backup og meta

အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ

အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ
အစားအစာနဲ့ မတည့်လို့၊ ဆေးနဲ့ မတည့်လို့၊ အင်းဆက်ကိုက်ခံရလို့၊ ပန်းဝတ်မှုန်ကြောင့်၊ တခြားအရာဝတ္ထုတွေကြောင့် စသည်ဖြင့် ဓာတ်မတည့်မှု အမျိုးမျိုး ရှိနိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ အရေပြားက နုနယ်လွန်းတာကြောင့် အရေပြား ဓာတ်မတည့်မှုလည်း အဖြစ်များပါတယ်။ ဒါ့ကြောင့် လူကြီးတွေထက် ပိုဂရုစိုက်ပေးသင့်တာပါ။ ကိုယ်ခံစားနေရတာကို သေချာလည်းမပြောပြတတ်တဲ့၊ ဘာမှမသိသေးတဲ့ အရွယ်မို့ မိဘတွေက သတိထားစောင့်ကြည့်ပေးရမှာပါ။
ဒီတစ်ခေါက်တော့ အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ 

ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုသိနိုင်မလဲ

မပြင်းထန်တဲ့ လက္ခဏာတွေက
  • အရေပြားယားယံလာမယ်
  • နီရဲလာမယ်
  • နည်းနည်းရောင်လာမယ်
  • နှာခေါင်းပိတ်မယ်၊ နှာစေးမယ်
  • နှာချေနေမယ်
  • မျက်လုံးယားမယ်၊ မျက်ရည်ကျမယ်
  • ခန္ဓာကိုယ်မှာ အနီဖုလေးတွေထွက်မယ်။

ကိုယ့်ကလေးမှာ ဒီလိုလက္ခဏာတွေဖြစ်နေသလား သတိထားကြည့်ပါ။ ကာလတိုအတွင်း ပျောက်ကင်းနိုင်လောက်တဲ့ အပျော့စား လက္ခဏာတွေဆိုပေမယ့် လက္ခဏာတာရှည်လာရင် ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။

ပြင်းထန်လာရင်တော့
  • ပါးစပ် သို့မဟုတ် လျှာမှာ ရောင်ရမ်းလာမယ်
  • အစာနဲ့ ရေ မျိုချရခက်၊ စကားပြောရခက်လာမယ်
  • ချွဲကျပ်သလို အသက်ရှူသံဖြစ်လာမယ်၊ အသက်ရှူရခက်လာမယ်
  • ဗိုက်အောင့်မယ်၊ မအီမသာဖြစ်မယ်၊ အန်မယ်၊ ဝမ်းသွားမယ်
  • မူးမယ်၊ သတိလစ်မယ်
  • သွေးခုန်နှုန်း သို့မဟုတ် နှလုံးခုန်မြန်လာမယ် စတဲ့ ပြင်းထန်ဓာတ်မတည့်ခြင်း လက္ခဏာတွေဖြစ်လာရင်တော့ ဆေးရုံ၊ ဆေးခန်းချက်ချင်းပို့ပြီး ကုသမှုခံယူပါ။

ကလေးတွေဆိုတာ ထိခိုက်လွယ်တဲ့ အသားအရေနုနုလေးတွေဖြစ်လို့ သူတို့နဲ့ ထိတွေ့သမျှအရာအားလုံးကို အသားအရေနဲ့ တည့်မတည့် မိဘတွေက သိထားသင့်ပါတယ်။

ရေချိုးဆပ်ပြာ၊ moisturizer၊ baby oil၊ ခေါင်းလျှော်ရည်၊ ပေါင်ဒါစတဲ့ skin care အသုံးအဆောင်တွေအပြင် သူတို့ရဲ့အဝတ်ကို လျှော်တဲ့ ဆပ်ပြာတွေအထိ ဓာတ်မတည့်တာတွေရှိတတ်လို့ ကလေးမှာ လက္ခဏာတွေပေါ်လာရင် ဘာနဲ့မတည့်လို့ ဖြစ်တာလဲဆိုတာ အရင်ရှာဖွေပါ။ ဒါမှ ထပ်မံထိတွေ့မှုကို ရှောင်ရှားနိုင်မှာဖြစ်သလို လက္ခဏာပိုမဆိုးလာစေဖို့ တားဆီးပြီးသားဖြစ်မှာပါ။

ဘယ်လိုသိနိုင်မလဲဆိုတော့ ဥပမာ ကလေးကို ရေချိုးပေးပြီးတဲ့အခါ၊ lotion လိမ်းပေးပြီးတဲ့အခါ သို့မဟုတ် လျှော်ဖွပ်ပြီးသားအဝတ်ကို ဝတ်ပေးလိုက်တဲ့အခါ အရေပြားမှာ နီရဲလာတာ၊ လက္ခဏာပြလာတာမျိုးကို သတိထားမိနိုင်ပါတယ်။

လက္ခဏာတွေတွေ့ရပြီဆိုတာနဲ့ မသင်္ကာဖြစ်တဲ့ lotion သို့မဟုတ် အဝတ်လျှော်ဆပ်ပြာကို တခြားအမျိုးအစား ပြောင်းသုံးသင့်ပါတယ်။ ကလေးအနှီး သို့မဟုတ် အဝတ်အစားတွေကို လျှော်တဲ့နေရာမှာ ပုံမှန်သုံးနေကျထက် ပိုပျော့တဲ့ဆပ်ပြာအမျိုးအစားကို သုံးသင့်ပါတယ်။

ကလေးမှာ ဓာတ်မတည့်မှုဖြစ်လာရင် ဒါလေးတွေလုပ်ပေးပါ

ကလေးမှာ ဓာတ်မတည့်မှုဖြစ်လာရင်တော့အောက်ပါအချက်လေးတွေ လုပ်ပေးခြင်းအားဖြင့် ကလေးမှာခံစားနေရတဲ့ ဓာတ်မတည့်မှုလက္ခဏာတွေကို သက်သာစေမှာဖြစ်ပါတယ်။

(၁) ကလေးကို နေအိမ်ထဲမှာပဲ ထားပါ

ကလေးမှာဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုက ကလေးကို နေအိမ်ထဲမှာပဲ နေစေတာပါ။ အပြင်ဘက်မှာက ဝတ်မှုန်လိုမျိုး ကလေးကို ဓာတ်မတည့်မှုဖြစ်စေတဲ့အရာမျိုးနဲ့ ထိတွေ့မိနိုင်တာကြောင့်ပါ။

(၂) ဆားရည်ကို အသုံးပြုပေးပါ

ဓာတ်မတည့်မှုကြောင့် ကလေးတွေမှာ နှာစေးတာ၊ နှာပိတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေကို သက်သာစေဖို့ဆိုရင် ကလေးရဲ့ နှာခေါင်းထဲကို ဆားရည်အစက်ချပေးတာမျိုး လုပ်ပေးလို့ရပါတယ်။ ဆေးဆိုင်တွေမှာ saline ဝယ်ယူလို့ရသလို ရေနွေးဆူဆူ ၈အောင်စထဲကို အိုင်အိုဒင်းမပါတဲ့ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီးတော့ ကိုယ်တိုင်လုပ်လို့လည်းရပါတယ်။

(၃) ရေဓာတ်ပြည့်ဝအောင် ထားပါ

ဓာတ်မတည့်မှုကြောင့် ကလေးက ရေငတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးလက်လှမ်းမီတဲ့နေရာမှာ ရေပုလင်းကို အပြည့်ဖြည့်ထားပြီး ကလေးကိုလည်းရေသောက်ဖို့ သတိပေးပါ။

(၄) ရေနွေးငွေ့ရှူခိုင်းပါ။

ရေနွေးငွေ့က ကလေးရဲ့ ဓာတ်မတည့်မှုကို သက်သာစေနိုင်ပါတယ်။ ကလေးကို ရေနွေးနွေးလေးနဲ့ ချိုးပေးလို့လည်း ရပါတယ်။ ရေနွေးအရမ်းမပူဖို့တော့ သတိထားပါ။

(၅) ရေခဲကပ်ပေးပါ

ကလေးရဲ့မျက်လုံးက ဓာတ်မတည့်မှုကြောင့်ယားယံတာမျိုးဖြစ်နိုင်ပါတယ်။ ရေအေးဝတ်ကပ်ပေးတာဖြစ်ဖြစ်၊ ရေခဲကို တဘက်ထဲထည့်ထုပ်ပြီး ကပ်ပေးတာမျိုးဖြစ်ဖြစ်လုပ်ပေးရင် ယားယံတာသက်သာမှာပါ။

(၆) ကလေးကို မျက်လုံးမပွတ်အောင် ဂရုစိုက်ပေးပါ

ကလေးက မျက်လုံးကို မပွတ်အောင်လည်း သတိထားပေးပါ။ မျက်လုံးကို ပွတ်တာက ယားယံတာကို ပိုဆိုးစေနိုင်လို့ပါ။

(၇) ပူပူစပ်စပ်လေးတွေကျွေးပေးပါ

ကလေးက အစပ်စားနိုင်တယ်ဆိုရင် ချင်း (ginger)၊ ပဲနံ့သာစေ့ (fenugreek)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ ထည့်ချက်ထားတဲ့ ပူပူစပ်စပ်စားစရာတစ်ခုခုလုပ်ပေးလိုက်ပါ။ ချွဲတွေကို ကျေစေနိုင်ပြီး နှာခေါင်းပွင့်သွားပါလိမ့်မယ်။

(၈) လေထုခြောက်သွေ့မှုမရှိအောင် လုပ်ဆောင်ပါ

လေထုထဲမှာ အစိုဓာတ်နည်းနည်းလောက်ရှိတာက ကလေးကို အသက်ရှူရလွယ်ကူစေပါတယ်။ တကယ်လို့များ အိမ်တွင်းလေထုက ခြောက်သွေ့နေရင် စိုထိုင်းမှုထိန်းစက်လေးဖွင့်ပေးထားပါ။

(၉) တစ်သျှူးနုနုလေး ဆောင်ထားပေးပါ

ကလေးရဲ့ ဓာတ်မတည့်မှုကြောင့် နှာခေါင်းက နှာချေရလွန်းတာ၊ နှာရည်ထွက်တာကြောင့် နှာခေါင်းကအထိမခံနိုင်အောင် နာလာတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးနှာချေတဲ့အခါဖြစ်ဖြစ် နှာရည်သုတ်ဖို့ဖြစ်ဖြစ် တစ်သျှူး နုနုလေးတွေ ဆောင်ထားပေးပါ။

(၁၀) Petroleum jelly လူးပေးပါ

ကလေးနှာခေါင်းက နှာညှစ်ရလွန်းတာကြောင့် နီရဲပြီး အရေပြားခြောက်တာ၊ အသားနီလန်တာမျိုးဖြစ်နေမယ်ဆိုရင် နှာခေါင်းကို petroleum jellyလေး လူးပေးပါ။

(၁၁) ဆားရည်နဲ့ ပလုတ်ကျင်းစေပါ

ကလေးက ဓာတ်မတည့်မှုကြောင့် လည်ချောင်းနာတာမျိုးခံစားရမယ်ဆိုရင် ဆားနဲ့ ရေနွေးကို သမအေင်ရောပြီး ခပ်နွေးနွေးအနေအထားမှာ အာလုတ်ကျင်းပေးပါ။ လည်ချောင်းနာသက်သာစေပါတယ်။

(၁၂) ရေနွေးနွေးလေးတိုက်ပေးပါ

ရေများများသောက်လေလေ လည်ချောင်းနာတာကို သက်သာစေလေလေပါ။ရေနွေးနွေးလေးကို မကြာခဏတိုက်ပေးပါ။

(၁၃) ရေနွေးအိတ်ကပ်ပေးပါ

ကလေးက ဓာတ်မတည့်မှုကြောင့် နှာခေါင်းပိတ်တာမျိုးဖြစ်မယ်ဆိုရင် နှာရိုးပေါ်မှာ ရေနွေးဝတ်ကပ်ပေးတာဖြစ်ဖြစ်၊ ရေနွေးအိတ်လေးကပ်ပေးတာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။ အနွေးဓာတ်က နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။

(၁၄) ဓာတ်မတည့်မှုကို ပိုဆိုးစေနိုင်တဲ့ အစားအသောက်တွေကို မကျွေးမိအောင်သတိထားပါ

တကယ်လို့ ကလေးနဲ့ ဓာတ်မတည့်ဖြစ်စေနိုင်တယ်လို့ ယူဆတဲ့ အစားအစာတွေရှိမယ်ဆို ဒီအချိန်မှာ မကျွေးမိအောင် ဂရုစိုက်ပါ။ အသားအရေထိန်းသိမ်းပစ္စည်းကြောင့် ဓာတ်မတည့်တာလား၊ အစားအစာကြောင့်လားဆိုတာ ခွဲဖို့ ခက်စေပါတယ်။

အရမ်းပြင်းထန်လာရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုမှာဖြစ်ပါတယ်။ မတော်တဆ ဆိုတာမျိုးကလည်း ကြိုမှန်းလို့ မရတာမျိုးဆိုတော့ ဖေဖေမေမေတွေအနေနဲ့ ရင်သွေးလေးမှာ ဓာတ်မတည့်တာမျိုး ဖြစ်လာတဲ့အခါ အခုဖော်ပြခဲ့တဲ့ နည်းလေးတွေအတိုင်း စောင့်ရှောက်ပေးနိုင်ကြပါစေကြောင်း။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref;

https://www.webmd.com/allergies/treating-skin-allergy-symptoms-kids

https://www.webmd.com/first-aid/allergic-reaction-treatment

http://kidshealth.org/en/parents/allergic-reaction-sheet.html

http://www.parenting.com/health-guide/first-aid/allergic-reactions

ယခုပုံစံ

15/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

ကလေးဆံသား ကို ဘာကြောင့်ထိန်းသိမ်းပေးသင့်တာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement