backup og meta

သင့်ကလေး မျက်လုံးအားနည်းနေခြင်း ရှိမရှိ ဘယ်လိုသိနိုင်မလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး မျက်လုံးအားနည်းနေခြင်း ရှိမရှိ ဘယ်လိုသိနိုင်မလဲ

    အခုခေတ်လို စမတ်ဖုန်းတွေ၊ တယ်လီဗေးရှင်းတွေ အရမ်းအားကောင်းလာတဲ့အချိန်မျိုးမှာ ကလေးတွေ ငယ်ငယ်လေးနဲ့ မျက်စိအားနည်းလာတာတွေ့ရပါတယ်။ တချို့ဆို မူလတန်းအရွယ်ကတည်းကတောင် မျက်မှန်စတပ်လာရပါတယ်။ အနီးမှုန်၊ အဝေးမှုန်ဖြစ်တာကို မျက်မှန်တပ်ပြီး ကြည့်ရအဆင်ပြေအောင်လုပ်နိုင်ပေမဲ့ ကလေးရဲ့မျက်လုံးအားနည်းနေပြီလားဆိုတာကို ဘယ်လိုသိနိုင်ပါမလဲ။ အခုပြောပြပေးမယ့် အချက်လေးတွေကို သတိထားကြည့်ပြီး မိမိကလေးမှာ မျက်စိပြဿနာတစ်ခုခုရှိနေသလားဆိုတာကို အကြမ်းဖျင်းဆန်းစစ်နိုင်မှာပါ။

    ၁ – တစ်ခုခုကိုကြည့်ရင် မျက်လုံးမှေးကြည့်ရတယ်

    တစ်ခုခုကိုကြည့်လို့သိပ်ကောင်းကောင်းမမြင်ရရင် မျက်လုံးမှေးကြည့်ဖူးပါသလား။ ကလေးတွေလည်း ဒီလိုပါပဲ။ သူတို့တစ်ခုခုကိုကြည့်လို့ ရှင်းရှင်းလင်းလင်းမမြင်ရတဲ့အခါ မျက်လုံးကိုအတင်းမှေးပြီးကြည့်တတ်ကြပါတယ်။ ဒီလိုမှေးကြည့်လိုက်တဲ့အတွက် မျက်လုံးထဲကိုအလင်းတွေပိုစုဝင်သွားပြီး ပိုရှင်းရှင်းလင်းလင်း မြင်ရစေပါတယ်။ ကလေးတစ်ယောက် စာဖတ်ရင်ဖြစ်ဖြစ်၊ တစ်ခုခုကိုကြည့်တဲ့အခါဖြစ်ဖြစ် မျက်စိကိုအတင်းမှေးကြည့်နေရင် သူ့ရဲ့အမြင်အာရုံသိပ်မကောင်းလို့ဖြစ်နိုင်ပါတယ်။

    ၂ – ခေါင်းစောင်းပြီးကြည့်တတ်တယ်

    ခေါင်းစောင်းပြီးကြည့်ရတယ်ဆိုတာ မျက်လုံးကြွက်သားမညီမျှလို့ ဒါမှမဟုတ် မျက်ကြောသေနေလို့ လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေကျပြန်တော့လည်း အပေါ်မျက်ခွံက အောက်ကိုတွဲကျနေတဲ့အတွက် အမြင်အာရုံမကွယ်အောင် ခေါင်းကိုစောင်းပြီးကြည့်တာမျိုး ရှိတတ်ပါတယ်။ မျက်လုံးက ပုံရိပ် ၂ ထပ်ဖြစ်နေတဲ့ အခြေအနေမျိုးမှာဆိုလည်း ဒီလိုပုံစံနဲ့ကြည့်တတ်တာမို့ ကလေးခေါင်းစောင်းနေရင် သေချာစစ်ဆေးကြည့်ဖို့လိုမယ်နော်။

    ၃ – တီဗီကိုအရမ်းကပ်ကြည့်တယ်

    တီဗီ၊ တက်ဘလက်တွေမှာ ကျယ်ပြန့်တဲ့မျက်နှာပြင်ပါဝင်တဲ့အတွက် ခပ်လှမ်းလှမ်းကနေတောင် အဆင်ပြေပြေကြည့်နိုင်ပါတယ်။ ဒါပေမဲ့သင့်ကလေးက အနီးကပ်ကြည့်မှမြင်ရတယ်၊ အားရတယ်ဆိုရင်တော့ အဝေးမှုန်နေတာဖြစ်နိုင်ပါတယ်။ သေချာသိရအောင် မျက်စိဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။

    ၄ – စာဖတ်ရင် ဖြောင့်ဖြောင့်ဖတ်ဖို့ အခက်အခဲရှိတယ်

    ကလေးမှာ ဒီပြဿနာရှိမရှိ လွယ်လွယ်သိနိုင်မယ့် နည်းတစ်ခုရှိပါတယ်။ စာကိုအသံထွက်ဖတ်ခိုင်းလိုက်ပါ။ ဖတ်နေရင်း စာကြောင်းကျော်သွားရင် ဒါမှမဟုတ် ဘယ်နားကိုဖတ်နေမှန်းမသိဘဲ ရပ်သွားရင် စာကိုအတန်းလိုက်ဖတ်ဖို့ အခက်အခဲရှိတာကြောင့်ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် မျက်လုံးသူငယ်အိမ်စောင်းနေတဲ့ကလေးငယ်တွေမှာ ဒီလိုပြဿနာကြုံရတတ်ပါတယ်။

    ၅ – စာဖတ်ရင်၊ တီဗီကြည့်ရင် မျက်လုံးတစ်ဖက်ကိုလက်နဲ့အုပ်ထားတတ်တယ်

    ဒါကတော့ နည်းနည်းသိသာပါတယ်။ အားနည်းနေတဲ့မျက်လုံးတစ်ဖက်ဖက်ကို အုပ်ထားပြီးကြည့်ရင် ပိုအဆင်ပြေတဲ့အတွက်ဒီလိုလုပ်တာပါ။ မျက်လုံးတစ်ဖက်တည်းအားနည်းတဲ့ပြဿနာကို အချိန်မှီမကုသဘဲထားရင် ကြာလာရင် ကလေးငယ်မျက်စိစွေသွားနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။

    ၆ – မျက်လုံးခဏခဏပွတ်တယ်

    အိပ်ချင်လို့မျက်လုံးပွတ်တာ၊ မျက်လုံးယားလို့ ပွတ်တာမျိုးက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ တခြားမျက်လုံးပြဿနာတစ်ခုခုရှိလို့ ပွတ်တာမျိုးဆိုရင်တော့ သတိထားသင့်ပါတယ်။ ဥပမာပြောရရင် လေထုထဲမှာပါလာတဲ့ဝတ်မှုန်တစ်မျိုးမျိုးနဲ့ ဓာတ်မတည့်တဲ့အခါမှာ မျက်မြှေးရောင်တတ်ပါတယ်။ မျက်မြှေးရောင်တာကြောင့် မျက်လုံးနီရဲပြီး အယားသက်သာအောင်ခဏခဏပွတ်ရတတ်ပါတယ်။

    ၇ – ခဏခဏ ခေါင်းကိုက်တယ်

    မျက်စိအားနည်းလို့ ခဏခဏခေါင်းကိုက်တာကိုတော့ အနီးမှုန်ပြဿနာရှိတဲ့ကလေးတွေမှာ ပိုအတွေ့များပါတယ်။ ဒါဘာလို့ဖြစ်ရသလဲဆိုရင် အနီးကပ်မြင်ကွင်းတွေမှာ ရှင်းရှင်းလင်းလင်းမမြင်ရတဲ့အတွက် မျက်လုံးကပိုအားစိုက်အလုပ်လုပ်ရလို့ပဲဖြစ်ပါတယ်။

    ရေးသားသူ – Dr.Htoo Tint

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement