ကလေးတွေရဲ့ အစာခြေစနစ်က အစားအစာတွေကို ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေအဖြစ်ပြောင်းလဲပေးပြီး ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးတဲ့ အရေးပါတဲ့ စနစ်တစ်ခုပေါ့။ကောင်းမွန်တဲ့ အစာခြေစနစ်က ကျန်းမာဖို့အတွက်အရေးပါတဲ့အချက်တစ်ချက်ပါ။ အစာခြေစနစ်က ရှုပ်ထွေးတဲ့စနစ်တစ်ရပ်ပါ။ ပါးစပ်ကနေစပြီး အစာတွေကိုချေဖျက်ရင်းနောက်ဆုံး စအိုရောက်မှဆုံးသွားတဲ့စနစ်၊ ခန္ဓါကိုယ်တွင်းစနစ်တွေထဲမှာ အရှည်လျားဆုံးပေါ့။ ရှည်လျားသလောက် အလုပ်လည်းများတယ်နော်။ အစာခြေစနစ်ရဲ့ လုပ်ငန်းတာဝန်က အစာခြေရတယ်ဆိုတာထက်ပိုပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ ၇၀ ရာခိုင်နှုန်းကလည်း အစာခြေစနစ်အပေါ်မှာတည်မှီနေတာပါ။ အကျိုးပြုဘက်တီရီးယားအများစု ကွန်းခိုနေတာကလည်း အစာခြေစနစ်ထဲမှာပါ။ ဒီလောက်ဆိုရင် ဘာကြောင့် အစာခြေစနစ်ကို ကျန်းမာအောင်ထားဖို့လိုတယ်လို့ပြောလဲဆိုတာသိလောက်မယ်ထင်ပါတယ်။