီးထားမိမယ်ဆိုရင် သေးခံလောင်တာ ဖြစ်စေနိုင်ပါတယ်။ သေးခံလောင်တာကို သေချာဂရုမစိုက်ဘဲ ထားမယ်ဆိုရင် အရေပြား ပိုးဝင်တာ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို သေးခံ မလောင်စေဖို့အတွက် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။

    ဘေဘီလေး သေးခံ မလောင်စေဖို့

    • ကလေးကို သေးခံစိုတာနဲ့ လဲပေးပါ
    • ကလေးကို သေးခံလဲတိုင်း သန့်ရှင်းရေးလုပ်ပေးပါ
    • သန့်ရှင်းရေးလုပ်ပြီးတိုင်း ရေခြောက်အောင် သုတ်ပါ
    • သေးခံကို ချောင်ချောင်ချိချိဝတ်ဆင်ပေးပါ
    • တစ်ခါတလေ ကလေးကို သေးခံမဝတ်ဘဲ ထားပေးပါ
    • Diaper Rash Cream တစ်ခုခုလူးပေးပါ။ သေးခံလောင်တာ ၃ ရက်အထိ မသက်သာဘူး။ ပိုဆိုးလာမယ်ဆိုရင် အရေပြား ပိုးဝင်တာမျိုး ဖြစ်စေနိုင်တာကြောင့် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။

    ဘေဘီလေးကို ရေချိုးပေးကြမယ်

    ကလေးငယ်ကို ရေချိုးပေးတဲ့အခါ ပထမဆုံး လိုက်နာရမယ့် အချက်က ကလေးကို ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရေချိုးနေစဉ်  တစ်ယောက်တည်း ထားခဲ့တာမျိုး မလုပ်ပါနဲ့။ တစ်မိနစ်လောက်တောင် မထားခဲ့ပါနဲ့။ ကလေးက ငယ်လွန်းတာကြောင့် ရေတစ်လက်မလောက်မှာတောင် ရေနစ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။

    ကလေးငယ်ကို ရေမချိုးပေးခင်ကတည်းက လိုအပ်မယ့်အရာတွေဖြစ်တဲ့ တဘက်၊ခေါင်းလျှော်ရည်၊အစိုဓါတ်ထိန်းခရင်မ်တွေကို တစ်ခါတည်းယူထားပါ။ လိုအပ်တဲ့ အရာအားလုံးကို အသင့်ယူထားရပါမယ်။

    ကလေးကိုရေချိုးပေးနေချိန်မှာ လက်နှစ်ဖက်လုံးနဲ့ ထိန်းထားဖို့မဖြစ်နိုင်ရင်တောင်မှာ ကလေးကို လက်တစ်ဖက်နဲ့ အမြဲထိန်းပေးထားရပါမယ်။ ရေချိုးပေးနေချိန်မှာ တံခါးဘဲလ်မြည်တာ၊ ဖုန်းမြည်လာတာမျိုးရှိမယ်ဆိုရင် ပြန်ဖြေဖို့လိုပါမယ်။ ဒီလိုဆိုရင် ကလေးကိုရေချိုးပေးနေတာကိုရပ်ပြီး တဘက်နဲ့ထွေးပြီး တစ်ပါတည်းခေါ်သွားပေးပါ။

    ကလေးက လူကြီးတွေနဲ့ ကိုယ်အပူချိန်မတူတာကို မေ့မထားပါနဲ့။ ဒါကြောင့် ကလေးကိုရေချိုးပေးတဲ့အခါ ရေအရမ်းပူတာ၊ အရမ်းအေးတာမျိုးတွေကို မသုံးပါနဲ့။ ရေကျက်သီးနွေးက ကလေးငယ်တွေအတွက် သက်သောင့်သက်သာဖြစ်စေပါလိမ့်မယ်။ ကလေးက အလွယ်တကူ အအေးမိနိုင်တယ် ဆိုတာကိုလည်း အမြဲသတိထားပေးပါ။ ဒါကြောင့် ရေချိုးပေးတဲ့အခါ မြန်မြန်လေးချိုးပေးပါ။

    ရေဖွင့်ထားတုန်း ကလေးကို ရေချိုးဇလုံထဲမှာ ထည့်ထားတာမျိုး မလုပ်ပါနဲ့။ ရေအပူချိန်ကို လက်၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်တို့နဲ့ ထိပြီး စမ်းသပ်ကြည့်ပါ။ ရေက ကလေးငယ်အတွက် သင့်တော်တဲ့ အပူချိန် ရှိနေတာ သေချာစေဖို့ပါ။ ကလေးငယ်လေးတွေနဲ့ လမ်းလျှောက်တတ်စ သားသားမီးမီးလေးတွေကရေအေးအေးတွေကို ပိုကြိုက်တတ်ကြပါတယ်။

    မွေးကင်းစနဲ့ လသားကလေးတွေအတွက်ကတော့ ရေကို အများဆုံး ၂ လက်မ ကနေ ၄လက်မလောက်ပဲထည့်ပါ။ ရေချိုးတဲ့ဂျယ်လ်က ချော်လဲတာမျိုး ဖြစ်စေနိုင်တာကြောင့် ကလေးကိုရေချိုးနေတုန်း မတ်တတ်ထရပ်တာမျိုးမလုပ်ဖို့ သင်ပေးထားပါ။

    ဆပ်ပြာရည်တွေက ကလေးငယ်ရဲ့ ဆီးလမ်းကြောင်းကို ကျိန်းစပ်စပ်ဖြစ်စေနိုင်တာကြောင့် ကလေးငယ်ကို ဆပ်ပြာရည်ထဲမှာစိမ်ပြီးရေချိုးပေးတာမျိုးမလုပ်ပါနဲ့။ ကလေးငယ်မှာ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး ဖြစ်နိုင်ခြေ များနိုင်တာကြောင့်ပါ။

    နောက်တစ်ခုကတော့ ကလေးကိုရေချိုးပေးတဲ့အနီးအနားမှာ ဆံပင်အခြောက်ခံစက်၊ ဆံပင်လိပ်စက်၊ မုတ်ဆိတ်ရိတ်စက်တွေလိုမျိုး လျှပ်စစ်ပစ္စည်းတွေကိုမထားမိဖို့ သတိထားရပါမယ်။

    ဘေဘီလေးအတွက် အာဟာရ ကျွေးမယ်။

    ဘေဘီလေးကို အသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ပေးလို့ ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မေမေနို့တိုက်ဖို့ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖော်မြူလာနို့ တိုက်ပေးလို့ ရပါတယ်။ ဘေဘီလေးကို ၂ နာရီ ၃ နာရီခြား တစ်ခါ နို့တိုက်ပေးဖို့ လိုပါမယ်။ တစ်ခါတိုက်ရင် ၁၀ မိနစ် ကနေ ၁၅ မိနစ်ကြာလောက် နို့တိုက်ပေးပါ။

    အသက် ၆ လပြည့်ပြီဆိုရင်တော့ ထမမ်း ခပ်ပျော့ပျော့ကို ကြေနေအောင် ကြိတ်ထားတာ၊ ပဲနီလေး၊ မုန်လာဥနီ အနှစ်တိုက်ထားတာတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျွေးပေးလို့ ရပါပြီ။ မိခင်နို့ကိုလည်း ဆက်တိုက်နေရပါမယ်။ ရေနည်းနည်း စတိုက်လို့ရပါပြီ။

    လေထုတ်ပေးမယ်

    ဘေဘီလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ လေနာတာပါ။ ဒါကြောင့် လေနာ ပြဿနာ ကင်းစေဖို့ဆိုရင် ဘေဘီလေးကို တစ်ခုခု စားပြီးတိုင်းမှာ ပေါက်ပေါ်မှာ မှောက်ရက်လေးထားပြီး ကျောရိုးလေးတစ်လျှောက်ကို ခပ်ဖွဖွလေး နှိပ်ပေးပြီး လေထုတ်ပေးမယ်။ ပုခုံးပေါ်မှာ မတ်မတ်လေး မှောက်ရက်သား အနေအထားနဲ့ထားပြီး လေထုတ်ပေးပါ။

    အစားစားပြီးပြီးချင်း လေထုတ်တာမျိုး မလုပ်ပါနဲ့။ ၁၀ မိနစ် – ၁၅ မိနစ်လောက်နေမှ လေထုတ်ပေးပါ။ တစ်ခုခု ကျွေးပြီးတိုင်း ကလေးကို မတ်မတ်လေး ထားပေးပါ။ ဒါမှ ပြန်အန်တာမျိုး မရှိမှာပါ။

    ဘေဘီလေးရဲ့ အိပ်စက်မှု အကြောင်း

    မွေးကင်းစ ဘေဘီလေး တစ်ယောက်က အချိန်တိုင်းလိုလို အိပ်နေတာက သူတို့လေးတွေ သူတို့ တာဝန် သူတို့ ထမ်းဆောင်နေတာပါ။ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လို့ မစိုးရိမ်ပါနဲ့နော်။ မွေးစ ကလေးလေးတစ်ယောက်က တစ်နေ့ကို ၁၁ နာရီ ကနေ ၁၇ နာရီလောက်အထိ အိပ်စက်လေ့ ရှိကြပါတယ်။ တစ်နေ့တာရဲ့ ၃ ပုံ နှစ်ပုံလောက်ကို အိပ်ကြတာပါ။ ဒီလို အိပ်စက်ရတာကလည်း သူတို့ရဲ့ ခန္ဓာကိုယ်ပိစိလေး ကြီးထွားလာစေဖို့ အတွက်ပါ။

    ဒါမှလည်း ဘေဘီလေးက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးမှုတွေ အကောင်းဆုံး ရရှိမှာဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ထက်မြက်သူလေး အဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။

    ဘေဘီလေးတွေဟာ တစ်နေ့တာမှာ ၂ နာရီကနေ ၃နာရီလောက်အထိပဲ နို့ချိုကို သောက်သုံးလေ့ရှိပါတယ်။ ဒါကလည်း ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ နို့ဘူးသောက်တဲ့ဘေဘီလေးတွေကတော့ တစ်နေ့မှာ နို့သောက်ဖို့ ၃ နာရီ ကနေ ၄ နာရီလောက် နိုးနေတတ်ကြပါတယ်။ ဒါပေမယ့် ဒီလောက် အိပ်နေတာတောင် ကလေးက ဝိတ်တက် မလာဘူးနော်လို့ မေးစရာရှိပါတယ်။ ကလေးက တစ်နေ့လုံးနီပါး အိပ်ပေမယ့်မွေးပြီးစ ပထမ ၃ ပတ်ကနေ ၄ ပတ်လောက် အထိတော့ ကိုယ်အလေးချိန် တိုးလာဦးမှာ မဟုတ်သေးပါဘူး။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တစ်ခုဆိုတာကို မေမေဖေဖေတို့ အနေနဲ့ လက်ခံထားဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement