ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင်

    ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင်

    လူတိုင်းကျန်းမာဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတယ် ဆိုတာကို ပြောစရာမလိုအောင်ကို သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဆိုတဲ့ နေရာမှာလည်း ခေါင်းအစခြေအဆုံး သန့်ရှင်းဖို့ လိုပါမယ်။ ခြေသည်းလက်သည်းတွေ ကိုလည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။

    ခြေသည်းလက်သည်းတွေ ရှည်လာတဲ့အခါ လက်သည်းတွေကြားမှာ မသန့်ရှင်းတဲ့အရာတွေ ကပ်ညှိပြီး လက်ကနေတဆင့် ပါးစပ်ထဲဝင်သွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးတွေကိုလည်း ရောဂါကင်းတဲ့ ကလေးလေးတွေအဖြစ် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကတည်းက လက်သည်းတွေကို သေချာသန့်စင်ပေးဖို့ လိုပါမယ်။

    လူတွေက ကိုယ့်လက်သည်းကို ကိုယ်တိုင်ညှပ်ကြတာများပါတယ်။ ကိုယ့်လက်သည်းခြေသည်းတွေကို ကိုယ်တိုင်ညှပ်တဲ့အခါ သိပ်ပြဿနာ မရှိပေမယ့် ကလေးတွေရဲ့လက်သည်းကို ညှပ်ပေးဖို့ကျတော့ မတော်တဆ ထိခိုက်သွားမှာကိုစိုးရိမ်ကြပါတယ်။ ဒါကြောင့် အခုတစ်ခေါက် ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင် ဘယ်အချက်လေးတွေကို သတိထားရမလဲ ဆိုတာကို ပြောပြပေးပါရစေ။

    ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင်

    ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင်

    ကလေးလေးတွေရဲ့ လက်သည်းလေးတွေက အရမ်းမာနေတာမျိုးလည်း မဟုတ်သလို ငယ်သေးတဲ့အရွယ်ဆိုရင် ညစ်ပေတာတွေနဲ့ ထိတွေ့နိုင်ခြေကလည်း နည်းတယ်ဆိုပေမယ့် မတော်တဆ ကုတ်ခြစ်မိတာမျိုး ဖြစ်နိုင်တာကြောင့် လက်သည်းလေးတွေကို သေချာညှပ်ပေးထားဖို့ လိုပါမယ်။ ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးဖို့ လိုပါမယ်။

    လက်သည်းညှပ်တော့မယ်ဆိုရင်

    လိုအပ်တဲ့ပစ္စည်းလေးတွေဖြစ်တဲ့ လက်သည်းညှပ် ဒါမှမဟုတ် ကလေးလေးတွေအတွက် အထူးထုတ်ထားတဲ့ လက်သည်းညှပ်တဲ့ ကပ်ကြေးလေး၊ တံစဉ်း၊တစ်သျှူးစလေးတွေ လိုပါမယ်။ ကိုယ်က အနီးမှုန်တတ်တယ်ဆိုရင်တော့ မျက်မှန်တပ်ဖို့လည်း လိုပါလိမ့်မယ်။

    ကူညီပေးမယ့်သူ လိုပါမယ်

    ကလေးကို လက်သည်းညှပ်တဲ့အခါ တစ်ယောက်တည်းညှပ်တာထက် တစ်ယောက်ယောက်ကို ကလေးကို ထိန်းထားပေးဖို့ အကူအညီတောင်းတာ ပိုကောင်းပါမယ်။ တစ်ယောက်က ကလေးကို ချီပြီးထိန်းထားပေးတဲ့အခါ ကလေးက ရုန်းကန်တာကြောင့် မတော်တဆ ထိခိုက်မိတာမျိုး ဖြစ်မှာကို မပူရတော့ပါဘူး။ ကူညီပေးနိုင်မယ့် သူမရှိရင်တော့ ကလေးအိပ်နေတုန်းမှာ ညှပ်ပေးလို့ ရပါတယ်။

    ကလေးလက်ကလေးကို ထိန်းကိုင်ထားပါ

    ကလေးကို လက်သည်း ညှပ်တဲ့အခါ ကလေးလက်ကလေးကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး နောက်တစ်ဖက်နဲ့ လက်သည်းညှပ်ကို ကိုင်ပြီး ညှပ်ပေးပါ။ လက်သည်း အစွန်းထွက်နေတာမျိုးတွေ မဖြစ်စေဖို့အတွက် လက်သည်းလေးတွေကို သေသေချာချာ တိပေးရပါမယ်။ ကလေးကို ရေချိုးပြီးချိန်မှာ လက်သည်း ညှပ်ပေးတာက အကောင်းဆုံးပါ။

    လက်ကို တစ်ချောင်းချင်း မိမိရရကိုင်ပြီး ညှပ်ပါ

    လက်သည်း ညှပ်တဲ့အခါ လက်ချောင်းလေးတွေကို တစ်ချောင်းချင်းစီ မိမိရရ ကိုင်ပြီး ညှပ်ပေးပါ။ ဒါမှ မတော်တဆ ထိခိုက်နိုင်ခြေ နည်းမှာပါ။ တကယ်လို့များ လက်သည်း ညှပ်ရင်း လက်အသားကို ထိမိတာမျိုး ဖြစ်မယ်ဆိုရင် တစ်သျှူးစလေးနဲ့ ထိမိတဲ့ နေရာကို နည်းနည်းလေး ဖိထားပေးပါ။ ခဏနေရင် သွေးတိတ်သွားပါလိမ့်မယ်၊၊

    လက်သည်း အစွန်းလေးတွေကို ညှိပေးပါ

    လက်သည်း အစွန်းလေးတွေနဲ့ ထိခိုက်မိပြီး ဒဏ်ရာအနာတရ ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ လက်သည်းညှပ်ပြီးတိုင်း မမေ့တမ်း လုပ်ပေးရမှာက လက်သည်းအစွန်းလေးတွေကို တံစဉ်းလေးနဲ့ တိုက်ပြီး ညှိပေးဖို့ပါ။

    လက်သည်းလေးတွေတင် မဟုတ်ပါဘူး။ အခုပြောပြခဲ့တဲ့ နည်းလေးတွေ အတိုင်း ကလေးရဲ့ ခြေသည်းလေးတွေကိုလည်း ညှပ်ပေးလို့ ရပါတယ်။ ခြေသည်းညှပ်တဲ့အခါ သတိထားရမှာ တစ်ခုက အတွင်းထဲကို အတင်းဝိုက်ပြီး ညှပ်တာမျိုး မလုပ်မိဖို့ပါ။ ခြေစွယ်ငုပ်တာလိုမျိုး ဖြစ်ပြီး ကလေးအနေနဲ့ နေရထိုင်ရ မအီမသာဖြစ်တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement