backup og meta

မေမေတို့သိချင်နေမယ့် ဘေဘီလေးတွေ ငယ်သွားလဲချိန် အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေတို့သိချင်နေမယ့် ဘေဘီလေးတွေ ငယ်သွားလဲချိန် အကြောင်း

    ဘေဘီလေးတွေရဲ့သွားတွေဟာ မေမေ့ဗိုက်ထဲမှာတည်းက စတင်ဖွံ့ဖြိုးနေပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်ငါးပတ်လောက်တည်းက ငယ်သွားလေးတွေရဲ့ ကနဦးပုံစံလေးတွေက ဖြစ်ပေါ်နေပြီ ဖြစ်ပြီး သွားဖုံးထဲမှာ မြုပ်နေတာ ဖြစ်ပါတယ်။ မွေးလာတဲ့အချိန် ဘေဘီလေးရဲ့ သွားဖုံးထဲမှာ ငယ်သွားအချောင်း ၂၀ (အပေါ် ၁၀ချောင်း၊အောက် ၁၀ချောင်း)မြုပ်လျက် အပြည့်အစုံ ပါလာပါတယ်။

    သွားပေါက်လာချိန်

    အဲဒီသွားဖုံးထဲကနေ သွားလေးတွေ ထွက်လာတာကို သွားပေါက်လာတဲ့အချိန်လို့ ခေါ်ပါတယ်။ ဘယ်အချိန်မှာ သွားစပေါက်လဲ ဆိုတာကဘေဘီတို့ တစ်ယောက်နဲ့တစ်ယောက်မှာ မတူကြပါဘူး။ ဥပမာ တချို့က လသားအရွယ်တည်းက သွားစပေါက်ကြပေမယ့် တချို့ဘေဘီတွေကျ တစ်နှစ်ကျော်တဲ့အထိ သွားမစုံသေးတာတွေ ရှိပါတယ်။

    စပေါက်တဲ့အချိန် မတူကြပေမယ့် သွားပေါက်လာပုံ အဆင့်ဆင့်ကတော့ ဒီအတိုင်းပါပဲ –
    • အောက်ဘက်က ရှေ့သွားလေးတွေ(အလယ်နှစ်ချောင်းလောက်)က အရင်ဆုံးပေါက်လေ့ ရှိပါတယ်။ အများအားဖြင့် အသက် ၆ လ နဲ့ ၁၀ လအတွင်းမှာပေါ့။
    • အလယ်သွားလေးတွေဘေးက တခြားရှေ့သွားလေးတွေကတော့ အသက် ၈ လနဲ့ ၁၆လအတွင်းမှာ အပေါ်ရောအောက်ရော ဆက်ပြီးပေါက်လာပါလိမ့်မယ်။ အောက်သွားတွေက အပေါ်သွားထက် အရင်ပေါက်လေ့ ရှိပါတယ်။
    • အပေါ်အောက် အံသွားလေးတွေကတော့ အသက် ၁၃ လနဲ့ ၁၉ လအတွင်းမှာ ပေါက်လေ့ရှိပါတယ်။
    • အစွယ်သွားလေးတွေက ၁၆လ နဲ့ ၂၃လ အတွင်းပေါက်တတ်ပါတယ်။
    • အံသွားလေးတွေ ဒုတိယအဆင့်ပေါက်တာက အသက် ၂၅ လနဲ့ ၃၃ လအတွင်းမှာပါ။

    ပျမ်းမျှအားဖြင့် ကလေးတစ်ယောက်ဟာ အသက် ၃ နှစ်လောက်မှာ ငယ်သွားအချောင်း ၂၀ စုံနိုင်ပါတယ်။

    ငယ်သွားလဲချိန်

    ကလေးအသက် ၆ နှစ်လောက်ကစပြီး ငယ်သွားလေးတွေစတင် နဲ့လာမယ်၊ ကျွတ်သွားမယ်။ ဒါဟာ ကြီးသွားတွေပေါက်လာဖို့ ကြိုတင်ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။ ကလေးတစ်ယောက်အတွက်က ၆ နှစ်မပြည့်ခင် တစ်နှစ်အလို ဒါမှမဟုတ် ၆ နှစ်ပြည့်ပြီးတစ်နှစ်အတွင်း ငယ်သွားလဲကြတာ ပုံမှန်ဖြစ်စဉ်ပါပဲ။ မိန်းကလေးတွေကတော့ယောကျာ်းလေးတွေထက် ငယ်သွားလဲတာပိုစောတတ်ပါတယ်။

    ငယ်သွားလဲချိန် က ဘေဘီလေးတွေအတွက်နေရအဆင်မပြေတာတွေ၊ နာကျင်ရတာတွေရှိနိုင်လို့မေမေတို့ဘက်က ဒီလို ဂရုစိုက်ပေးရအောင် –

    • သွားလေးတွေ လှုပ်တုတ်တုတ်ဖြစ်ပြီး နဲ့လာတာကကြောက်စရာမဟုတ်ကြောင်း၊ ငယ်သွားလဲတာက သဘာဝပဲဖြစ်ကြောင်း၊ သွားလှလှလေးတွေ ထပ်ပေါက်လာဖို့နေရာဖယ်ပေးတာဖြစ်ကြောင်းဘေဘီတို့ကို ရှင်းပြဖို့လိုပါတယ်နော်။ သွားလေးတွေပြုတ်ထွက်တော့မယ်ဆိုဘေဘီတို့ အရမ်းကိုကြောက်တတ်ကြလွန်းလို့။
    • သွားက နဲ့နေတာကြာပြီး မကျွတ်သေးဘူးဆိုရင် သွားဆရာဝန်ဆီ ချော့ခေါ်ပြီး စနစ်တကျ နုတ်ပေးသင့်မသင့် ဆုံးဖြတ်ရပါမယ်။ မဟုတ်ရင်ရှေ့ကသွားက မကျွတ်သေး၊ နောက်ထပ်သွားအသစ်ကထွက်နေပြီဆိုရင် ဘေဘီတို့ရဲ့ တစ်သက်တာသွားလေးတွေ မညီမညာဖြစ်သွားနိုင်ပါတယ်။
    • ငယ်သွားလဲခြင်းကြောင့် နာကျင်တာ၊ရောင်ရမ်းတာတွေအတွက် ရေခဲလေးကပ်ပေးပါ။ သွားဖုံးလေးတွေ နည်းနည်းနာတာ၊သွေးထွက်တာလည်းရှိနိုင်တော့ ဂရုစိုက်ပေးလိုက်ပါ။

    ကြီးသွားတွေ ပေါက်ချိန်

    တစ်သက်လုံးသုံးရတော့မယ့် တကယ့်သွားတွေပေါက်လာချိန်ကတော့ ၆ နှစ်ဝန်းကျင်မှာပါ။ အဲဒီမှာ အံသွားလေးတွေ စပေါက်လာမယ်၊ စွယ်သွားလေးတွေနဲ့တခြားသွားတွေပေါက်လာမယ်။ ငယ်သွားပေါက်ချိန်လိုပဲ ဒီအချိန်ကလည်း ကလေးတစ်ယောက်နဲ့တစ်ယောက်မှာ မတူကြပါဘူး။ယေဘုယျအားဖြင့်တော့ ဒီအစီအစဉ်အတိုင်းပါ –

  • ရှေ့ဆုံးအံသွားလေး –၆ နှစ် နဲ့ ၇ နှစ်အတွင်း
  • အလယ်ရှေ့သွား – ၆ နှစ် နဲ့ ၈ နှစ်အတွင်း
  • ဘေးဘက်ရှေ့သွား– ၇ နှစ်နဲ့ ၈ နှစ်အတွင်း
  • စွယ်သွားလေး – ၉ နှစ်နဲ့ ၁၃ နှစ်အတွင်း
  • ရှေ့အံသွား –၉ နှစ်နဲ့ ၁၃ နှစ်အတွင်း
  • နောက်အံသွား – ၁၁ နှစ်နဲ့ ၁၃ နှစ်အတွင်း
  • နောက်ဆုံးအံသွား (အံဆုံး)– ၁၇ နှစ် နဲ့ ၂၁ နှစ်အတွင်း ။
  • ငယ်သွားလေးတွေကို ဂရုစိုက်ပါ

    ငယ်သွားဆိုတာပြီးရင် ကျွတ်မှာပဲ၊ သိပ်ဂရုစိုက်ဖို့မလိုပါဘူး၊ ကြီးသွားကျမှ ဂရုစိုက်ရမှာလို့ တချို့မိဘတွေ ကထင်ကြပါတယ်။ ဒီလိုမဟုတ်ပါဘူး။ ငယ်သွားလေးတွေလည်း သိပ်ကိုအရေးကြီးပါတယ်နော်။ သူတို့ကဘေဘီလေးတွေကို အစားကောင်းကောင်းစားတတ်လာအောင်၊ စကားကောင်းကောင်းပြောနိုင်အောင် ကူညီပေးသလို ကြီးသွားတွေပေါက်လာနိုင်ဖို့ သွားဖုံးတစ်ရှူးတွေကြားမှာနေရာဦးပေးထားတာပါ။

    သွားပိုးစားတာ၊ ပျက်စီးတာက ကြိုတင်ကာကွယ်လို့ရပါတယ်။ ခံတွင်းသန့်ရှင်းရေးနဲ့စားသောက်ပုံအမူအကျင့်ကောင်းတွေဘေဘီလေးမှာ စွဲလာအောင် ကျင့်ယူပေးရမှာဖြစ်ပါတယ်။ စောစောပညာပေးလေ ပိုအကျိုးရှိလေ၊ နောက်ပိုင်း သွားပြဿနာတွေအတွက် ပိုပြီးလက်ဦးမှုရလေဖြစ်ပါတယ်။

    • မွေးကင်းစအရွယ်မှာ -ဘေဘီလေးရဲ့ခံတွင်းနဲ့ သွားဖုံးလေးတွေကို အဝတ်နုနဲ့ သုတ်ပေး၊သန့်စင်ပေးပါ။
    • သွားစပေါက်ချိန်မှာ –ပျော့ပျောင်းတဲ့ ကလေးသွားပွတ်တံနဲ့ ရိုးရိုးရေကိုပဲသုံးပြီး တစ်နေ့နှစ်ကြိမ် သွားတိုက်ပေးပါ။
    • တစ်နှစ်ပြည့်ရင် – သွားဆရာဝန် ပုံမှန်ပြပြီး သွားကျန်းမာရေးစစ်ဆေးပါ။
    • တစ်နှစ်ခွဲရောက်ရင် – ကလေးသုံး သွားတိုက်ဆေး ပဲစေ့ပမာဏလောက် သုံးပြီး သွားတိုက်ပေးပါ။ သွားတိုက်ဆေးကို ပြန်ထွေးထုတ်တတ်အောင် (မျိုမချဘဲ ပလုပ်ကျင်းတတ်အောင်) ကျင့်ပေးပါ။
    • နှစ်နှစ်ခွဲ ဆိုရင် – သွားပွတ်ကြိုးစသုံးပေးပါ။
    • လေးနှစ်ကနေ ငါးနှစ်အတွင်း – ကိုယ့်ဘာသာသွားတိုက်တတ်အောင် စပြီးသင်ပေးပါ။
    • ခြောက်နှစ်ရောက်ရင် – လူကြီးသွားတိုက်ဆေး သုံးလို့ရပြီ၊ သွားပွတ်ကြိုးသုံးတတ်အောင် သင်ပေးပါ။

    ငယ်ဘဝမှာတည်းက သွားကျန်းမာရေး ဂရုစိုက်တဲ့ အမူအကျင့်တွေ မမွေးပေးခဲ့ရင် နောက်ပိုင်း ကြီးသွားတွေပေါက်လည်း ပျက်စီးမှာပါပဲ။ သွားပိုးစားတာ၊ သွားပိုးပေါက်တွေ ဖြစ်လာစေနိုင်တယ်။ မနက်တစ်ကြိမ်၊ အိပ်ခါနီးတစ်ကြိမ် သွားတိုက်တတ်မှလည်းဖြစ်မှာပါ။ သကြားလုံးတွေ၊အချိုရည်တွေပေးထားပြီး ချော့မသိပ်ပါနဲ့ ။ ကလေးတွေကို မအိပ်ခင်မှာ သွားသန့်ရှင်းရေး မလုပ်ပေးဘဲ မနေပါနဲ့။ အချိန်အတော်ကြာထိတွေ့နေတဲ့ သကြားကြောင့် သွားပိုးစားတာ၊ သွားကြွေလွှာ ပျက်စီးတာတွေ ဖြစ်နိုင်တယ်။ ရှေ့သွားလေးတွေ မျက်နှာပြင်ထစ်နေတာ၊ အရောင်တွေဖြစ်နေတာ (ချိုးကပ်သလို ဝါနေတာ) ဒီအချက်ကြောင့်ပါ။ သိသင့်တာတွေ ပြောပြပြီးပြီဆိုတော့ မေမေတို့ကိုသတိပေးချင်တာက ငယ်သွားဖြစ်ဖြစ်၊ ကြီးသွားဖြစ်ဖြစ် အမြဲဂရုစိုက်ပေးပါလို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement