backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။

လမစေ့ဘဲ မွေးဖွားခြင်း

ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။

ပျမ်းမျှအားဖြင့် တစ်နှစ်တာမှာ ကလေး ၁၀ ယောက်မှာ တစ်ယောက်နှုန်းလောက်က လမစေ့ဘဲ မွေးဖွားနေကြပါတယ်။ လမစေ့ဘဲ မွေးဖွားလာတဲ့ ဘေဘီလေး အများစုက ကိုယ်ဝန်ဆောင်ကာလ ၃၂ ပတ် ကနေ ၃၆ ပတ် အတွင်း မွေးဖွားကြတာ ဖြစ်ပြီး ရေရှည်မှာ ပြင်းတန်တဲ့ ကျန်းမာရေး ပြဿနာ တစ်စုံတရာတော့ မရှိကြပါဘူး။

မွေးဖွားရမယ့်ရက်ထက် အတော်လေး စောပြီး မွေးဖွားတဲ့ ကလေးလေးတွေမှာတော့ ဖွံ့ဖြိုးမှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၂၃ ပတ် ကနေ ၂၄ ပတ် အတွင်း မွေးဖွားမယ်ဆိုရင် အသက်ရှင်သန်နိုင်တယ် ဆိုပေမယ့် အတော်လေးတော့ ခက်ခဲပါတယ်။

ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တတ် ၃၂ ပတ် မတိုင်ခင်မှာ မွေးဖွားမယ် ကိုယ်အလေးချိန်က ၂.၅ ကီလိုဂရမ်ထက် နည်းနေမယ်ဆိုရင် ကလေးက အသက်ရှူဖို့ ကိရိယာ အကူအညီ လိုအပ်မှာ ဖြစ်သလို ကလေးကို စိတ်ချရတဲ့ အခြေအနေ မရောက်ခင်အထိ အနီးကပ်စောင့်ကြည့်ကုသမှုတွေ ပေးဖို့လည်း လိုမှာပါ။ ကိုယ်ဝန်ဆောင်ကာလ ၃၂ ပတ် ကနေ ၃၇ ပတ်အတွင်းမှာ မွေးဖွားတဲ့ ကလေးလေးတွေကိုတော့ အထူးစောင့်ကြပ်ကုသမှု ပေးဖို့ လိုအပ်မှာပါ။

လမစေ့ဘဲ မွေးဖွားရတဲ့ အကြောင်းအရင်းများ

လမစေ့ဘဲ မွေးဖွားမှုတွေရဲ့ အကြောင်းအရင်း ထက်ဝက်လောက်ကိုတော့ အခုထိသေသေချာချာ မသိရသေးတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် လမစေ့ဘဲ မွေးဖွားမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

  • မေမေ့ရဲ့ တင်ပါးဆုံ ကြွက်သားတွေက ဘေဘီလေးရဲ့ ကိုယ်အလေးချိန်ကို ထိန်းမထားနိုင်တော့တာ
  • ဘေဘီလေးတွေက ၂ မြွာပူး ဒါမှမဟုတ် ၂ မြွာထက် ပိုများနေတာ
  • မိခင်မှာ ကူးစက်ရောဂါ တစ်ခုခု ရှိနေတာ
  • ကိုယ်ဝန်ဆောင် သွေးတိုးလိုမျိုး ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ် ရှိနေတာ
  • အချင်းပြဿနာ ရှိနေတာ
  • ရေမြွာရည် ပြဿနာ ရှိနေတာ
  • မေမေ့မှာ ဆီးချိုရှိနေတာ
  • အရင်ကလည်းလမစေ့ဘဲ မွေးဖွားဖူးတာ
  • မေမေ့မှာ နှလုံးရောဂါ ရှိနေတာ
  • ဆီးလမ်းကြောင်း ပိုးဝင်တာ
  • မိန်းမကိုယ် ပိုးဝင်တာ
  • ရေမြွာအိတ်ကို ပိုးဝင်ကူးစက်တာ
  • အချင်းကွာတာ
  • မေမေ့ သားအိမ်က ပုံစံ မမှန်တာ
  • မေမေက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတာ
  • မေမေက ကိုယ်ဝန်ဆောင်ကာလမှာ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေး သုံးတာ၊ အရက်သောက်တာတွေကြောင့်ပါ။

တကယ်လို့ ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင် မီးဖွားမယ်။ သားအိမ်ကျုံ့တာ၊ ရေမြွာပေါက်တာ၊ သွေးဆင်းတာ၊ မိန်းမကိုယ်ကနေ အချွဲရည်တွေ ဆင်းတာ၊ ကလေးလှုပ်ရှားမှု နည်းသွားတာလိုမျိုး လမစေ့ဘဲ မီးဖွားမယ့် လက္ခဏာတစ်ခုခု ခံစားရမယ်ဆိုရင် နီးစပ်ရာဆေးရုံ ဆေးခန်းကို အမြန်ဆုံး သွားရောက်ဖို့ လိုပါမယ်။ ဘေဘီလေးတွေက မေမေ့ရဲ့ သားအိမ်ထဲမှာ ရက်ကာလ ပြည့်မီအောင်နေလေလေ အသက်ရှင်နိုင်ခြေ များလေလေပါ။

လမစေ့ဘဲ မွေးဖွားတဲ့ လက္ခဏာများ

လမစေ့ဘဲ မွေးဖွားတဲ့ လက္ခဏာတွေကတော့ ၃၇ပတ်မတိုင်ခင်မှာ

  • တင်ပါးဆုံ တဝိုက်မှာ ဘေဘီလေး တိုးတာကြောင့် ဖိအားရှိနေမယ်
  • ဗိုက်အောက်ဖက်ပိုင်းနားက ကြွက်တက်သလို နာမယ်
  • ဝမ်းပျက်မယ်၊ မအီမသာဖြစ်မယ်၊ အော့အန်မယ်
  • ခါးအောက်ပိုင်းက အမြဲလိုလို နာကျင်နေမယ်
  • မိန်းမကိုယ်က အရည်တွေ အကျိအချွဲတွေ ဆင်းမယ်
  • သွေးဆင်းမယ်
  • အရည်တွေ ဆင်းမယ်
  • ရေမြွာပေါက်မယ်
  • သားအိမ်ကျုံ့ဆန့်မှု ဖြစ်မယ်။ တစ်နာရီကို ၄ ကြိမ်အထက် ဖြစ်မယ်
  • ကလေးရဲ့ တိုးတာ လျော့လာမယ်။ ရပ်သွားမယ်။

ဒီအခြေအနေတွေနဲ့ မွေးဖွားလာတဲ့ ကလေးလေးတွေကို လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေလို့ သတ်မှတ်လို့ ရပါတယ်။ လမစေ့တဲ့ ကလေးလေးတွေကို ဆေးရုံမှာ မွေးဖွားတာက အကောင်းဆုံးပါ။ လမစေ့တဲ့ ကလေးလေးတွေက မွေးဖွားချိန် အရမ်းမြန်ပြီး ရိုးရိုးပဲ မွေးဖွားကြပါတယ်။ တစ်ခါတလေမှာတော့ ကလေးလေးကို ဘေးကင်းစေဖို့အတွက် လိုအပ်ရင် ခွဲမွေးရတာမျိုးလည်း  ရှိနိုင်ပါတယ်။

အချို့ကလေးလေးတွေဆိုရင် အောက်ဆီဂျင်မတ်ခ်နဲ့ အသက်ရှူရတာမျိုး ရှိသလို အချို့ကလေးလေးတွေဆို နှလုံးနှိုးရတာမျိုးလည်း ရှိပါတယ်။ လမစေ့ဘဲ မွေးဖွားတဲ့ ကလေးလေးတွေကို စိတ်ချရတဲ့ အခြေအနေ မရောက်မချင်း သေချာလေး စောင့်ရှောက်ကုသမှု ပေးဖို့ လိုမှာပါ။

ကလေးလေးရဲ့ ကျန်းမာရေး အခြေအနေကို လိုက်ပြီး အထူးကြပ်မတ်ကုသမှု ပေးရတဲ့ ကာလအပိုင်းအခြား ကွာခြားနိုင်ပါတယ်။ ကလေးကို မေမေ့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်လို့ ရပြီဆိုရင်လည်း ဘေဘီလေး ကျန်းမာစွာ ကြီးပြင်းလာစေဖို့အတွက် kangaroo care (အသားချင်းထိတွေ့မှု) နဲ့ သေချာလေး စောင့်ရှောက်ပေးဖို့ လိုမှာပါ။

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

လမစေ့တဲ့ ကလေးအတွက် အာဟာရဖြည့်တင်းမှု

ဘေဘီလေးကို မွေးပြီးပြီးချင်းမှာ နို့ဦးရည်ကို တိုက်ရမှာပါ။ အကြောင်းကတော့ မိခင်နို့ရည်မှာ ကလေးကို ကျန်းမာဖွံ့ထွားစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ antibodies တွေ ပြည့်ပြည့်ဝဝ ပါဝင်နေလို့ပါ။

ကလေးလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု

ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ်မတိုင်ခင် မွေးဖွားတဲ့ ကလေးလေးတွေက နေ့စေ့လစေ့မှာ မွေးဖွားတဲ့ ကလေးတွေထက် ပိုပြီး ညှက်နေနိုင်ပါတယ်။ မွေးမယ့်ရက်ထက် အတော်လေး စောပြီး မွေးတဲ့ကလေးလေးတွေကတော့ တော်တော်လေးကို သေးငယ်နိုင်ပြီး ထိခိုက်လွယ်မှာပါ။

  • အရေပြား – အရေပြားက ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးပါဘူး။ ကလေးလေးတွေရဲ့ အရေပြားက ပါးတာ၊ အရေပြားက ထိခိုက်လွယ်တာ၊ ခြောက်တာ၊ အဖက်တွေ လန်တာမျိုး ဖြစ်နိုင်ပါတယ်။ အရေပြားအောက်မှာလည်း အနွေးဓာတ် ပေးနိုင်မယ့် အဆီလွှာ မရှိပါဘူး။
  • မျက်လုံးတွေ – ဘေဘီလေးတွေရဲ့ မျက်ခွံလေးတွေက မပွင့်သေးပါဘူး။ တဖြည်းဖြည်းမှ ဖွံ့ဖြိုးလာမှာပါ။
  • မပြီးပြည့်စုံသေးတဲ့ ဖွံ့ဖြိုးမှု – ကလေးက ခန္ဓာကိုယ် အပူချိန် ထိန်းဖို့၊ အသက်ရှူဖို့ နဲ့ နှလုံးခုန်နှုန်းတွေကို ထိန်းညှိနိုင်ဖို့ ပြည့်ပြည်ဝဝ မဖွံ့ဖြိုးသေးပါဘူး။
  • ဆံသား – ကလေးရဲ့ ဦးရေပြားမှာ ဆံသား နည်းနည်းပဲ ရှိနေမှာပါ။ ခန္ဓာကိုယ် အရေပြားမှာတော့ မွေးညှင်းနုလေးတွေ အများကြီး ရှိနေနိုင်ပါတယ်။
  • မျိုးပွားအင်္ဂါ – မျိုးပွားအင်္ဂါလေးတွေကလည်း ကောင်းကောင်း မဖွံ့ဖြိုးသေးသလို အရမ်းသေးငယ်နေနိုင်ပါတယ်။
  • ကြီးထွားမှု နှောင့်နှေးခြင်း

    လမစေ့တဲ့ ဘေဘီလေးမှာ အခုလိုမျိုး ကြီးထွားမှု နှောင့်နှေးတာတွေကို တွေ့ရနိုင်ပါတယ်

    • အသက်ရှူမှု ပြဿနာ
    • နှလုံး ကျန်းမာရေး ပြဿနာများ
    • အစာခြေစနစ် ပြဿနာများ
    • အသားဝါ
    • သွေးအားနည်းရောဂါ
    • ကူးစက်ရောဂါတွေ

    လမစေ့ဘဲ မွေးဖွားတဲ့ ကလေး အများစုက ပုံမှန်အတိုင်း ဖွံ့ဖြိုးကြတယ်ဆိုပေမယ့် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်ခြေ များနေပြီး ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေနဲ့ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ စစ်ဆေးမှုတွေကို လုပ်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

    အရွယ်ရောက်လာတဲ့အချိန်မှာတော့ ကလေးမှာ

    • စကားပြော နောက်ကျတာ
    • ဘာသာစကား မှတ်မိနိုင်မှု အားနည်းတာ
    • ကြီးထွားဖွံ့ဖြိုးမှု နဲ့ လှုပ်ရှားမှုဆိုင်ရာ ပြဿနာတွေ
    • သွားပြဿနာတွေ
    • အမြင်အာရုံပြဿနာ
    • အကြားအာရုံပြဿနာ
    • တွေးတောနိုင်စွမ်း ပြဿနာ
    • သင်ယူနိုင်စွမ်း ပြဿနာ
    • လူမှုဆက်ဆံရေး နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။

    အသက်ကို ဘယ်လို တွက်ချက်မလဲ

    လမစေ့ဘဲ မွေးတဲ့ ကလေးလေးက ပုံမှန်အတိုင်း ကြီးထွားတယ်ဆိုဦးတော့။ ကလေးကို အသက်အရွယ် တွက်ချက်တဲ့အခါ ဘေဘီလေး မိခင် ဝမ်းကစကျွတ်တဲ့ အချိန်ကနေစပြီး တွက်ချက်လို့ မရပါဘူး။ ဘေဘီလေး မေမေ့ဗိုက်ထဲကနေ စောပြီး ပြင်ပကိုရောက်လာခဲ့တဲ့ ကာလအပိုင်းအခြားကို မေ့မထားပါနဲ့။

    ဘေဘီလေးရဲ့ ပကတိ အသက်အပိုင်းအခြားကို သိရှိနိုင်ဖို့ လက်ရှိ မျက်နှာမြင်ချိန်ကနေ စတွက်ထားတဲ့ ကာလထဲကနေ ဘေဘီလေးကို စောပြီး မွေးခဲ့တဲ့ ရက်သတ္တပတ် ဒါမှမဟုတ် လကို နုတ်ရမှာပါ။ ဥပမာ – ဘေဘီလေးက မွေးစကနေအသက် ၆ လရှိနေပြီ။ ဒါပေမယ့် ကလေးက လမစေ့ဘဲ ၂လလောက် စောမွေးထားတယ်ဆိုရင် သူ့အသက်ကို ၄ လလို့ပဲ သတ်မှတ်ရမှာပါ။

    ဒီတော့ ကလေးက ၆လဆိုပေမယ့် ၄လအရွယ် ကလေးရဲ့ ဖွံ့ဖြိုးမှုအတိုင်းပဲ ရှိမှာပါ။ ဒီအသက်အတိုင်းပဲ ဘေဘီလေးကို solid food မိတ်ဆက်တာ၊ ရေတိုက်တာလိုမျိုးတွေ လုပ်ပေးရမှာပါ။ ဒီလို တွက်ချက် သတိထားမှုကို ဘေဘီလေး အသက် ၂ နှစ်အထိ ဂရုစိုက်ပေးဖို့ လိုပါမယ်။

    ဘေဘီလေးကို အမြဲမပြတ် ကျန်းမာရေး ဂရုစိုက်မှုတွေ လုပ်ဆောင်ပေးပြီး အာဟာရ ဖြည့်တင်းမှုတွေကစလို့ ကာကွယ်ဆေးထိုးတာတွေအထိ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်လို့ လုပ်ဆောင်ပေးဖို့ လိုပါမယ်။ ကလေးကို ရောဂါတွေကနေ ကာကွယ်ဖို့ လိုအပ်တဲ့ ကာကွယ်မှု ဂရုစိုက်မှုတွေကိုလည်း သေချာ လုပ်ဆောင်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement