backup og meta

ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်

    ဒီဘက်ခေတ် အမျိုးသားအများစုနဲ့ မစိမ်းကြတဲ့အထဲမှာ ကြာဆေးလည်း အပါအဝင်ပါပဲ။ ကြာဆေးဆိုတာ အမျိုးသားတွေရဲ့ လိင်တံအတွင်း သွေးစီးဆင်းနှုန်းအားကောင်းစေပြီး ထောင်မတ်ခြင်းကို ထိန်းထားနိုင်စေတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဘယ်လိုဆေးမဆို အကျိုးအာနိသင်အပြင် ဘေးထွက်ဆိုးကျိုးလည်း ရှိနိုင်တယ်ဆိုတာကတော့ မေ့ထားလို့ မဖြစ်ပါဘူး။ ဒီဆောင်းပါးမှာ အမျိုးသားတွေ စိတ်ဝင်စားကြတဲ့ ကြာဆေး ဘယ်လိုအလုပ်လုပ်သလဲ၊ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးပေးနိုင်လဲ ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ် အနေနဲ့ ဘာတွေဖြစ်တတ်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    ကြာဆေး ဆိုသည်မှာ

    အမျိုးသားတွေရဲ့ ပန်းသေပန်းညှိုးဖြစ်တဲ့ ဝေဒနာကို ကုသပေးတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးပါ။ လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆရာဝန်ကိုယ်တိုင် သောက်သင့်တဲ့ အားပမာဏကို ချိန်ဆပြီးမှ ပေးရပါတယ်။ အရမ်းများလွန်းတဲ့ ပမာဏဆိုရင် လူနာအတွက် အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုး ပြင်းထန်နိုင်လို့ပါ။

    ကြာဆေးမှာ Sildenafil ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပြီး သွေးကြောတွေကို ကျယ်စေကာ သွေးစီးဆင်းမှုနှုန်းကို မြန်စေပါတယ်။ လိင်တံထောင်မတ်နိုင်ဖို့ လိင်တံရဲ့ အတွင်းမှာ ရှိတဲ့ သွေးကြောတွေထဲ ကောင်းစွာ သွေးစီးဆင်းဖို့ လိုပါတယ်။ ဒါမှသာ ထောင်မတ်ခြင်းဖြစ်စေပြီး နောက်ဆုံး သုက်လွှတ်ပြီးသွားပြီဆိုတော့မှ စုထားတဲ့ သွေးတွေဟာ ကိုယ်ခန္ဓာရဲ့ နေရာအနှံ့ကို ပြန်ရောက်သွားပါတယ်။

    ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်

    ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်တွေကတော့

    ၁။ သွေးလည်ပတ်မှုစနစ်အတွင်း ပြောင်းလဲမှု

    ဦးနှောက်ကနေတစ်ဆင့် လိင်အင်္ဂါထောင်မတ်လာစေဖို့ အမြင်အာရုံ၊ အထိအတွေ့အာရုံ၊ အနံ့အသက်အာရုံ၊ စိတ်ခံစားချက်တွေက လှုံ့ဆော်ပေးတယ်။ ဒီအခါ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ သွေးတွေဟာ လိင်အင်္ဂါအထဲသို့ စီးဝင်ပြီး ထောင်မတ်ခြင်း စတင်ဖြစ်လာတယ်။

    ကြာဆေးထဲမှာ ပါတဲ့ ဓာတ်ပစ္စည်းတွေဟာ သွေးလည်ပတ်မှုစနစ်ထဲ ရောက်သွားပြီးတာနဲ့ သွေးစီးဆင်းနှုန်းကို နာရီဝက်မှ တစ်နာရီအတွင်း အမြင့်ဆုံးအခြေအနေထိ ရောက်အောင် လှုံ့ဆော်ပေးတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကြာဆေးသောက်ပြီး တစ်နာရီကနေ နှစ်နာရီအတွင်း ခန္ဓာကိုယ်တစ်ခုလုံးက သွေးပေါင်ကျသွားပြီး မူးဝေတာ၊ အမြင်အာရုံ မှုန်ဝါးလာတာမျိုး ဖြစ်လာနိုင်ပါတယ်။

    ၂။ မျိုးပွားအင်္ဂါစနစ်အတွင်း ပြောင်းလဲမှု

    ကြာဆေးရဲ့ အာနိသင်ဟာ သွေးစီးဆင်းနှုန်းကို မြင့်တက်စေတာဖြစ်ပြီး လိင်စိတ်ဆန္ဒ ထကြွမှုကိုတော့ ဘယ်လိုမှ သက်ရောက်မှုမရှိပါဘူး။ ဥပမာပြောရရင် ကိုယ်က ကြာဆေးဘယ်လိုသောက်သောက် လိင်ဆက်ဆံဖို့ စိတ်မပါရင်တော့ ထောင်မတ်ခြင်းသက်သက်ပဲ ဖြစ်နေမှာပါ။

    သောက်ပြီး နာရီဝက်ဆိုရင် ဆေးအာနိသင်ဟာ စပြတတ်ပြီး အများဆုံး ၄နာရီထိ ကြာနိုင်ပါတယ်။ အဲ့ထက်ပိုကြာနေပြီဆိုရင်တော့ Priapism လို့ခေါ်တဲ့ အချိန်ကြာမြင့်စွာ လိင်တံထောင်မတ်နေခြင်း အဆင့်ကို ရောက်နိုင်ပြီး မခံမရပ်နိုင်အောင် နာကျင်ခြင်းဝေဒနာ ခံစားရနိုင်ပါတယ်။

    ပီရိုးနီးရောဂါ (Peyronie’s Disease) လိုမျိုး ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေးခြင်း ပြဿနာရှိသူတွေဆိုရင် ကြာဆေးကို မိမိသဘောနဲ့ မိမိမသောက်သင့်ပါဘူး။

    ၃။ ဦးနှောက်အာရုံကြောစနစ်အတွင်း ပြောင်းလဲမှု

    အဖြစ်များတဲ့ ကြာဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက ခေါင်းကိုက်ခြင်း၊ နှာစေးနှာပိတ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ မူးဝေခြင်းတို့ဖြစ်ပါတယ်။ ဒါ့အပြင် မေ့လဲခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ နားထဲမှ စူးကနဲ မြည်သံတွေ ကြားရခြင်း၊ အမြင်ဝါးလာခြင်းတွေကိုလည်း ကြုံရနိုင်ပါတယ်။

    ဒီဘေးထွက်ဆိုးကျိုးဟာ ဦးနှောက်အာရုံကြောနဲ့ ဆက်စပ်နေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေမှာ ဖြစ်တဲ့ ပြဿနာတွေချည်းပါပဲ။

    ၄။ အစာခြေစနစ်အတွင်း ပြောင်းလဲမှု

    များသောအားဖြင့် ကြာဆေးတွေဟာ ဆေးတောင့်၊ ဆေးပြားပုံစံနဲ့ ထုတ်လုပ်တတ်ပြီး အစာမရှိဘဲနဲ့လည်း သောက်လို့ရပါတယ်။ ပုံမှန်အားဖြင့် လိင်မဆက်ဆံခင် နာရီဝက်မှ တစ်နာရီအလို ခြားပြီး ကြိုသောက်ပေးရပါတယ်။ တစ်နေ့ကို တစ်လုံးထက်ပိုပြီး သောက်လို့မရပါဘူး။

    မျိုချလိုက်တဲ့ ကြာဆေးရဲ့ ၈၀ ရာခိုင်နှုန်းဟာ မစင်အဖြစ် စွန့်ထုတ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ ဆီးထဲကနေ တစ်ဆင့် အပြင်ကို ပါသွားပါတယ်။ ကြာဆေးရဲ့ နောက်ထပ် ဘေးထွက်ဆိုးကျိုးကတော့ အစာမကြေဖြစ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

    ကြာဆေးဆိုတာ လိင်အင်္ဂါထောင်မတ်နိုင်စွမ်း တစ်ခုတည်းအတွက် မဟုတ်ဘဲ ခန္ဓာကိုယ်နေရာအနှံ့ကို သက်ရောက်မှုရှိစေပြီး လုပ်ဆောင်မှုတွေကို ကြန့်ကြာစေနိုင်တာကြောင့် ဘယ်လိုကြာဆေးတံဆိပ်ကိုမဆို ဆရာဝန်ရဲ့ ဆေးစာမပါဘဲ ကိုယ့်သဘောနဲ့ ကိုယ်ဝယ်သောက်တာမျိုး၊ အလွန်အကျွံသောက်တာမျိုး မလုပ်ဖို့ ထပ်မံတိုက်တွန်းလိုက်ပါရစေ။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement