ဆီးကျိတ်ဟာ ဆီးအိမ်ရဲ့အောက် အူမကြီးရဲ့ရှေ့မှာ တည်ရှိပါတယ်။ သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်ကို ထုတ်လုပ်ပေးပြီး အမျိုးသားများရဲ့ မျိုးပွားအင်္ဂါစနစ်မှာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။
ဆီးကျိတ်ကို ခွဲစိတ်ရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ BPH ခေါ် ဆီးကျိတ်ရောင်ခြင်းနဲ့ ဆီးကျိတ်ကင်ဆာတို့ပဲ ဖြစ်ပါတယ်။ ခွဲစိတ်ရာမှာ တပိုင်းတစခွဲစိတ်ခြင်းနဲ့ ဆီးကျိတ်တခုလုံး ခွဲစိတ်ဖယ်ရှားခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။
ခွဲစိတ်မှုမပြုမီ လူနာကိုကြိုတင်ရှင်းပြပါလိမ့်မယ်။ ခွဲစိတ်မှုအမျိုးအစား၊ ခွဲစိတ်မှုပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်၊ ကောင်းကျိုးဆိုးကျိုးများ စတာတွေ ပါဝင်ပါတယ်။ ခွဲစိတ်ချိန်မှာ မနာကျင်ရအောင် မေ့ဆေးတမျိုးမျိုးပေးပါလိမ့်မယ်။ နောက်ပိုင်းမှာ ခါးဆစ်ရိုးထုံဆေးအသုံးပြုပြီးလည်း ခွဲစိတ်ပါတယ်။
ခွဲစိတ်ခြင်းအတွက် အဓိကထည့်သွင်းစဉ်းစားတဲ့ အချက်တွေကတော့
– ရောဂါအခြေအနေကို ပျောက်ကင်းရန်
– ဆီးမထိန်းနိုင်ခြင်း သက်သာစေရန်
– လိင်တံကောင်းစွာထောင်မတ်နိုင်စေရန်
– ဘေးထွက်ဆိုးကျိုးနည်းပါးစေရန်
– မခွဲစိတ်မီ ခွဲစိတ်နေစဉ်နှင့် ခွဲစိတ်ပြီးချိန်တွင် နာကျင်မှုကို သက်သာစေရန်
စတာတွေပဲ ဖြစ်ပါတယ်။
ခွဲစိတ်မှုမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလား
မည်သည့်ခွဲစိတ်ကုသမှုမဆို ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများ ရှိပါတယ်။ ၎င်းတို့ကတော့
– မေ့ဆေးထုံဆေး ဘေးထွက်ဆိုးကျိုး
– သွေးထွက်ခြင်း
– ခွဲစိတ်သည့်နေရာ ပိုးဝင်ခြင်း
– ပတ်ဝန်းကျင် အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်မိခြင်း
– သွေးခဲခြင်း
စတာမျိုးတွေ ဖြစ်ပါတယ်။ ခွဲစိတ်အနာကနေ ပိုးဝင်ပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ရောင်ရမ်းခြင်း၊ အရည်များ စီးထွက်ခြင်း စတာတွေ ရှိလာနိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိတ်ဆို့ပြီး ဆီးမထွက်ရင်၊ ဆီးထဲမှာ သွေးပါလာရင် ဆရာဝန်ကို ပြောပြပါ။
ဆီးသွားစဉ် နာကျင်ခြင်း၊ ဆီးသွားရခက်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း စတာတွေ ကြုံနိုင်ပါတယ်။ ခွဲစိတ်ပြီး လအနည်းငယ်ကြာတဲ့အထိ ကြုံနိုင်ပါတယ်။ ခွဲစိတ်ပြီး ရက်သတ္တပတ် ၈တ်ကနေ ၁၂ပတ်အထိ လိင်တံမထောင်မတ်နိုင်ဘဲ နေတတ်ပါတယ်။ ခွဲစိတ်ချိန်မှာ အာရုံကြောတွေကို ထိခိုက်မိရင် ဖြစ်တတ်ပါတယ်။ လိင်မှုကိစ္စတွင် အာရုံခံစားနိုင်မှု လျော့ကျခြင်း၊ ကလေးရနိုင်မှု လျော့နည်းခြင်း စတာတွေလည်း ရှိနိုင်ပါတယ်။ ဆီးကျိတ်ခွဲစိတ်ချိန်မှာ သုက်ပိုးထုတ်လုပ်တဲ့ဂလင်းကို ဖယ်ရှားတဲ့အတွက် ဖြစ်ပါတယ်။
ခွဲစိတ်ပြီးချိန်မှာ ဘာတွေကြုံတွေ့ရမလဲ
မေ့ဆေးထုံဆေးမပြယ်ခင်မှာ ခွဲစိတ်ဆရာဝန်ဟာ ဆီးပိုက်ထည့်ပေးပါလိမ့်မယ်။ လိင်တံကနေတဆင့် ဆီးအိမ်ထဲရောက်အောင် ထည့်သွင်းပါတယ်။ ဆီးပိုက်ကို တပတ်ကနေ နှစ်ပတ်အထိ တပ်ထားရတတ်ပါတယ်။ ဆေးရုံမှာ ရက်အနည်းငယ်ဆက်နေရနိုင်ပါတယ်။ ၂၄ နာရီပြည့်ပြီး အခြေအနေကောင်းမွန်ရင်လည်း အိမ်မှာပြန်နေနိုင်ပါတယ်။ ဆီးပိုက်ကို ဘယ်လိုကိုင်တွယ်ရမလဲ၊ ခွဲစိတ်ဒဏ်ရာကို ဘယ်လိုဂရုစိုက်ရမလဲ စတာတွေကို ဆရာဝန်နဲ့ သူနာပြုများကို ပြောပြပါလိမ့်မယ်။ မိမိဖာသာ ဆိးကောင်းကောင်းသွားနိုင်ချိန်မှာ ဆီးပိုက်ကို ပြန်ဖြုတ်ပေးပါလိမ့်မယ်။
မည်သည့်နည်းလမ်းနဲ့ ခွဲစိတ်သည်ဖြစ်စေ ခွဲစိတ်ထားတဲ့နေရာမှာတော့ ရက်အနည်းငယ်အထိ ရောင်ရမ်းခြင်း ရှိနိုင်ပါတယ်။ ဒါ့အပြင်
– ဆီးထဲသွေးပါခြင်း
– ဆီးလမ်းကြောင်းပိုးဝင်ခြင်း
– ဆီးသွားစဉ် နာကျင်ယားယံခြင်း
– ဆီးသွားရန် မအောင့်နိုင်ခြင်း
စတာတွေလည်း ကြုံနိုင်ပါတယ်။ ဒီလက္ခဏာတွေကို ရက်အနည်းငယ်လောက် ကြုံတွေ့ရနိုင်ပါတယ်။ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ မိမိရဲ့ကိုယ်ခံအား၊ ခွဲစိတ်မှု အမျိုးအစား၊ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်းရှိမရှိ စတာတွေအပေါ်လည်း မူတည်ပါတယ်။ မိမိရဲ့ပုံမှန်လှုပ်ရှားမှုတွေကိုတော့ လျှော့ချရပါမယ်။ ဥပမာ လိင်မှုကိစ္စဖြစ်ပါတယ်။
ခွဲစိတ်ပြီးချိန်မှာ အဓိက လိုက်နာရမယ့်အချက်တွေကတော့
– ခွဲစိတ်ထားတဲ့နေရာကို သန့်ရှင်းအောင် ဂရုစိုက်ပါ
– တပတ်လောက် ကားမမောင်းပါနဲ့
– အင်အားသုံးလုပ်ရမယ့်အလုပ်တွေကို ၆ပတ်လောက်ထိ မလုပ်ဘဲနေပါ
– လှေကား သိပ်မတက်ပါနဲ့
– ရေချိုးကန်တွင် ရေစိမ်ခြင်း၊ ရေကူးကန်အတွင်းဆင်းခြင်းများ မလုပ်ပါနဲ့
– ပုံစံတမျိုးထဲမှာ ၄၅ မိနစ်ထက်ကြာအောင် မထိုင်ပါနဲ့။ ပုံစံပြောင်းထိုင်ပါ
– ဆရာဝန်ညွှန်တဲ့ဆေးဝါးတွေကို တိကျစွာ သောက်သုံးပါ
စတာတွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆရာဝန်ချိန်းဆိုတဲ့အခါတိုင်း ပုံမှန်ပြသဖို့ လိုပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။