backup og meta

သားသားမီးမီးတွေ ဖျားနာနေရင် ဘယ်လိုစောင့်ရှောက်ပေးကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 31/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားမီးမီးတွေ ဖျားနာနေရင် ဘယ်လိုစောင့်ရှောက်ပေးကြမလဲ

    သားသားမီးမီးတွေ ဖျားနာနေရင် ဘယ်လိုစောင့်ရှောက်ပေးကြမလဲ ….. မိဘဆိုတာမျိုးက ကိုယ့်ကလေး ဖျားပြီနာပြီဟေ့ဆိုရင် ခြေမကိုင်မိလက်မကိုင်မိနဲ့ ပူပင်သောကများပြီး စိုးရိမ်တတ်ကြတာ ဓမ္မတာပါပဲ။ သားသားမီးမီးတို့ ဖျားပြီ နာပြီဆိုရင် စနစ်တကျ ပြုစုစောင့်ရှောက်ရမှာဖြစ်ပါတယ်။

    ခုကာလက ရာသီအကူးအပြာင်းကာလဖြစ်တာမို့ တုပ်ကွေးတွေ သောင်းကျန်းတဲ့ကာလဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ရောဂါကပ်ဘေးကလည်း သောင်းကျန်းနေတဲ့ကာလဖြစ်တာမို့ တွေးပူစရာတွေကတော့ အများသားရယ်ပါ။

    ဒီလိုကာလမျိုးမှာလည်ချောင်းနာတာချောင်းဆိုးတာ၊ ဖျားတာနာတာ၊ ကိုယ်လက်ကိုက်ခဲ့တာစသဖြင့် ရောဂါလက္ခဏာတွေ ပြသနေရင်တောင်မှ တုပ်ကွေးလား၊ ရိုးရိုးဖျားတာလား၊ ကိုဗစ်များလားဆိုပြီး တွေးပူနေရပါလိမ့်မယ်။

    ခုချိန်မှာ ကလေးဖျားပြီ နာပြီဆိုရင် စိုးရိမ်သောကများမနေပဲ နည်းမှန်လမ်းမှန်နဲ့ ရင်သွေးကို ပြုစုစောင့်ရှောက်ဖို့လိုအပ်ပါတယ်။ COVID-19 ဖြစ်နေမယ်ဆိုရင်တောင်မှ ရောဂါလက္ခဏာမပြင်းထန်ရင် နေအိမ်မှာပဲ Home Q ဝင်ပြီး ကုစားရမှာဖြစ်သလို တုပ်ကွေးဆိုရင်လည်း ခုချိန်မှာ ဆေးခန်းပြသဖို့ အတန်ငယ်ခက်ခဲနေနိုင်တာမို့ ကိုယ်တိုင်ပြုစုစောင့်ရှောက်တဲ့ နည်းလမ်းက အကောင်းဆုံးလို့ ဆိုရမလိုပါပဲ။

    အဖြစ်များတဲ့ တုပ်ကွေးရောဂါဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ပျမ်းမျှခြင်းအားဖြင့် ဝေဒနာခံစားရချိန်ဟာ ပျမ်းမျှတစ်ပတ်ဝန်းကျင်လောက်အထိ ကြာမြင့်တတ်ပါတယ်။ လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာမို့ ကူးစက်လွယ်ပြီး ငယ်ရွယ်တဲ့ကလေးငယ်တွေအတွက် ပိုမိုခံစားရနိုင်ပါတယ်။ ဒါကြောင့် သူတို့လေးတွေကို အထူးဂရုစိုက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

    သားသားမီးမီးတွေ ဖျားနာနေရင် ဘယ်လိုစောင့်ရှောက်ပေးကြမလဲ

    သားသားမီးမီးတွေ ဖျားနာနေရင် ဘယ်လိုစောင့်ရှောက်ပေးကြမလဲ ဆိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။ တကယ်လို့ ကိုယ့်ကလေးမှာ ဖျားနာဝေဒနာတစ်စုံတစ်ရာ ခံစားနေရပြီဆိုရင် အောက်ပါနည်းလမ်းတွေအတိုင်း ဂရုတစိုက် ပြုစုဖို့ လိုအပ်မှာဖြစ်ပါတယ်။

    • အစာဝင်အောင် ကျွေးပါ။ နေမကောင်းဖြစ်နေတဲ့ ကလေးကို အစာလျှော့ကျွေးတာ၊ မကျွေးတာမျိုး မလုပ်ရပါဘူး။ ကလေးက မစားဘူးဆိုရင်တောင် ချော့ကျွေးပါ။ နည်းနည်းနဲ့ ခဏခဏ ကျွေးပါ။ နာလန်ထတဲ့ အချိန်မှာလည်း ၂ပတ်လောက်ထိ အနည်းဆုံး ကျွေးနေကြထက် တစ်ကြိမ်ပိုကျွေးပါ။
    • အရည် ပိုတိုက်ပါ။ ရေဓာတ်မဆုံးရှုံးအောင် ရေ/အရည်ပိုတိုက်ပါ။
    • တကယ်လို့ ကလေးက ချောင်းဆိုးနေတယ်ဆိုရင် အိပ်ဆေးပါတဲ့၊ မူးယစ်ဆေးပါတဲ့ ချောင်းဆိုးပျောက်ဆေးတွေ မတိုက်ပါနဲ့။
    • ရေပတ်တိုက်ပါ။ ကိုယ်ပူချိန်များရင် ရေပတ်တိုက်ပေးပါ။ ရေခဲရေ မသုံးပါနဲ့။ ဒါမှမဟုတ် ရေမြန်မြန်ချိုးပေးလို့ ရပါတယ်။
    • အဝတ်ပါးပါး ဝတ်ပေးပါ။
    • လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ထားပါ။
    • မက်ကလောင် မဖောက်ပါနဲ့။
    • ဘယ်ရာသီဖြစ်ဖြစ် အဖျား ၃ရက်ကျော်တိုင်း သွေးလွန်တုပ်ကွေးသံသယ ရှိပါ။ ခြေဖျား လက်ဖျား အေးနေရင်၊ အဖျားကျပြီး မလန်းရင် ဆေးရုံ အမြန်သွားပါ။
    • ပါရာစီတမောကို ကလေး အသက် ဒါမှမဟုတ် ကိုယ်အလေးချိန်အလိုက် နည်းစနစ်မှန်မှန် တိုက်နိုင်ပါတယ်။ သင့်တော်ရာ အရည်၊ အခဲ စသဖြင့် တိုက်ပေးပါ။
    • ဆရာဝန် ပြပါ။ တချို့အခြေအနေတွေမှာ ဆရာဝန်နဲ့ ကုသဖို့ မဖြစ်မနေလိုအပ်နိုင်တာကြောင့်ဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ ရင်သွေးငယ်ဟာ အသက် ၅ နှစ်အောက်ကလေးငယ်ဖြစ်နေမယ်ဆိုရင်တော့ အမြန်ဆုံး ဆရာဝန်ဆီခေါ်ဆောင်သွားဖို့ လုံးဝ လိုအပ်ပါတယ်။
    • ရောဂါလက္ခဏာတွေကို သက်သာအောင် ကြိုးပမ်းပါ။ ရင်သွေးငယ်မှာ အဖျား ဒါမှမဟုတ် တုပ်ကွေးဝေဒနာ ခံစားနေရပြီဆိုရင် အရည်များများတိုက်ကျွေးတာမျိုး၊ နွေးနွေးထွေးထွေးအနားယူစေတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ဒီနည်းလမ်းတွေဟာ ကလေးငယ်အတွက် ရောဂါဝေဒနာခံစားရမှုကို သက်သာစေနိုင်မှာဖြစ်ပါတယ်။
    • ဘယ်လိုအချိန်မှာ အကူအညီလိုအပ်မလဲဆိုတာကို နားလည်ပါ – တုပ်ကွေးဝေဒနာခံစားရချိန်မှာ အခြေအနေကို ချင့်ချိန်နိုင်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ အိမ်မှာပဲ ကြိတ်မှိတ်ကုသနေတာမျိုးက ကလေးအတွက် ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရစေနိုင်ပါတယ်။
    • အခြေအနေကို သဘောပေါက် နားလည်ပါ – ကိုယ့်ရင်သွေး ဘယ်လိုဝေဒနာခံစားနေရလဲဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်အောင် လုပ်သင့်သလို ရောဂါလက္ခဏာတွေကိုလည်း မပြတ်လေ့လာနေသင့်ပါတယ်။ အသက် ၃ လအောက်ကလေးတွေမှာ အပူချိန် ၁၀၁ ဒီဂရီထက် ပိုနေပြီဆိုရင် မဖြစ်မနေ ဆေးခန်းဆီ သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။ နောက်ပြီး ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာမျိုး (ဝမ်းသွားနည်းလာတာ၊ ပါးစပ်နဲ့ မျက်လုံးတွေ ခြောက်လာတာ) ၊ အသက်ရှူနှုန်းပုံမှန်မဟုတ်တာမျိုး (အသက်ရှူကြပ်လာတာ၊ ချွဲထလာတာ၊ ရင်ကြပ်လာတာမျိုး) တွေ ကြုံလာခဲ့ရင်လည်း ဆေးခန်းသွားရမှာပါ။

    ချစ်ရတဲ့ သားသားမီးမီးလေးတွေ ဖျားနာရင် ဒီနည်းလမ်းလေးတွေနဲ့ ဂရုစိုက်ပေးလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 31/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement