backup og meta

ကလေးတွေကို tummy time ဘယ်လိုကျင့်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို tummy time ဘယ်လိုကျင့်ပေးမလဲ

    ခုနောက်ပိုင်းမှာ ကလေးတွေကို tummy time ကျင့်ပေးတာက တော်တော်လေး ခေတ်စားလာပါပြီ။ Tummy time ဆိုတာ အလွယ်ပြောရရင်  ကလေးတွေကို မှောက်ခိုင်းထားတာပါ။ ကလေးက ဒီတိုင်းဆိုရင်လည်း သူ့အရွယ်နဲ့သူ မှောက်တတ်မှာပါ။ ဒါပေမဲ့ tummy time ‌လေ့ကျင့်ပေးတာက ကလေးတွေကို မှောက်တတ်စေရုံတင် မဟုတ်ပါဘူး။ တခြားအကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။

    ကလေးတွေကို tummy time လေ့ကျင့်ပေးဖို့ ဘာကြောင့် အရေးကြီးတာလဲ

    ပြောခဲ့သလိုပဲ ကလေးတွေကို tummy time ကျင့်ကျင့် မကျင့်ကျင့် သူ့အရွယ်ရောက်ရင် ဝမ်းလျားမှောက်တတ်မှာပါ။ ဒါပေမဲ့ tummy time ကျင့်ပေးတဲ့အခါ အကျိုးကျေးဇူးအနေနဲ့

  • လှုပ်ရှားမှုတွေ ပိုကောင်းလာတယ်။
  • ကလေးတွေရဲ့ motor developmentလို့ ခေါ်တဲ့ ကြွက်သားအသုံးပြုရတဲ့ ဖွံ့ဖြိုးမှုတွေ ပိုကောင်းလာပါတယ်။ ကလေးကို မှောက်ထားတဲ့အခါ သူတို့ရဲ့ ကြွက်သားတွေကို သုံးပြီး ခေါင်းနဲ့ ကျောရိုးနဲ့ကို မ ထားရတဲ့အတွက် အဲ့နားကကြွက်သားတွေ သန်မာလာပါတယ်။

    ဒီတော့ နောက်ပိုင်းမှာ ဒီကလေးတွေက မှောက်တာ၊ ထိုင်တာ၊ လေးဖက်သွားတာတွေကို လွယ်လွယ်ကူကူ လုပ်လာနိုင်ပါတယ်။ တချို့လေ့လာချက်တွေမှာဆိုရင် tummy time မကျင့်တဲ့ကလေးတွေက ဖွံ့ဖြိုးမှု အနည်းငယ်နောက်ကျတတ်တယ်လို့တောင် ဆိုပါတယ်။

    • ခေါင်းပြားတာ သက်သာစေတယ်။

    ကလေးတွေကို အသက်ရှူကျပ်မှာစိုးလို့ ပက်လက်ပဲ ပေးအိပ်တာကြောင့် ကလေးရဲ့ခေါင်းက ပြားနေတတ်ပါတယ်။ ဒါကြောင့် မေမေတို့ အနှီးကို ပြင်ပြီး ကလေးရဲ့ ခေါင်းအောက် ထည့်ထားတတ်ကြတယ်ဟုတ်။

    Tummy timeကျင့်ပေးတဲ့အခါ ကလေးက ပက်လက်လှဲနေရတဲ့အချိန်နည်းသွားတဲ့အတွက် ခေါင်းပြားတာလည်း သက်သာလာတယ်လို့ ဆိုပါတယ်။ ဒီခေါင်းပြားတာက ရောဂါမဟုတ်ပါဘူး။ ကလေးရဲ့ ဦးခေါင်းရိုးတွေ မမာသေးတာကြောင့် ပြားသလိုမျိုး ဖြစ်နေတာပါ။ နောက်ပိုင်း ကလေးက မှောက်တာ၊ ထိုင်တာ၊ လေးဖက်သွားတာတွေ လုပ်တတ်လာရင် အလိုလိုသက်သာသွားမှာပါ။

    • အာရုံသိမှုတွေ ပိုကောင်းလာစေတယ်။

    ကလေးက ဝမ်းလျားမှောက်နေတဲ့အခါ ပတ်ဝန်းကျင်ကို သူမြင်နေကျ မဟုတ်တဲ့ ပုံစံနဲ့ မြင်ရပါတယ်။ ဥပမာ လှဲနေတဲ့အချိန်မှာ မြင်ရတဲ့ မြင်ကွင်းနဲ့ မှောက်နေတဲ့ အချိန်မှာ မြင်ရတဲ့ မြင်ကွင်းက မတူနိုင်ဘူးလေ။ ဒါ့ပြင် ကလေးက မှောက်နေတဲ့အချိန်မှာ သူ့ခြေနဲ့ လက်တွေကို ဘယ်လိုလှုပ်ရမလဲဆိုတာကို ကြိုးစားကြည့်တဲ့အတွက် သူတို့ရဲ့ အာရုံခံစားမှုလေးတွေ တိုးတက်လာပါတယ်။

    • ကလေးရဲ့ ဆက်ဆံရေး တိုးတက်လာစေတယ်။

    ကလေးတွေကို tummy time ကျင့်ပေးတဲ့အခါ လူကြီးတစ်ယောက်ယောက်က အနားမှာ နေရပါတယ်။ ကလေးကို မပျင်းအောင် ချော့မြှူနေရပါတယ်။ ကလေးနဲ့ အပြန်အလှန် ဆက်သွယ်နေရတဲ့အတွက် သူလေးနဲ့ သံယောဇဉ်တိုးလာပါတယ်။ ဒါ့ပြင် ကလေးရဲ့ ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။

    ကလေးတွေကို tummy time ဘယ်အချိန်မှာစကျင့်ပေးမလဲ

    ကလေးမွေးပြီးလို့ ဆေးရုံကဆင်း အိမ်ပြန်ရောက်တာနဲ့ ကျင့်ပေးလို့ ရပါပြီ။ တစ်ရက်ကို ၁၀မိနစ်- ၁၅မိနစ်လောက် ကျင့်ပေးလို့ ရပါတယ်။ အဲ့တာကို ဆက်တိုက်မဟုတ်ဘဲ တစ်ခါကျင့်ရင် ၃မိနစ်လောက်နဲ့ တစ်ရက်ကို ၅ကြိမ်လောက်ဖြစ်ဖြစ် ကိုယ်အဆင်ပြေသလို ကျင့်ပေးလို့ ရပါတယ်။

    အရေးကြီးတာက tummy time ကျင့်ပေးတိုင်းမှာ လူကြီးတစ်ယောက်က အနားမှာ ရှိနေဖို့ လိုပါတယ်။ ခေါင်းမခိုင်သေးခင် မျက်နှာနဲ့ ကြမ်းနဲ့ အပ်ပြီး အသက်ရှူရခက်မှာ စိုးလို့ပါ။

    ကလေးတွေကို tummy time ဘယ်လိုကျင့်ပေးမလဲ

    ကလေးတွေကို tummy time ကျင့်ပေးတဲ့အခါ စိတ်ရှည်ဖို့ရယ်၊ မလောဘဲ အချိန်ကို တဖြည်းဖြည်း တိုးသွားဖို့ရယ် လိုပါတယ်။ Tummy time ကျင့်တဲ့အခါ ကလေးကို မှောက်ထားရုံနဲ့ မပြီးဘဲ လူကြီးကပါ ဝင်ကူရမှာ ဖြစ်ပါတယ်။

    Tummy time ကို အလွယ်တကူ ကျင့်ပေးနိုင်တဲ့နည်းတွေကတော့

    • ကလေးကို ဗိုက်ပေါ် မှာ တင်ထားပါ။

    စစချင်း ကျင့်လေ့ မရှိဘူးဆိုရင် ကလေးကို ဗိုက်ပေါ်မှာ တင်ပြီး ကျင့်ပါ။ ကလေးက အမေနဲ့ ရင်းနှီးနေတော့ သူ့ကိုယ်ကို မှောက်လို့ မှောက်နေမှန်းတောင် သတိထားမိမှာ မဟုတ်ပါဘူး။ ဗိုက်ပေါ် တင်ထားရင်း ကလေးကိုမြှူပါ။ အသားချင်းထိထားပါ။ က‌လေးနဲ့ မိခင်ကြားမှာလည်း သံယောဇဉ်တိုးစေပါတယ်။

    • ခေါင်းအုံးလေး ခုပေးပါ။

    ပြီးရင်တော့ ကြမ်းပြင်မှာ ခေါင်းအုံးလေး ချပြီး ကလေးကို ခေါင်းအုံးပေါ် တင်ပေးထားပါ။ နောက်မှ တဖြည်းဖြည်း ခေါင်းအုံးကို ဖယ်ပါ။ ခေါင်းအုံးနဲ့ မျက်နှာနဲ့ အပ်မသွားအောင် သတိထားပါ။

    • ကြမ်းပြင်ပေါ် ချပါ။

    နောက်ဆုံးအဆင့်အနေနဲ့ ကလေးကို ကြမ်းပြင်ပေါ် ချလို့ရပါပြီ။ အောက်မှာ စောင်အပါးလေး ခင်းပြီး မှောက်ခိုင်းပါ။ ကလေးကို ရှေ့ကနေ၊ ဘေးကနေ မြှူပါ။ စကားပြောပါ။

    • ကလေးကို မြှူပေးပါ။

    ကလေး ကြာကြာဝမ်းလျားမှောက်နိုင်ဖို့ဆို ဘေးကနေ အာရုံပြောင်းပေးဖို့ လိုပါတယ်။ ဒီတော့ ကလေးကို မှန်ပြပေးလို့ ရပါတယ်။ ကလေးက မှန်ထဲက သူ့ပုံကို ကြည့်လိုက်၊ လှုပ်ရှားတာတွေကို ကြည့်လိုက်နဲ့ စိတ်ဝင်စားနေပါလိမ့်မယ်။

    ဒါ့ပြင် ကလေးနှစ်သက်တဲ့ အရုပ်တွေကိုလည်း သူလက်လှမ်းမီတဲ့နေရာမှာ ချထားပေးပါ။ လှမ်းလှမ်းယူရင်းနဲ့ တခြားကြွက်သားတွေပါ သန်မာလာပါလိမ့်မယ်။ အမေကလည်း သူနဲ့ စကားပြောပေး၊ မြှူပေးပါ။ ဒါမှ ကလေးရဲ့ ဖွံ့ဖြိုးမှု မှတ်တိုင်တွေ တိုးတက်လာမှာ ဖြစ်ပါတယ်။

    အသက်အလိုက် Tummy time လေ့ကျင့်နည်း

    ကလေးက အသက် ၂လလောက်ဆို စမ်းမှောက်ပါပြီ။ ၄လလောက်ဆို မှောက်ရာကနေ ပြန်လှန်တတ်ပါပြီ။ ၆လလောက်ဆို လှန်ရာကနေ ပြန်မှောက်တတ်ပါပြီ။ ဒီတော့ အကြမ်းဖျင်း ၆လလောက်ဆို ကလေးက မှောက်တာ၊ လှန်တာ ကောင်းကောင်းလုပ်တတ်နေပါပြီ။

    ဒီဖွံ့ဖြိုးမှုအတိုင်း ကလေးကို လေ့ကျင့်ပေးမယ်ဆိုရင်

    • မွေးစကနေ ၂လ

    ကလေးက ခေါင်းမခိုင်သေးတဲ့အတွက် အမေ့ဗိုက်ပေါ် တင်ထားတာ အကောင်းဆုံးပါ။ ကလေးရင်ဘတ်အောက်မှာ အဝတ်လိပ်လေး ခံထားပေးလို့လည်း ရပါတယ်။ အမေ့ဗိုက်နဲ့ ကပ်နေတော့ Tummy timeလည်းလုပ်ဖြစ် ကလေးနဲ့ ရင်းနှီးပြီးသား ဖြစ်သွားပါတယ်။

    စစချင်းဆိုတော့ တစ်ကြိမ်ကို ၃-၅မိနစ်၊ တစ်ရက်ကို ၂-၃ကြိမ်လောက် လုပ်ပေးရင် ရပါပြီ။ ကလေးက အစပိုင်းမှာ ဂျီကျတာမျိုး ရှိနိုင်ပေမဲ့ နောက်ပိုင်းမှာ အသားကျသွားပါလိမ့်မယ်။

    • ၂လကနေ ၄လ

    ကလေးရဲ့ ကြွက်သားတွေ သန်လာပြီး သူ့ကိုယ်သူ ထိန်းလာနိုင်ပြီဆိုတော့ ပတ်ဝန်းကျင်ကို စပြီး စပ်စုလာပါပြီ။ လျှောက်ကြည့်ပြီး ပျော်လာပါပြီ။ ဒီအချိန်က သူတို့လေးတွေကို မြှူဖို့ အကောင်းဆုံးအချိန်ပါ။

    • ၄လကနေ ၆လ

    ဒီအရွယ်ဆို ကလေးက မှောက်နိုင်ရုံတင်မကတော့ပါဘူး။ မှောက်လိုက် လှန်လိုက်နဲ့ ဆော့နိုင်နေပါပြီ။ လက်တွေ ခြေတွေကိုလည်း ပိုပြီး လှုပ်ရှားနိုင်နေပါပြီ။ ဒီတော့ သူတို့အနားမှာ အရုပ်တွေထားပြီး လှမ်းယူခိုင်းတာတွေ ကျင့်ပေးလို့ ရပါပြီ။

    • ၆လကျော်

    ၆လနောက်ပိုင်းဆိုရင်တော့ တစ်ရက်ကို tummy time တစ်နာရီလောက် ကျင့်ပေးလို့ ရပါပြီ။ ဒီလိုနဲ့ တဖြည်းဖြည်းကုန်းထပြီး လေးဖက်ထောက်နိုင်လာပါလိမ့်မယ်။ ကလေးတွေ လေးဖက်ထောက်ဖို့ဆိုတာ သူ့ကိုယ်သူတွန်းပြီး ကုန်းထနိုင်မှ ရမှာကိုး။ ဒါကြောင့် tummy timeကျင့်ပေးတာက နောက်ပိုင်းမှာ လေးဖက်ထောက်ဖို့၊ ထိုင်ဖို့၊ လမ်းလျှောက်ဖို့ အများကြီး အကူအညီဖြစ်ပါတယ်။

    ကလေးတွေက tummy timeကို မကြိုက်ရင် ဘယ်လိုလုပ်မလဲ

    ကလေးတွေက စစချင်းဆို မှောက်ရတာ မကြိုက်တော့ မှောက်ခိုင်းရင် ငိုတာ၊ ဂျီကျတာတွေ လုပ်တတ်ပါတယ်။ ဒီတော့ သူတို့စိတ်ကြည်တဲ့အချိန်ကို ရွေးပြီး မှောက်ခိုင်းပါ။ ဥပမာ သေးခံလဲပြီးခါစအချိန်တို့၊ အိပ်ရာထစအချိန်တို့ပေါ့။ နောက်ပိုင်းကျရင်တော့ ကလေးစိတ်ကြည်တဲ့အချိန်ကို တဖြည်းဖြည်း သိလာပါလိမ့်မယ်။

    တကယ်လို့ ကလေးက tummy timeကို လုံးဝမကြိုက်ရင်ရော။ ဒါဆိုရင်တော့ မှောက်တဲ့အချိန်ကို လျှော့ကြည့်ပါ။ ခြေထောက်လေးတွေကို နှိပ်ပေးကြည့်၊ နေရာပြောင်းပြီး ကျင့်ကြည့်ပါ။

    အဲ့တာကိုမှ အဆင်မပြေဘူးဆိုရင်တော့ မကျင့်ပေးရုံပဲ ကျန်ပါတော့တယ်။ ရှေ့မှာ ပြောခဲ့သလိုပဲ tummy timeက ကလေးရဲ့ ကြွက်သားတွေကို သန်မာစေတာကြောင့် မှောက်တာ၊ လေးဖက်ထောက်တာ၊ ထိုင်တာ၊ လျှောက်တာတွေကို ပိုပြီး လွယ်ကူစေပါတယ်။

    Tummy timeမကျင့်ရင်လည်း ကျန်းမာတဲ့ကလေးက သူ့အရွယ်နဲ့သူ ဒီဖွံ့ဖြိုးမှုတွေက ဖြစ်လာမှာပါ။ အနည်းအပါး နောက်ကျနိုင်တာမျိုး ဖြစ်နိုင်ပေမဲ့ ဒါက စိတ်ပူစရာတော့လည်း မဟုတ်ပါဘူး။ ကလေးကို သူများထက် ဖြစ်စေချင်တဲ့ဇောနဲ့ အတင်းအကျပ် tummy timeကျင့်ပေးတာမျိုးတော့ မလုပ်ရပါဘူး။

    ကလေးတွေကို tummy time ကျင့်ပေးတဲ့အခါ ဘာတွေ သတိထားရမလဲ

    ကလေးကို အန္တရာယ် မဖြစ်စေဖို့ဆိုရင်

    • Tummy time ကျင့်တိုင်း ကလေးနားမှာ စောင့်ကြည့်နေပါ။
    • နိုး‌နေတဲ့အချိန်မှာပဲ ကျင့်ပါ။ က‌လေးကို မှောက်ပြီး မသိပ်ရပါ။
    • မျက်နှာပြင်မာတဲ့ ကြမ်းပြင်မှာပဲ ကျင့်ပါ။ မွေ့ရာ၊ ဆိုဖာလိုမျိုး နစ်ဝင်သွားနိုင်တဲ့ နေရာမှာမကျင့်ရပါ။
    • ကလေးနားမှာ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ မထားရပါ။

    အကြံပြုချက်

    Tummy timeနဲ့ ပတ်သက်လာရင် Back to Sleep, Tummy to Play ဆိုပြီး ရှိပါတယ်။ ဆိုလိုတာက အိပ်ရင် ပက်လက်၊ နိုးရင် မှောက်လျက်ထားပါလို့ ပြောတာပါ။ Tummy time ကျင့်ပေးတာက ကလေးရဲ့ ကြွက်သားဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေတယ်ဆိုပေမဲ့ ကလေးမကြိုက်ရင်တော့ အတင်းအကျပ် မလုပ်ဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement