home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

တီလားပီးယားငါးကင် သိပ်ကြိုက်တယ်ဆို သိထားသင့်တဲ့အကောင်းအဆိုးလေးတွေ

တီလားပီးယားငါးကင် သိပ်ကြိုက်တယ်ဆို သိထားသင့်တဲ့အကောင်းအဆိုးလေးတွေ

ငါးကင်မှ ငါးကင် အရမ်းကြိုက်ကြတာ တီလားပီးယားငါးပါနော်။ ငါးသံပရာပေါင်းလည်း ဒီငါးပါပဲ၊ ငါးချိုချဉ်ဆိုလည်း သူပဲ၊ ငါးကြွပ်ဆော့စ် လည်းသူပဲ။ ငါးနဲ့ပတ်သက်တဲ့ လူကြိုက်များတဲ့ ဆိုင်ဟင်းလျာတွေမှာ တီလားပီးယားငါးကိုပဲသုံးကြပါတယ်။ အသားလည်းနူးညံ့တယ်၊ ချက်ပြုတ်စီမံသမျှအနံ့အရသာလည်းဝင်တယ်၊ အညှီနံ့နည်းတယ်၊ ချက်ရမြန်တယ်၊ အရိုးနည်းတယ် ဆိုတာတွေက သူ့ရဲ့အားသာချက်တွေပါ။ ဒါပေမယ့် သတင်းပြန့်နေတာတစ်ခုက တီလားပီးယားစားရတာ ကျန်းမာရေးအတွက်မကောင်းဘူးတဲ့လေ။ အဆိပ်သင့်မယ် ဘာညာတွေ သတင်းထွက်ခဲ့ပါတယ်။ ကြိုက်နှစ်သက်နေကြတုန်း၊ စားနေကြတုန်းဆိုပေမယ့် စိတ်ထဲလည်း သင်္ကာမကင်းဘဲ စားရမဖြောင့်ဘူးပေါ့။ အခုတော့ ဒီကိစ္စအဖြေထုတ်ဖို့အတွက် တီလားပီးယားက ကျန်းမာရေးအတွက်ဘယ်လိုအကျိုးပြုလဲဆိုတာ အရင်ပြောကြရအောင်။

ဘာတွေ အကျိုးကျေးဇူးပေးနိုင်လဲ

ကြီးထွားဖွံ့ဖြိုးမှု

တီလားပီးယားရဲ့အရေးပါဆုံးအကျိုးကျေးဇူးတစ်ခုက သူ့ရဲ့အလန်းစားပရိုတင်းပါဝင်မှုပမာဏပါပဲ။ တစ်ခါစားပမာဏလောက်မှာပဲ တစ်နေ့တာလိုအပ်တဲ့ပရိုတင်းပမာဏရဲ့ ၁၅ ရာခိုင်နှုန်းကျော်ကျော်ကိုဖြည့်တင်းပေးလိုက်နိုင်ပါတယ်တဲ့။ ပရိုတင်းဓါတ်ဟာ ကိုယ်တွင်းအင်္ဂါတွေ၊ အမြှေးပါးတွေ၊ ဆဲလ်တွေနဲ့ ကြွက်သားတွေကို ထိုက်သင့်တဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်လာအောင်တိုက်ရိုက်အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် ကြွက်သားကြံ့ခိုင်ဖို့၊ ဆဲလ်တွေပြန်လည်ပြုပြင်ဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေကို ပိုအဆင်ပြေစေဖို့လည်း ပရိုတင်းကိုလိုအပ်ပါတယ်။

အရိုးကျန်းမာရေး

တီလားပီးယားငါးမှာ များများပါဝင်နေတဲ့ သတ္တုဓါတ်ကတော့ အရိုးကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဖော့စဖရပ်စ်ဖြစ်ပါတယ်။ဖော့စဖရပ်စ်ကို သွားနဲ့လက်သည်းကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်တာပါ။ အသက်ကြီးလာတာနဲ့အမျှ အားနည်းလျော့ရဲလာတဲ့ အရိုးကျန်းမာရေးနဲ့ အရိုးပါးခြင်းတို့ကို ကာကွယ်ပေးနိုင်တဲ့ဓါတ်လည်းဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာ

ငါးတော်တော်များများမှာလိုပဲ တီလားပီးယားငါးမှာ ဆယ်လီနီယမ်ပါဝင်မှုအရမ်းများပါတယ်။ ဆယ်လီနီယမ်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေက သိပ်များသလို ဓါတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပါတယ်။ သုတေသနတွေအရ ဆယ်လီနီယမ်က ဆီးကျိတ်ကင်ဆာအပြင် နှလုံးရောဂါပြဿနာတွေကိုကာကွယ်ပေးနိုင်တယ်လို့တွေ့ရှိထားပါတယ်။ free radicalတွေရဲ့သက်ရောက်မှုကိုလျော့နည်းစေဖို့ ဓါတ်တိုးဆန့်ကျင်အာနိသင်နဲ့ကာကွယ်ပေးနိုင်တာမို့ ကင်ဆာကာကွယ်နိုင်တာဖြစ်ပါတယ်။

နှလုံးကျန်းမာရေး

တီလားပီးယားမှာ အကျိုးပြုအဆီဓါတ်omega-3 fatty acids ကြွယ်ဝတဲ့အတွက် ကိုလက်စထရောနဲ့မကောင်းတဲ့အဆီဓါတ်တွေကိုလျော့နည်းစေနိုင်ပါတယ်။omega-3 fatty acids က နှလုံးသွေးကြောကျဉ်းအပါအဝင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ၊လေဖြတ်ခြင်းတို့ကု ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်စီယမ်ပါဝင်မှုကြောင့်လည်းသွေးတိုးကျစေပြီး နှလုံးကျန်းမာရေးအတွက်အကျိုးပြုပါသေးတယ်။

ဦးနှောက်ကျန်းမာရေး

တီလားပီးယားမှာပါတဲ့ ပိုတက်စီယမ်နဲ့ Omega-3 fatty acids တို့က ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး အာရုံကြောလုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။ ပိုတက်စီယမ်က ဦးနှောက်ကိုအောက်ဆီဂျင်ပို့လွှတ်မှုပိုကောင်းစေပြီးခန္ဓါကိုယ်အနှံ့ အရည်ဓါတ်ထိန်းညှိမှုမှန်ကန်စေဖို့ မရှိမဖြစ်လိုတဲ့ဓါတ်ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အာရုံကြောတုံ့ပြန်မှုကိုထောက်ပံ့ပေးပြီး ဦးနှောက်အပါအဝင် ခန္ဓါကိုယ်အနှံ့က လိုအပ်တဲ့အစိတ်အပိုင်းတွေဆီကို အာဟာရတွေပို့ပေးတာဖြစ်ပါတယ်။

အရွယ်မတိုင်မီ ရင့်ရော်ခြင်း

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆယ်လီနီယမ်က ဗီတာမင် အီး နဲ့ ဗီတာမင် စီ တို့ကို နှိုးဆွပေးပါတယ်။ ဒီဗီတာမင်နှစ်မျိုးလုံးဟာ အသားအရေရဲ့ ကျန်းမာရေးနဲ့ အလှအပကို ပိုကောင်းစေဖို့ထောက်ပံ့ပေးတဲ့ဓါတ်တွေပါ။ တီလားပီးယားမှာပါဝင်တဲ့ ဆယ်လီနီယမ် ၂၀ ရာခိုင်နှုန်းကျော်ဟာfree radicalတွေကြောင့်ထိခိုက်မှုရန်က ကာကွယ်ပေးပြီး အသားအရေကိုထောက်ပံ့ပေးတဲ့အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အရေးအကြောင်းတွေ၊ အသားအရေလျော့ရဲတာ၊ အစက်အပျောက်တွေ၊ စတဲ့ ရင့်ရော်မှုလက္ခဏာတွေကို ဒီလိုနည်းလမ်းနဲ့ ကာကွယ်ပေးပါတယ်။

ကိုယ်ခံအားစနစ်နဲ့ သိုင်းရွိုက်လုပ်ဆောင်ချက်

ဆယ်လီနီယမ်က သွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို အားပေးမြှင့်တင်နိုင်တာကြောင့် ကိုယ်ခံအားစနစ်အတွက် အကျိုးပြုပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်ချက်ထိန်းညှိရာမှာ အရေးပါတဲ့အတွက်ဟော်မုန်းလုပ်ဆောင်ချက်တွေကိုလည်း ထိန်းချုပ်နိုင်စေပါတယ်။ ဒါ့ကြောင့် ဇီဝကမ္မဖြစ်စဉ်ကိုထိန်းညှိနိုင်ပြီး ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်တွေပိုကောင်းစေတယ်၊ ခန္ဓါကိုယ်ရဲ့ ဓါတုတုံ့ပြန်မှုတွေကို ပုံမှန်ဖြစ်စေပါတယ်။

သတိထားရမယ့်အချက်

အစပိုင်းကပြောခဲ့သလိုပဲ တီလားပီးယားက အဆိပ်အတောက်ရှိနိုင်တယ်ဆိုတဲ့အချက်ကို ဆက်ပြောပါမယ်။ တီလားပီးယားဟာ သူ့စားကျက်နဲ့နေထိုင်ရာအတွင်း အဆိပ်အတောက်တွေကိုရှင်းလင်းပေးတတ်တဲ့သဘာဝရှိတာမို့ သူတို့ခန္ဓါကိုယ်က စုပ်ယူလာတတ်ပါတယ်။ ငါးမွေးကန်မသန့်တာ၊မွေးမြူတဲ့နည်းစနစ်မမှန်တာ၊သေချာဂရုမစိုက်တာတွေကြောင့် ငါးမှာ အဆိပ်အတောက်ပါလာတတ်ပါတယ်။ သူ့ဝန်းကျင်က အဆိပ်အတောက်ကင်းမယ်၊မွေးမြူမှုမှန်ကန်မယ်ဆိုရင် ဘာပြဿနာမှမရှိပါဘူး။ပြောရရင် ငါးနဲ့မဆိုင်၊မွေးမြူရေးနဲ့သာဆိုင်တာမို့ ဝယ်ယူတဲ့အခါ ငါးအနေအထားကို သတိထားရွေးချယ်သင့်ပါတယ်။ ညှီတဲ့နံတဲ့ တီလားပီးယားသာဆိုသေချာပါပြီ၊ သူရှင်သန်တဲ့နေရာ မသန့်တာ။ လတ်ဆတ်သန့်ပြန့်တဲ့ငါး၊ အရည်အသွေးကောင်းတဲ့ငါးဟာ အာဟာရဓါတ်တွေသာ ပေးမှာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ သူ့မှာ လွန်ကဲရင်ဘေးဖြစ်နိုင်တဲ့omega-6 fatty acids လည်းပါတာကြောင့် နှလုံးရောဂါရှိထားပြီးသားလူတွေအနေနဲ့ အလွန်အကျွံအများကြီးမစားဖို့ သတိပြုသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။