ပေါက်တဲ့သွားအနေအထားကို ကြည့်ပြီး ဒီသွားက ကလေးကို ဘာပြဿနာ ပေးနိုင်လဲဆိုတာ စဉ်းစားပြီး ကုသမှုတွေ ပေးရပါတယ်။
သွားစောပေါက်ခြင်း
တချို့ကလေးတွေက မွေးတုန်းက သွားမပါဘဲ မွေးပြီး တစ်လလောက်နေတော့ သွားပေါက်တာကို တွေ့ရပါတယ်။ Pediatrics ဂျာနယ်အဆိုအရတော့ ဒီလို သွားစောပေါက်တာက မွေးကတည်းက သွားပေါက်တာထက် ပိုပြီးရှားပါတယ်။
ဒီလို သွားစောပေါက်တဲ့အတွက် ပုံမှန်သွားပေါက်တဲ့အချိန်အတိုင်းမဟုတ်ဘဲ ကမောက်ကမဖြစ်သွားတာပေါ့။ ဒါ့ပြင် တခြားကလေးတွေ သွားပေါက်ခါနီးရင် ဖြစ်တတ်တဲ့ သွားယားတာတို့၊ သွားရည်ယိုတာတို့၊ လက်ချောင်းလေးတွေ ကိုက်တာတို့ ရှိမှာ မဟုတ်ပါဘူး။
ဘယ်အချိန်မှာ ကုသမှု ခံယူရမလဲ။
မွေးကတည်း သွားပေါက်နေပေမယ့် ဒီသွားက ခိုင်တယ်။ ယိုင်နဲ့နဲ့ မဟုတ်ဘူး ဆိုရင် ဒီတိုင်းထားလို့ ရပါတယ်။ သွားကလည်း ယိုင်နဲ့နဲ့၊ အမြစ်လည်း မရှိဘူးဆိုရင်တော့ နှုတ်ဖို့ကို အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီသွားကနေ
- မတော် ကျွတ်ပြီး ကလေး မျိုချမိရင် သီးသွားတာ
- နို့တိုက်ရခက်တာ
- ကလေးလျှာကို ခိုက်မိတာ
- အမေနို့သီးခေါင်းကို ခိုက်မိတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။
အမြစ်ပါမပါကိုတော့ ဓာတ်မှန်ရိုက်ကြည့်လို့ ရပါတယ်။ အမြစ်မပါဘူးဆိုရင်တော့ သွားနှုတ်ဖို့ အကြံပေးချင်ပါတယ်။
အကျဉ်းချုပ်ပြောရရင် မွေးကတည်းက သွားပါလာတဲ့ကလေး ရှိပါတယ်။ ရှားပါတယ်။ ဒါက ကျန်းမာရေး အခြေအနေကြောင့်ပါ။ စုန်းပြုစားတာ မဟုတ်သလို၊ ဘီလူးလေး မွေးလာတာလည်း မဟုတ်ပါဘူး။ လုပ်ရမှာက ကလေးဆရာဝန်နဲ့ ပြသပြီး ကလေးမှ တခြားရောဂါရှိမရှိ ရှာရမှာပါ။ သွားအခြေအနေပေါ်မူတည်ပြီး နှုတ်သင့်ရင် နှုတ်ရမှာပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။