backup og meta

လိပ်ခေါင်းခွဲစိတ်ကုသခြင်းအကြောင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိပ်ခေါင်းခွဲစိတ်ကုသခြင်းအကြောင်း

    လိပ်ခေါင်းဆိုတာဟာ စအိုမှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းကားလာရာကနေ ဖြစ်ပေါ်ပါတယ်။ သွေးပြန်ကြောများရဲ့ တည်နေရာကို မူတည်ပြီး အပြင်လိပ်ခေါင်းနဲ့ အတွင်းလိပ်ခေါင်းဆိုပြီး ရှိပါတယ်။ ဝမ်းချုပ်ရင် ဖြစ်နိုင်ခြေများပြီး အမျှင်ဓာတ်များသော အစားအစာများ စားသောက်ခြင်း၊ တရက်လျှင် ရေဖန်ခွက် ၈ခွက်ခန့် သောက်သုံးခြင်း စတာတွေနဲ့ ကာကွယ်နိုင်ပါတယ်။ ဝမ်းချုပ်ရင် လိပ်ခေါင်းအခြေအနေ ပိုဆိုးနိုင်တာမို့ ဝမ်းပျော့ဆေး၊ ဝမ်းချူဆေးများလည်း သုံးနိုင်ပါတယ်။

    နောက်ဆက်တွဲပြဿနာများ

    အပြင်လိပ်ခေါင်းကြောင့် နာကျင်ပြီး သွေးခဲများ ဖြစ်ပေါ်နိုင်ပါတယ်။ အတွင်းလိပ်ခေါင်းဖြစ်ရင် စအိုဝကနေ အပြင်ကို စူထွက်လာပြီး နာကျင်မှု ခံစားရပါတယ်။ ရောဂါပိုးဝင်နိုင်ခြေလည်း ရှိပါတယ်။ ပုံမှန်နည်းလမ်းများနဲ့ မသက်သာရင် ခွဲစိတ်ကုသရတတ်ပါတယ်။

    လက္ခဏာများ

    များသောအားဖြင့် အတွင်းလိပ်ခေါင်းကြောင့် နာကျင်ခြင်း မဖြစ်နိုင်ပါဘူး။ မနာပေမယ့် အိမ်သာသွားစဉ် သွေးယိုခြင်းဖြစ်နိုင်ပါတယ်။ တခါတရံမှာ အပြင်ကို စူထွက်လာနိုင်ပါတယ်။ အပြင်လိပ်ခေါင်းကြောင့်လည်း ဝမ်းသွားစဉ် သွေးပါတတ်ပါတယ်။ အပြင်ဘက်မှာရှိတာကြောင့် နာကျင်ခြင်း၊ ယားယံခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

    ခွဲစိတ်ကုသနည်းများ

    လိပ်ခေါင်းကို ခွဲစိတ်ကုသရာမှာ အဓိကအားဖြင့် မေ့ဆေးပေးခွဲစိတ်ကုသခြင်းနဲ့ မေ့ဆေးမလိုဘဲ ခွဲစိတ်ခြင်း ဆိုပြီး နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ မေ့ဆေးမလိုဘဲ ခွဲစိတ်ကုသနည်းများကတော့ အောက်ပါနည်းလမ်းများ ပါဝင်ပါတယ်။

    သားရေကွင်းစည်းခြင်း။ အတွင်းလိပ်ခေါင်းကို ကုသရာမှာ အသုံးပြုပါတယ်။ လိပ်ခေါင်းရဲ့ အောက်ခြေကို တင်းကြပ်သွားအောင် သားရေကွင်းနဲ့စည်းပြီး သွေးမလျှောက်နိုငတော့အောင် ပြုလုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သွေးကျဲဆေးသုံးစွဲနေသူတွေနဲ့ မသင့်တော်ပါဘူး။

    ဆေးထိုးထည့်ခြင်း။ လိပ်ခေါင်းအတွင်းသို့ ဓာတုဆေးအချို့ ထိုးထည့်ပြီး ကျုံ့သွားအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီနည်းနဲ့ သွေးမထွက်တော့အောင် ပြုလုပ်ပေးပါတယ်။ သေးငယ်တဲ့ အတွင်းလိပ်ခေါင်းတွေအတွက်တော့ အောင်မြင်နှုန်းများပါတယ်။

    ခဲသွားစေခြင်း။ အနီအောက်ရောင်ခြည်၊ အပူဓာတ် ဒါမှမဟုတ် အဆမတန်များသော အအေးဓာတ်ကိုသုံးပြီး လိပ်ခေါင်းကို ရှုံ့သွားစေတဲ့နည်းလမ်း ဖြစ်ပါတယ်။ စအတိုအတွင်းကို မှန်ပြောင်းသွင်းပြီး ပြုလုပ်တာကြောင့် ကုသစဉ်မှာ နာကျင်မှု ရှိနိုငပါတယ်။

    သွေးကြောများချည်ခြင်း။ လိပ်ခေါင်းကိုဖြစ်ပေါ်လာစေတဲ့ သွေးကြောတွေကို ချည်ပြီး ပိတ်လိုက်တဲ့နည်း ဖြစ်ပါတယ်။ သားရေကွင်းစည်းတဲ့ နည်းလမ်းထက် ပိုမိုထိရောက်ပါတယ်။

    မေ့ဆေးပေး ခွဲစိတ်ခြင်းများ

    မေ့ဆေးထုံဆေးသုံးပြီး ခွဲစိတ်ရတဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    လိပ်ခေါင်းကိုဖြတ်ထုတ်ခြင်း (hemorrhoidectomy)

    အရွယ်အစားကြီးမားပြီး တခြားနည်းလမ်းတွေနဲ့ မကုသနိုင်တဲ့ လိပ်ခေါင်းကို ခွဲစိတ်ကုသရာမှာ အသုံးပြုပါတယ်။ ဆေးရုံခွဲစိတ်ခန်းတွေမှာ သင့်တော်တဲ့ မေ့ဆေးထုံဆေးနဲ့ လုပ်ဆောင်ပါတယ်။ ခွဲစိတ်ကုသမှု ဖြစ်တဲ့အတွက် မေ့ဆေးထုံဆေးပြယ်ချိန်မှာ နာကျင်ခြင်း၊ ရောဂါပိုးဝင်ခြင်း စတာတွေ ဖြစ်နိုင်ခြေ ရှိပါတယ်။

    လိပ်ခေါင်းချုပ်ခြင်း (Hemorrhoidopexy)

    စူထွက်နေတဲ့ လိပ်ခေါင်းတွေကို ပြုပြင်ကုသရာမှာ အသုံးပြုပါတယ်။ အထူးကိရိယာတမျိုးနဲ့ လိပ်ခေါင်းကို အထဲကို ပြန်သွင်းပြီး မကောင်းတဲ့ အစိတ်အပိုင်းတွေကိုတော့ ဖယ်ထုတ်ပါတယ်။ လိပ်ခေါင်းကို ဖြတ်ထုတ်တဲ့နည်းလမ်းထက် ပိုပြီးမြန်ဆန်စွာ သက်သာစေပါတယ်။ နာကျင်မှုလည်း သက်သာပါတယ်။

    ခွဲစိတ်ပြီးနောက်ပိုင်း ဘယ်လိုနေသင့်လဲ

    ခွဲစိတ်ပြီးချိန်မှာ စအိုတဝိုက် နာကျင်နေတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးရပါမယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေကိုစားပြီး ရေများများသောက်ရပါမယ်။ ဝမ်းမချုပ်အောင် နေထိုင်ရပါမယ်။ လိုအပ်ရင် အနာနေရာကို ဖန်ရေစိမ်ရပါမယ်။ အလေးအပင်များ မမရပါဘူး။ ဆရာဝန်ချိန်းဆိုတဲ့ရက်တွေမှာ မပျက်မကွက် ပြန်လည်ပြသရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement