home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ သွားနဲ့ခံတွင်းပြဿနာများအကြောင်း

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ သွားနဲ့ခံတွင်းပြဿနာများအကြောင်း

ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတနည်းလွန်းတဲ့ ကျွန်တော်တို့နိုင်ငံမှာ သွားနဲ့ခံတွင်းနဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတွေဆိုတာလည်း ခဏခဏကို တွေ့မြင်နေရတာပါ။ ဝေးဝေးမှာ မရှာပါနဲ့၊ ကိုယ်နဲ့ စကားပြောနေတဲ့ သူတစ်ယောက် ခံတွင်းနံ့ နံလွန်းနေတာ၊ သွားကိုကြည့်လိုက်ရင် ကွမ်းချိုး၊ သွားချေးကျောက်တွေနဲ့ ပြည့်နေတာ၊ သွားပိုးစားနေတာတွေ သတိထားမိတယ်မလား။ တချို့ဆိုရင် ကိုယ်တိုင်က ခံတွင်းနံ့ဆိုးထွက်နေတော့ မလုံမလဲဖြစ်ပြီး စကားပြောရင် ပါးစပ်အုပ်ပြောတာ၊ မပွင့်တပွင့်ပြောတာတွေ သတိထားမိမှာပါ။ ဒီလိုဖြစ်ရတယ်ဆိုတာလည်း တကယ့် သွားနဲ့ ခံတွင်းသန့်ရှင်းရေးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်တွေကို မသိထားတာ၊ နေထိုင်စားသောက်မှုပုံစံ မှားယွင်းတာတွေကြောင့်လို့ ဆိုရမှာပါ။

ဒါဆို မြန်မာနိုင်ငံမှာ ဘယ်လို သွားနဲ့ခံတွင်းပြဿနာတွေ အဖြစ်များလဲ။

၁။ သွားချေးကျောက်တက်ခြင်း

အစာကို တစ်ဖက်တည်းနဲ့ ဝါးပြီး ကျန်တဲ့တစ်ဖက်ကို လုံးဝမသုံးဘဲ ပစ်ထားတာ၊ သွားကို စနစ်တကျမတိုက်တာ၊ သွားပွတ်ကြိုးမသုံးတာကြောင့် အဓိကဖြစ်ရတာပါ။ သွားရဲ့ အပေါ်ယံကြွေလွှာပေါ်ကို အစပိုင်းမှာ အဝါရောင်အကျိအချွဲလေးတွေ (သွားချေး) ကပ်ငြိလာမယ်၊ အဲ့အကျိအချွဲတွေက ကြာတော့ ခြောက်သွားပြီး နည်းနည်းမာသွားမယ်။ သန့်ရှင်းရေးသေချာမလုပ်လေ၊ အညှိတက်လေ၊ မာပြီးခြောက်သွားလေဆိုတော့ တဖြည်းဖြည်းနဲ့ အဝါရောင် သွားချေးကျောက်တွေ ဖြစ်လာတာပေါ့။

ခံတွင်းနံ့ဆိုးရတဲ့ အဓိကပြဿနာက သွားချေးကျောက်တွေ တက်နေလို့ပါပဲ။ သွားချေးအဆင့်မှာတော့ တစ်ရှူးနဲ့ အလွယ်တကူ သုတ်ပစ်လိုက်ရုံ၊ သွားမှန်မှန် ပြန်တိုက်ပေးရုံနဲ့ သန့်ရှင်းပေးလို့ ရပေမယ့် ကျောက်အဖြစ်ရောက်သွားတဲ့အခါကျရင်တော့ ခံတွင်းဆရာဝန်နဲ့ အမြန်သွားပြဖို့လိုလာပါပြီ။ ဆရာဝန်အနေနဲ့ ကျောက်ခြစ်စက်နဲ့ သွားချေးကျောက်တွေ အကုန်ခြစ်ထုတ်ပြီးသွားရင်တော့ ပါးစပ်ထဲ ပေါ့သွားတယ်လို့ ခံစားရသလို အနံ့ဆိုးတွေလည်း မရှိသလောက် နည်းသွားပါလိမ့်မယ်။

၂။ ကွမ်းချိုးတက်ခြင်း

ထမင်းစားတဲ့အချိန်ကလွဲရင် မြန်မာလူမျိုးအများစုက ကွမ်းလေးကို ဇိမ်ပြေနပြေလေး ဝါးပြီး လောကကြီးရဲ့ အလှအပကို ခံစားရတာ သိပ်ကြိုက်ကြတယ်မလား။ ကျန်းမာရေးအတွက်လည်း ဘာအကျိုးကျေးဇူးမှ မရှိတဲ့အပြင် ပိုက်ဆံအပိုကုန်ရုံသက်သက် ဝယ်စားနေကြတဲ့ ကွမ်းတွေဆိုတာလည်း သွားနဲ့ ခံတွင်းအတွက်တော့ တကယ့်အိပ်မက်ဆိုးပါပဲ။ ကွမ်းစားလိုက်တဲ့အခါ သွားက အနီရောင်ပြောင်းသွားတယ်၊ ခုနောက်ပိုင်းမှာဆိုရင် အစိမ်းရောင်ထွက်တဲ့ ကွမ်းတွေပါ တွေ့နေရတယ်။

ကွမ်းမှာ ပါတဲ့ ကွမ်းသီးတွေက သွားရဲ့အပေါ်ယံကြွေလွှာကို စွန်းထင်းပြီး ပျက်စီးစေတယ်။ သွားကို ပုပ်သိုးသိုး အနံ့ထွက်စေတယ်။ မြန်မာလူမျိုးတွေ ခံတွင်းကင်ဆာဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ကွမ်းစားတာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါကြောင့် ဘယ်နေရာမှ ကောင်းကျိုးမရှိတဲ့ ကွမ်းကို စောစောစီးစီး ဖြတ်လိုက်တာ၊ အစကတည်းက လုံးဝမစားမိစေဖို့ သိထားသင့်ပါတယ်။

၃။ သွားပိုးစားခြင်း

ကလေးတွေမှာ အရမ်းအဖြစ်များတဲ့ ခံတွင်းပြဿနာတစ်ခုပါ။ အချိုတွေ၊ အအေးတွေ၊ သကြားလုံးတွေ အားရပါးရစားပြီး သွားသေချာမတိုက်ဘူး။ မိဘတွေကလည်း ကိုယ့်သားသမီး ဘာစားနေလဲဆိုတာ သိပ်အလေးမထားမိဘူး၊ ကိုယ့်ကလေးပျော်ရင်ပြီးရော ဆိုပြီး စားချင်တာ စား လွှတ်ပေးလိုက်တော့ ပိုဆိုးသွားတာပေါ့။ သွားပိုးစားတဲ့ကလေးတွေမှာ သွားနှစ်ခုကြား၊ သွားဖုံး၊ သို့မဟုတ် သွားရဲ့အပေါ်ယံကြွေလွှာမှာ ပိုးစားထားသလို မည်းမည်းညစ်ညစ် ဖြစ်နေတာကို တွေ့ရမှာပါ။

သွားပိုးစားပြီးနောက်မှာ သွားကလည်း ပျက်စီးဖို့လွယ်ကူသွားသလို သွားပိုးပေါက်တွေဖြစ်ပြီး စားလိုက်တဲ့အစာတွေ ညှပ်သွားနိုင်ပါတယ်။ ဒါကြောင့် အချိုတွေစားပြီးတိုင်း ပလုပ်ကျင်းပေးဖို့လိုသလို သွားကိုလည်း နေ့တိုင်းမှန်မှန်တိုက်ဖို့ အကျင့်လုပ်ထားသင့်ပါတယ်။

၄။ သွားကျဉ်ခြင်း

ပူစပ်လွန်းတဲ့အစားအစာတွေ သို့မဟုတ် အေးလွန်းတာတွေကို ရုတ်တရက်စားလိုက်တဲ့အခါ သွားကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေက ပြဿနာမရှိပေမဲ့ အမြဲလိုလို စားနေတဲ့အခါ သွားကြွေလွှာတွေက ပျက်စီးပြီး ပါးလာတော့ ကျိုးပဲ့ဖို့ ပိုလွယ်သလို သွားကျဉ်တဲ့ဝေဒနာကလည်း ပိုဆိုးလာနိုင်ပါတယ်။

၅။ ခံတွင်းအနံ့ဆိုးထွက်ခြင်း

အဓိကဖြစ်စေတာကတော့ သွားသေချာမတိုက်ခြင်း၊ အနံ့ပြင်းတဲ့ အစားအစာတွေ စားပြီးတိုင်း ပါးစပ်ကို ပလုတ်မကျင်းခြင်း၊ သွားမတိုက်ဘဲ အိပ်ခြင်း၊ သွားချေးကျောက်များ တက်နေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ခံတွင်းအနံ့ဆိုးကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းကို သိရှိပြီးနောက်မှာ သေချာကုသမှုခံယူလိုက်မယ်၊ နောက်ပိုင်းမှာလည်း ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်မယ်ဆိုရင် ခံတွင်းအနံ့ဆိုးတွေက တော်တော်နည်းသွားမှာပါ။

၆။ ရေစီးကမ်းပြိုလိုက်ခြင်း

သွားချေးမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးမွှားတွေက သွားနဲ့ ခံတွင်းကြားမှာ ကပ်ငြိနေပြီးနောက် သွားဖုံးရောင်လာမယ်၊ သွားကြား၊ သွားဖုံးကနေ သွေးယိုစီးနေမယ်၊ သွားဖုံးရောင်နေမယ်။ အဲ့ဒီကနေ မကုသဘဲ ပစ်ထားလို့ အခြေအနေဆိုးလာတဲ့ ရေစီးကမ်းပြို (Peiodontitis) အဆင့်ထိရောက်လာပြီး သွားကိုက်သွားနာဖြစ်တာ၊ ခံတွင်းအနံ့ဆိုးတွေ၊ သွားကျိုးပဲ့တာ၊ သွားဖုံးတွေ နီရဲနေပြီး တစ်ခုခုနဲ့ ထိမိတာနဲ့ သွေးထွက်ပွန်းပဲ့လွယ်နိုင်ပါတယ်။

ဒါတွေကတော့ မြန်မာနိုင်ငံမှာ လူကြီး လူငယ်မရွေး အဖြစ်များတဲ့ သွားနဲ့ခံတွင်းကျန်းမာရေးပြဿနာတွေပါပဲ။ ဒီလိုအခြေအနေထိ မရောက်အောင် ကာကွယ်ဖို့ ကိုယ့်ရဲ့ ခံတွင်းကျန်းမာရေးနဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အဓိကလုပ်ပေးဖို့လိုတာကတော့

• ကိုယ်နဲ့လိုက်ဖက်တဲ့ သွားပွတ်တံကိုပဲ အသုံးပြုပါ။
• သွားပွတ်တံရဲ့ အမွေးက အရမ်းလည်း ပျော့မနေသင့်သလို မာနေတာမျိုး မဖြစ်ရပါဘူး။
• သွားကို နည်းစနစ်မှန်ကန်စွာ တိုက်ပါ။
• မနက်တစ်ကြိမ် ညတစ်ကြိမ် တစ်နေ့ကို ၂ကြိမ်တိတိ သွားတိုက်ပေးရပါမယ်။
• သွားတိုက်ပြီးတိုင်း ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးပါ။
• လျှာခြစ်တံနဲ့ လျှာပေါ်မှာရှိနေတဲ့ အကျိအချွဲတွေကို ဖြည်းဖြည်းချင်း ခွာချပါ။
သွားပွတ်ကြိုးအသုံးပြုပြီး သွားကြားထဲမှာ ညှပ်နေတဲ့ စားကြွင်းစားကျန်တွေကို ရှင်းထုတ်ပါ။
• သွားကို အရောင်စွန်းထင်းစေမယ့် အစားအစာတွေ၊ ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ အစားအစာတွေကိုတော့ စားပြီးတိုင်း ပလုပ်သေချာကျင်းဖို့ လိုပါတယ်။
• ၆လ တစ်ကြိမ် သွားဆရာဝန်ဆီမှာ သွားပြပြီး ခံတွင်းပြဿနာရှိမရှိ စစ်ဆေးပါ။ သွားသန့်ရှင်းရေး လုပ်ပေးပါ။
• ကိုယ့်မှာ ခံတွင်းပြဿနာတစ်ခုခု ရှိနေပါက ကျိတ်ပြီး မဖြေရှင်းပါနဲ့။ သွားဆရာဝန်ဆီမှာ သေချာကုသမှုခံယူပါ။

ခံတွင်းကျန်းမာရေးဆိုတာ ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာကိုပါ သက်ရောက်မှုရှိစေနိုင်တာကြောင့် မပေါ့ဆဖို့ ထပ်မံအကြံပေးလိုက်ချင်ပါတယ်။ Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 24/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။