backup og meta

အမျိုးသားတိုင်း သိထားသင့်တဲ့ လိင်တံကင်ဆာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 02/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတိုင်း သိထားသင့်တဲ့ လိင်တံကင်ဆာ

    လိင်တံကင်ဆာ (Penile Cancer) ဆိုတာ အမျိုးသားတွေမှာသာ ဖြစ်နိုင်တဲ့ ရှားပါးကင်ဆာရောဂါထဲက တစ်မျိုးပါ။ လိင်တံထဲမှာ ကင်ဆာဆဲလ်တွေ ဝင်ရောက်လာပြီး ကုသမှုမခံယူဘဲ ပစ်ထားတဲ့အခါ အကျိတ်လိုပုံစံမျိုး ကြီးထွားလာပါတယ်။ အစပိုင်းမှာတော့ လိင်တံမှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ တွေ့ရမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့ တခြားကိုယ်တွင်းကလီစာတွေ၊ ပြန်ရည်ကြောတွေအထိ ပြန့်နှံ့ကာ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

    လိင်တံကင်ဆာရှိနေနိုင်လားဆိုတာ ဘယ်လိုသိနိုင်မလဲ။

    အစောပိုင်းကာလမှာ ပြတတ်တဲ့လက္ခဏာတွေကတော့

    • လိင်တံရောင်ရမ်းခြင်း

    • အဖုအဖောင်းများ ဖြစ်နေခြင်း

    • ပိုးဝင်နေသလို ဖြစ်နေတဲ့ အနာကွက်များ

    • အလွန်အမင်း ယားယံခြင်း

    • လိင်တံအတွင်းမှ ပူစပ်ပူလောင်ဖြစ်ခြင်း

    • ပုံမှန်မဟုတ်တဲ့ အရည်များစိမ့်ထွက်လာခြင်း

    • လိင်တံရဲ့ အရောင်ပုံမှန်မဟုတ်ခြင်း

    • လိင်တံအရေပြား ထူပြီးမာလာခြင်း

    • ပေါင်ခြံတစ်ဝိုက်မှာ ရှိတဲ့ ပြန်ရည်ကြောတွေ ရောင်ရမ်းနေခြင်း စတာတွေပဲဖြစ်ပါတယ်။

    ဒီလိုလက္ခဏာတွေကို တွေ့ရတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသကြည့်ဖို့ အရမ်းအရေးကြီးပါတယ်။ လိင်တံကင်ဆာဆိုရင်လည်း စောစောကုသလို့ရသလို တခြားကျန်းမာရေးပြဿနာရှိရင်လည်း သိထားရင် ကုဖို့ပိုလွယ်ပါတယ်။

    ဘယ်သူတွေမှာ အဖြစ်များလဲ။

    အဓိကအားဖြင့် ထိပ်အရေပြားဖြတ်မထားတဲ့ အမျိုးသားတွေမှာတော့ ဖြစ်နိုင်ခြေ အများဆုံးပါပဲ။ ထိပ်အရေပြားဖြတ်မထားတဲ့အခါ လိင်တံထိပ်ပတ်လည်မှာ အဖြူအဖတ်တွေ အမြဲကပ်ငြိနေပြီး နေ့တိုင်းလိုလို သန့်ရှင်းရေးလုပ်ဖို့လိုအပ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အခါ အဲ့ဒီအဖတ်တွေက အချိန်ကြာမြင့်စွာ ကပ်နေရာကနေ မှိုစွဲပြီး ကင်ဆာဆဲလ်တွေအထိပါ ဖြစ်လာစေနိုင်တာကြောင့်ပါပဲ။

    • အသက် ၆၀ နဲ့အထက် အမျိုးသားတွေ

    • ဆေးလိပ်ကို စွဲသောက်တတ်သူတွေ

    တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း

    HPV ကဲ့သို့ လိင်မှတစ်ဆင့် ရောဂါပိုးတွေ ကူးစက်ခံထားရသူတွေမှာလည်း ဖြစ်နိုင်ခြေ အရမ်းများပါတယ်။

    လိင်တံကင်ဆာ ရှိ၊ မရှိ ဘယ်လိုစစ်ဆေးကြမလဲ။

    အထက်မှာပြောပြခဲ့တဲ့ ရောဂါလက္ခဏာတွေကို တွေ့ရတာနဲ့ အမျိုးသားရောဂါကုဆရာဝန် သို့မဟုတ် ဆီးလမ်းကြောင်းအထူးကုနဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ လိင်အပျော်အပါးလိုက်စားခြင်း ရှိမရှိ မေးမြန်းပြီးတာနဲ့ လိင်တံရဲ့ အခြေအနေကို ကိုင်တွယ်စမ်းသပ်စစ်ဆေးမှာဖြစ်ပါတယ်။ ကင်ဆာရှိနေကြောင်း သံသယဝင်ရလောက်တဲ့အခြေအနေမျိုးမှာဆိုရင် လိင်တံအရေပြားပေါ်က တစ်ရှူး သို့မဟုတ် အသားစယူပြီး ဓာတ်ခွဲခန်းမှာ စစ်ကြည့်မှာဖြစ်ပါတယ်။ အဲ့ဒီအခါမှသာ ကင်ဆာရှိမရှိ ဆိုတာကို အတိအကျ သိရမှာပါ။

    ကင်ဆာရှိမှန်း အတည်ပြုပြီးနောက်မှာ လူနာရဲ့ ကင်ဆာအဆင့်ကို သိရဖို့ ဆီးအိမ်ကြည့်မှန်ပြောင်းကို လိင်တံထိပ်မှ ထည့်သွင်းကာ စစ်ဆေးကြည့်ရမှာဖြစ်ပါတယ်။ တစ်ခါတရံမှာ လိင်တံရဲ့ အတွင်းတစ်ရှူးတွေထိပါ ပျံ့နှံ့နေလားဆိုတာကို MRI ဖြင့် စစ်ဆေးဖို့လိုအပ်တာတွေလည်း ရှိပါတယ်။ လိင်တံကင်ဆာ အဆင့်အနေနဲ့

    ကင်ဆာ အစောပိုင်းကာလ (Stage 0) = အရေပြားရဲ့ ထိပ်ဆုံးအလွှာမှာသာ ကင်ဆာဆဲလ်တွေ တွေ့ရပြီး တခြားနေရာတွေထိ မပြန့်သေးတဲ့ အဆင့်

    ကင်ဆာ အဆင့် ၁ (Stage 1) = အရေပြားရဲ့ အောက်အလွှာနဲ့ ဆက်စပ်တစ်ရှူးတွေကို ပျံ့နှံ့နေပြီး တခြားနေရာတွေထိ မပြန့်သေးတဲ့ အဆင့်

    ကင်ဆာ အဆင့် ၂ (Stage 2) = အရေပြားရဲ့ အောက်အလွှာနဲ့ ဆက်စပ်တစ်ရှူးများအပြင် ပြန်ရည်ကြော၊ သွေးကြော၊ ထောင်မတ်စေတဲ့ တစ်ရှူးနဲ့ ဆီးပို့ပြွန်အထိ ပျံ့နှံ့နေတဲ့ အဆင့်

    ကင်ဆာ အဆင့် ၃-က (Stage 3A) = အဆင့် ၂မှာ ပြောပြခဲ့တဲ့ နေရာတွေအပြင် ပေါင်ခြံမှာ ရှိနေတဲ့ ပြန်ရည်ဖု တစ်ခု သို့မဟုတ် ၂ခုထိ ပျံ့နှံ့နေတဲ့ အဆင့်

    ကင်ဆာ အဆင့် ၃-ခ (Stage 3B) = ပေါင်ခြံမှာရှိတဲ့ ပြန်ရည်ဖု အများအပြားဆီကို ကင်ဆာဆဲလ် ပျံ့နှံ့နေတဲ့ အဆင့်

    ကင်ဆာ အဆင့် ၄ (Stage 4) = လိင်တံပတ်လည်အပြင် ဆီးခုံရိုး၊ ဆီးကျိတ်၊ ကပ္ပါယ်အိတ်နဲ့ တခြားကိုယ်တွင်းကလီစာများအထိ ပျံ့နှံ့နေပြီး အလွန်ပြင်းထန်တဲ့ နောက်ဆုံးအဆင့်လို့ သတ်မှတ်လို့ရပါတယ်။

    လိင်တံကင်ဆာ ကို ဘယ်လိုကုသနိုင်လဲ။

    ကိုယ့်ရောဂါအခြေအနေနဲ့ ကင်ဆာအဆင့်ပေါ်မူတည်ပြီး ကုသနည်းလမ်းတွေ အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့်

    • လိင်တံထိပ်အရေပြားဖြတ်ခြင်း (Circumcision)

    • လေဆာကုထုံး (Laser Therapy)

    • ပြင်းထန်တဲ့ ကီမို ကင်ဆာကုထုံး (Chemotherapy)

    • ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy)

    • ကင်ဆာဆဲလ်၊ အကျိတ်တွေကို အေးခဲစေပြီး ဖယ်ရှားပေးမယ့် ကုထုံး (Cryosurgery) အပြင်

    ကင်ဆာဆဲလ်တွေနဲ့ ပျံ့နှံ့သွားတဲ့ လိင်တံတွင်း တစ်ရှူးစတွေကို ခွဲစိတ်ဖယ်ရှားတဲ့ နည်းလမ်းတွေနဲ့လည်း ကုသနိုင်ပါတယ်။

    ကင်ဆာရှိမှန်း သိရပြီး စောစီးစွာ ကုသမှုခံယူမယ်ဆိုရင် အကောင်းအတိုင်း ပြန်ဖြစ်လာနိုင်ခြေ ရာခိုင်နှုန်းအလွန်များပါတယ်။ ဒါကြောင့် Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး မပေါ့ဆဘဲ အမြဲစောင့်ကြည့်လေ့လာနေသင့်တယ်ဆိုတာကို ထပ်မံအကြံပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 02/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement