backup og meta

သွားပွတ်တံ ရဲ့ အရေးပါမှုအတိုင်းအတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားပွတ်တံ ရဲ့ အရေးပါမှုအတိုင်းအတာ

    သွားပွတ်တံ ဘယ်ကစ

    ဒီနေ့ခေတ်မှာတော့ သွားပွတ်တံကတော်တော်လေးသဘောကျစရာပုံစံလေးတွေနဲ့ရွေးချယ်စရာတွေကလည်းတော်တော်လေးများပါတယ်။ သွားပွတ်တံက သွားနဲ့ခံတွင်းကျန်းမာရေးအတွက်အရေးပါသလို လှပတဲ့အပြုံးတစ်ပွင့်အတွက်လည်း အရေးပါတဲ့ဇာတ်လိုက်ပေါ့။ ဒီလိုမျိုးနေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုအထိအရေးပါတဲ့ သွားပွတ်တံက ဘယ်လိုများစတင်ပေါ်ပေါက်လာတာလဲ။ သွားပွတ်တံမပေါ်ခင်ကရော လူတွေက သူတို့ရဲ့ သွားတွေကို ဘယ်လိုများသန့်ရှင်းခဲ့ကြသလဲဆိုတာ တွေးမိဖူးလား။ သွားကိုသန့်ရှင်းဖို့ အသုံးပြုတဲ့ ပစ္စည်းလေးတွေက ဘီစီ ၃၅၀၀နောက်ပိုင်းမှာစတင်ပေါ်ထွက်ခဲ့တာပါ။ဘေဘီလုံလူမျိုးတွေနဲ့ အီဂျစ်လူမျိုးတွေက သစ်ခက်လေးတွေရဲ့ တစ်ဖက်ကို ဖွာနေအောင်လုပ်ပြီး ဖွာနေတဲ့အစွန်းဘက်နဲ့ သွားကိုသန့်ရှင်းကြတာပါတဲ့။ ၁၆၀၀ ဘီစီမှာတော့ တရုတ်လူမျိုးတွေက ခံတွင်းအနံ့ဆိုးကင်းစေဖို့အတွက်မွှေးကြိုင်တဲ့ သစ်ပင်တွေရဲ့ အစိတ်အပိုင်းတွေကို ဝါးပြီး ခံတွင်းသန့်ရှင်းမှုတွေလုပ်ခဲ့ကြပါတယ်။၁၄၉၈ ခုနှစ်မှာတော့ တရုတ်လူမျိုးတွေက ခပ်တောင့်တောင့်လေးဖြစ်တဲ့ ဝက်ဂုတ်မွှေးလေးတွေကို အရိုးဒါမှမဟုတ် ဝါးတံလေးမှာ တပ်ဆင်ပြီး သွားပွတ်တံအဖြစ်အသုံးပြုခဲ့ပါတယ်။ ဥရောပမှာတော့မြင်းမွှေး နဲ့ ငှက်မွှေးတွေကို အသုံးပြုပြီး သွားပွတ်တံအဖြစ်တီထွင်အသုံးပြုခဲ့ကြပါတယ်။

    သိပ်မကြာခင်ကာလမှာDu Pont က နိုင်လွန်ကိုတီထွင်ခဲ့ပြီး ၁၉၃၈ ခုနှစ်မှာ အခုလက်ရှိ အသုံးပြုနေတဲ့ သွားပွတ်တံတွေထွက်ပေါ်လာခဲ့ပါတယ်။ ပထမဆုံး နိုင်လွန်အမွှေးအမျှင်လေးတွေကို အသုံးပြုထားတဲ့ သွားပွတ်တံကိုDoctor West’s Miracle Toothbrush လို့ခေါ်ဝေါ်ခဲ့ပြီး နူးညံ့တဲ့ နိုင်လွန်အမွှေးအမျှင်လေးတွေပါတဲ့ သွားပွတ်တံတွေကို ၁၉၅၀ ခုနှစ်တွေမှာ စတင်အသုံးပြုခဲ့တာပါ။ ပထမဆုံး လျှပ်စစ်သွားပွတ်တံကတော့ ၁၉၃၉ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာပါ။

    သွားပွတ်တံက ဒီလောက်ထိအရေးပါတာပါ

    သွားပွတ်တံကို အသုံးပြုပြီး သွားတိုက်တာက သွားတွေကို သွားပိုးစားတာလိုမျိုး ထိခိုက်ပျက်စီးမှုတွေမဖြစ်အောင်ဘဲ ကာကွယ်ပေးတာမျိုးမဟုတ်ပါဘူး။ သွားဖုံးရောဂါတွေမဖြစ်အောင်ကာကွယ်ပေးသလို အသက်ကြီးတဲ့အထိ သွားတွေကြံ့ခိုင်ကျန်းမာစေဖို့အတွက်လည်း အထောက်အပံ့လုပ်ပေးပါတယ်။ ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် သွားပွတ်တံတစ်ချောင်းကိုရွေးချယ်ဝယ်ယူလို့ သွားနဲ့ခံတွင်းကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ရုတ်တရက်နှလုံးရပ်တာ၊လေဖြတ်တာတွေကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သွားတွေက အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး ခံတွင်းနံ့ဆိုးကိုကင်းစေတာကတော့ သွားပွတ်တံကောင်းကောင်းသုံးပြီး သွားတိုက်တာရဲ့ အပိုဆုလေးတွေပေါ့။

    အစားတစ်ခုခုစားလိုက်တဲ့အခါတိုင်း အစားအသောက်တွေထဲမှာပါတဲ့ သကြားနဲ့ကစီဓါတ်တွေကသွားမှာ သွားချေးတွေအဖြစ်ကပ်ငြိကျန်နေပြီး ဘက်တီးရီးယားတွေကိုပေါက်ဖွားစေနိုင်ပါတယ်။ ဒီနှစ်ခုပေါင်းစည်းမိရာကနေဖြစ်လာတဲ့ အက်ဆစ်က သွားကြွေလွှာတွေကို ပျက်စီးစေပြီး သွားပိုးစားတာကိုဖြစ်စေနိုင်ပါတယ်။ ဒါတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်တာမယ့် နည်းလမ်းကတော့ သွားပွတ်တံကောင်းကောင်းရွေးချယ်အသုံးပြုတာပါ။

    သွားပွတ်တံ ကောင်းကောင်းမသုံးရင် ဘာတွေဖြစ်မလဲ

    သွားပွတ်တံ ကောင်းကောင်းအသုံးမပြုတဲ့အခါ ဒီလိုပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ်နော်။

  • သွားချေးတွေကြောင့် သွားဖုံးကျန်းမာရေးထိခိုက်ပြီး သွားဖုံးတွေရောင်ရမ်းနိုင်ပါတယ်။
  • သွားတွေကြားထဲမှာ စားကြွင်းစာကျန်တွေကပ်ငြိကျန်နေပြီး သွားပိုးစားနိုင်တယ်။
  • သွားဖုံးမှာပြည်တည်ပြီး သွားအကြောတွေထိခိုက်တာမျိုးဖြစ်နိုင်တယ်။
  • အက်ဆစ်တွေဖြစ်ပေါ်ပြီး သွားကြွေလွှာတွေပျက်စီးတာကြောင့် သွားကျဉ်တာမျိုးဖြစ်နိုင်တယ်။
  • လျှာမှာ အနာတွေဖြစ်နိုင်တယ်။
  • ခံတွင်းအနံ့ဆိုးဖြစ်စေနိုင်တယ်။
  • ခံတွင်းသန့်ရှင်းမှုအားနည်းတာကြောင့် နှလုံးရောဂါ နဲ့လေဖြတ်တာလိုမျိုး နာတာရှည်ရောဂါတွေဖြစ်နိုင်တယ်။
  • အရွယ်မတိုင်ခင် သွားဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်။
  • ဒီတော့ ဒီပြဿနာတွေကင်းစေဖို့ ကိုယ့်ရဲ့ သွားပုံစံနဲ့လိုက်ဖက်မယ့် သွားပွတ်တံ ကောင်းကောင်းတစ်ချောင်းကိုသေသေချာချာလေးရွေးချယ်တတ်ဖို့တော့လိုပါမယ်။ သွားပွတ်တံရွေးတဲ့အခါ ကိုယ့်သွားပုံစံနဲ့ကိုက်ညီဖို့ကို စဉ်းစားဖို့လိုသလို သွားပွတ်တံရဲ့ အမျှင်လေးတွေက နူးညံပြီး သွားကြိုသွားကြားတွေအားလုံးကို သန့်ရှင်းနိုင်တာမျိုးဖြစ်ဖို့လိုပါမယ်နော်။ပြီးတော့ မနက်နိုးရင်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် နှစ်ကြိမ်သွားတိုက်ပေးဖို့လိုပါမယ်။ သွားပွတ်တံကို ၃ လတစ်ကြိမ်ပုံမှန်လဲပေးရပါမယ်။

    သွားနဲ့ခံတွင်းပြဿနာတွေကင်းဝေးပြီးဖြူဖွေးတောက်ပတဲ့သွားတွေနဲ့ ခံတွင်းနံ့ဆိုးကင်းလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးချင်တယ်ဆိုရင်တော့ သွားကြိုး သွားကြားမကျန်သန့်စင်ပေးနိုင်တဲ့ နူးညံ့ပါးလွှာတဲ့brush လေးတွေပါတဲ့ သွားပွတ်တံလေးတွေကို သေချာရွေးဝယ်သင့်ပါတယ်။ ကဲ ကိုယ်နဲ့ကိုက်ညီမယ့် သွားပွတ်တံလေးကိုရွေးချယ်ပြီးသွားတွေကို ဂရုစိုက်လို့မြင်သူတကာကြွေသွားလောက်တဲ့ အပြုံးလှလှလေးပြုံးလိုက်ကြပါစို့လား။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement