backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ

မေမေတို့ သိထားပြီးတဲ့ အကြောင်းအရာတစ်ခုကို ထပ်ပြောရရင် ၆လအောက် ကလေးတွေအတွက် မိခင်နို့ကသာ အကောင်းဆုံးပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ မတိုက်နိုင်တဲ့ မေမေတွေလည်း ရှိပါတယ်။ မိခင်နို့ လည်း မတိုက်နိုင်၊ တခြားနို့တွေ၊ နို့မှုန့်တွေထဲမှာလည်း ဘယ်ဟာကို တိုက်လို့တိုက်ရမှန်း မသိကြတဲ့အခါ ကလေးက ကြားထဲကနေ  ဝမ်းလျှောတာ၊ အာဟာရချို့တဲ့နိုင်လို့ မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ ဆိုတာလေး ပြောပြပေးပါမယ်။

မိခင်နို့သည်သာ အကောင်းဆုံးပါ

မွေးစကလေးတွေအတွက် မိခင်နို့က အာဟာရအပြည့်ဝဆုံးနဲ့ အကောင်းဆုံးပါ။ ရေတောင် ထပ်တိုက်စရာမလိုဘဲ သူ့တစ်မျိုးတည်းနဲ့တင်ကို ကလေးအတွက် လုံလောက်တဲ့ အာဟာရပေးနိုင်ပါတယ်။ ဒါကြောင့် မွေးစကနေ အနည်းဆုံး၆လအထိ မိခင်နို့တစ်မျိုးတည်းကို စွဲစွဲမြဲမြဲ တိုက်ဖို့ ပြောတာပါ။ ဖြစ်နိုင်ရင် ကလေးအသက် ၂နှစ်လောက်အထိ တိုက်သင့်ပါတယ်။

မိခင်နို့ တိုက်ကျွေးတာက ကလေးအတွက်ဆိုရင်

  • မကြာခဏ ဖျားနာတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • ခဏခဏ ဝမ်းမလျှောအောင် ကာကွယ်ပေးပါတယ်။
  • အသက်တစ်နှစ်အောက်မှာ ရုတ်တရက်သေဆုံးတာတွေကို လျော့ကျစေပါတယ်။
  • ကြီးလာတဲ့အခါ အဝလွန်တာနဲ့ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေ နည်းစေပါတယ်။

မိခင်အတွက် ကောင်းကျိုးတွေကတော့

  • ရင်သားကင်ဆာ
  • သားဥအိမ်ကင်ဆာ
  •  အရိုးပွ‌ရောဂါ
  • နှလုံးရောဂါ
  • အဝလွန်တာတွေကို ဖြစ်နိုင်ခြေ နည်းစေပါတယ်။

ဘယ်လိုအခြေအနေတွေဆို မိခင်နို့ တိုက်လို့ မရဘူးလဲ

မိခင်နို့ တိုက်လို့ မရဘူးဆိုတဲ့ နေရာမှာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ မိခင်နို့ကို လုံးဝတိုက်လို့ မရတာလား။ ဒါမှမဟုတ် မိခင်နို့ကို မိခင်ဆီက စို့လို့ မရပေမယ့် ညှစ်တိုက်မယ်ဆိုရင်တော့ ရတာလား (ဥပမာ မိခင်နဲ့ အနီးကပ်နေတဲ့အခါ ရောဂါပိုး ကူးနိုင်ခြေ ရှိတာမျိုးပေါ့။) ဒါမှမဟုတ် လတ်တလောမှာ မိခင်ရဲ့ ကျန်းမာရေးပြဿနာကြောင့် အခိုက်အတန့် နို့တိုက်တာကို ရှောင်ထားရပြီး မိခင်နေပြန်ကောင်းလာရင် ပြန်တိုက်နိုင်တာမျိုးလား စသဖြင့် အမျိုးမျိုးရှိပါတယ်။

မိခင်နို့ကို လုံးဝတိုက်လို့ မရတဲ့ အခြေအနေတွေကတော့

  • ကလေးမှာ classic galactosemia လို့ခေါ်တဲ့ galactose 1-phosphate uridyltransferase အင်ဇိုင်း ချို့တဲ့နေရာ
  • မိခင်မှာ brucellosisရောဂါရှိနေပြီး ကုသမထားတာ
  • အီဘိုလာ ကူးစက်ခံထားရတာ
  • မိခင်က ကိုကင်းလိုမျိုး မူးယစ်ဆေးတွေ အသုံးပြုနေတာ စတာတွေပဲ ဖြစ်ပါတယ်။

မိခင်ဆီက နို့ကို စို့လို့ မရပေမယ့် ညှစ်တိုက်မယ်ဆိုရင် ရတဲ့ အခြေအနေတွေကတော့

  • အမေက လက်ရှိမှာ တီဘီရောဂါ ရှိနေတာ (တီဘီဆေးသောက်ပြီး ၂ပတ်လောက်ဆို ကလေးနား ပြန်ကပ်လို့ ရပါပြီ)
  • အမေက ရေကျောက်ပေါက်နေတာ စတာတွေပါ။

လတ်တလောမှာ မိခင်နို့တိုက်တာကို ခဏတဖြုတ်နားထားသင့်တာကတော့ ဆေးဝါးတချို့ကို သောက်သုံးနေရင်ပါ။ ဆေးတွေ သောက်ပြီးလို့ ဆေးတွေ သွေးထဲမှာ မရှိလောက်တော့တဲ့ အချိန်ရောက်ရင် ပြန်တိုက်လို့ ရပါတယ်။

အထူးသဖြင့် မိခင်နို့ကို ညှစ်တိုက်လို့တောင် မရတဲ့ အခြေအနေမျိုးဆိုရင်တော့ ကလေးကို ကြားထဲမှာ ဖြည့်စွက်အာဟာရတစ်ခုခုနဲ့ အာဟာရပြည့်ဝအောင် ကူထားပေးဖို့ လိုပါတယ်။

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ

မိခင်နို့က အစားထိုးစရာမရှိဘူးဆိုပေမယ့် မိခင်နို့ တိုက်လို့ မရတဲ့ အချိန်မှာတော့ မိခင်နို့နီးပါး ကောင်းတဲ့တစ်ခုခုကို တိုက်ပေးရမှာပါ။ ၆လအောက်တွေအတွက် ဖော်မြူလာနို့ အများစုက နွားနို့ကို အခြေခံပြီး ထုတ်ထားတာ များပါတယ်။ နွားနို့ကတော့ ကလေးအသက် ၁နှစ်ကျော်မှ တိုက်ရမှာဆိုပေမယ့် နွားနို့ကို အခြေခံပြီး ထုတ်ထားတဲ့ ဖော်မြူလာနို့တွေကိုတော့ တိုက်လို့ ရပါတယ်။

တိုက်လို့ရတာတွေကတော့

  • First infant formula (မွေးစကလေး ဖော်မြူလာ)

နွာနို့ကို အခြေခံထုတ်ထားတာဖြစ်ပြီး whey ပရိုတင်းပါဝင်ပါတယ်။ ဒါကြောင့် အစာခြေဖျက်ရ လွယ်ပါတယ်။ ကလေးအသက် ၆လ၊ ၁နှစ်လောက်ထိ တိုက်လို့ ရပါတယ်။

  • ဆိတ်နို့ကို အခြေခံထားတဲ့ ဖော်မြူလာ

နွားနို့လိုပဲ ဆိတ်နို့ကလည်း ကလေးအသက် ၁နှစ်ကျော်မှ တိုက်ရမှာပါ။ ဒီအရွယ်မှာတော့ သူ့ကို အခြေခံထားတဲ့ ဖော်မြူလာပဲ တိုက်လို့ ရပါတယ်။ သတိထားရမှာက နွားနို့ကို အခြေခံထားတဲ့ ဖော်မြူလာနဲ့ မတည့်တဲ့ ကလေးတွေက ဆိတ်နို့ကို အခြေခံထားတဲ့ ဖော်မြူလာနဲ့လည်း မတည့်တာ များပါတယ်။ သူတို့မှာ ပါဝင်တဲ့ ‌ပရိုတင်းချင်း တူနေလို့ပါ။

  • Hungrier baby formula (အဆာခံတဲ့ ဖော်မြူလာ)

Whey ပရိုတင်းအစား caseinပါဝင်ပြီး သူက အစာခြေရခက်တာကြောင့် ပိုပြီး အဆာခံစေပါတယ်။

  • Comfort formula

Comfort formulaမှာတော့ နွားနို့မှာပါတဲ့ ပရိုတင်းကို ကလေးတွေ ခြေဖျက်ရလွယ်အောင် partially hydrolysed လုပ်ထားတဲ့အတွက် စုပ်ယူရလွယ်ကူပြီး ဝမ်းချုပ်တာ၊ လေပွတာတွေ အဖြစ်နည်းစေနိုင်ပါတယ်။

  • Lactose-free formula

နို့သကြား မချေဖျက်နိုင်တဲ့ ကလေးတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

  • Hypoallergenic formula

Comfort formulaနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကတော့ နွားနို့နဲ့ ဓာတ်မတည့်တဲ့ ကလေးတွေပါ သောက်သုံးနိုင်ပါတယ်။

ဖော်မြူလာနို့တွေက အမျိုးမျိုးရှိတဲ့အတွက် ကလေးဆရာဝန် ဒါမှမဟုတ် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိကလေးနဲ့ သင့်တော်တာကို ရွေးချယ်နိုင်ပါတယ်။ ခုခေတ် ဖော်မြူလာနို့တွေက ပရိုတင်းတင် ပါတာမဟုတ်ဘဲ ဦးနှောက်ဖွံ့ဖြိုးဖို့ ဖက်တီးအက်စစ် (DHA)၊ သံဓာတ်၊ ပရိုဘိုင်အိုတစ် စတာတွေကိုပါ ဖြည့်စွက်ထုတ်လုပ်လာတာကြောင့် ကလေးမှာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစေမှာပါ။

ဘယ်လိုနို့တွေကို ရှောင်ရမလဲ

နွားနို့၊ ဆိတ်နို့၊ ပဲနို့ စတာတွေကိုတော့ ကလေးအသက်တစ်နှစ်ပြည့်မှ စတိုက်ပါ။ ၆လပြည့်လို့ ကလေးကို မုန့်လုပ်ကျွေးတဲ့အခါ ထည့်ချက်ကျွေးနိုင်ပေမယ့် နို့အနေနဲ့ကတော့ တစ်နှစ်ကျော်မှ တိုက်ရပါမယ်။

အိမ်သုံး ကော်ဖီဖျော်နို့မှုန့်တွေ၊ နို့ဆီကို ဖျော်တိုက်တာတွေ၊ ကလေးအတွက် ဖော်မြူလာကိုက်ပြီး ထုတ်ထားတာ မဟုတ်တဲ့ သာမန်နို့မှုန့်တွေက ကလေးအတွက် အာဟာရမပြည့်ဝစေသလို အခန့်မသင့်ရင် အန္တရာယ်ရှိနိုင်တာကြောင့် ရှောင်သင့်ပါတယ်။

မိခင်နို့က အကောင်းဆုံးဆိုပေမယ့် မိခင်နို့ တိုက်လို့ မရတဲ့ အခြေအနေမှာဆိုရင်တော့ အာဟာရမချို့တဲ့အောင်၊ ကျန်းမာအောင် ကလေးအတွက် စနစ်တကျ ဖော်စပ်ထားတဲ့ ဖော်မြူလာတွေကို အစားထိုးပြီး တိုက်နိုင်ပါတယ်။ ဘယ်ဖော်မြူလာက ကိုယ့်ကလေးနဲ့ အသင့်တော်ဆုံးလဲဆိုတာကိုတော့ ကလေးဆရာဝန် ဒါမှမဟုတ် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီးမှ တိုက်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement