backup og meta

ရောဂါမရှိဘဲ စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း


Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရောဂါမရှိဘဲ စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

    အမျိုးသားတွေရဲ့ အဖြစ်အများဆုံး လိင်ပိုင်းဆိုင်ရာ ပြဿနာတွေထံမှာ လိင်တံမထောင်မတ်နိုင်တာလည်း တစ်ခုအပါအဝင်ပါပဲ။ အမြဲတမ်း မထောင်မတ်နိုင်တာမျိုးလည်း မဟုတ်ဘဲ မနက်နိုးရင် သူ့အလိုလို ထောင်မတ်နိုင်တယ်။ အာသာဖြေတဲ့အချိန်၊ ဆက်ဆံဖော်က ပါးစပ်နဲ့ နှိုးဆွနေရင်လည်း ထောင်တတ်ပါတယ်။ နောက်ဆုံး ထိုးသွင်းဆက်ဆံမှု ဖြစ်တော့မယ်ဆိုတော့မှ လိင်တံက ဆက်မထောင်နိုင်ဘဲ ပျော့ခွေကျပြီး ဘယ်လိုမှ ပြန်မထလာနိုင်တော့ ပြဿနာပေါ့။

    ပုံမှန်အားဖြင့် အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ကျားဟော်မုန်း – တက်စတိုစတီရုန်းဟော်မုန်း ကျသွားတာကြောင့် ထောင်မတ်နိုင်စွမ်းအား နည်းသွားပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်အမျိုးသားတွေမှာလည်း တော်တော်လေး အဖြစ်များလာတာကို တွေ့ရပါတယ်။ နေထိုင်မှုပုံစံမှားယွင်းတာ၊ ကျန်းမာရေးချို့တဲ့တာတွေကြောင့်အပြင် စိတ်ကျန်းမာရေးပြဿနာတွေဟာလည်း လိင်တံထောင်မတ်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

    စိတ်ကျန်းမာရေးနှင့် လိင်တံထောင်မတ်နိုင်စွမ်း

    စိတ်နဲ့ပတ်သက်လာရင် ခန္ဓာလောက် သတိမထား ဂရုမစိုက်တတ်ကြပါဘူး။ တကယ်တော့ ဒီစိတ်ဟာ ကိုယ့်ခန္ဓာကို ရှေ့ဆက်တိုးဖို့ မောင်းတင်ပေးနေတဲ့ အရာပါပဲ။ စိတ်သာ ပြိုလဲရင် အရာရာပြိုလဲကျဖို့ဆိုတာ အနှေးနဲ့ အမြန်ပါ။ လိင်မှုကိစ္စမှာလည်း ဒီအတိုင်းပါပဲ၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်နေရင်၊ အတွေးတွေများနေပြီရင် ပြဿနာအနည်းနဲ့အများ တွေ့လာတတ်ပါတယ်။ ဒါဆိုရင် ဘယ်လိုစိတ်ကျန်းမာရေးပြဿနာတွေက လိင်မှုကိစ္စကို သွားပြီးဒုက္ခပေးနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

    ၁။ လိင်မှုကိစ္စအပေါ် စိုးရိမ်ပူပန်စိတ်ဖြစ်ခြင်း

    အထူးသဖြင့် ခုနောက်ပိုင်းလူငယ်တွေမှာ ဘာကြောင့် လိင်တံကောင်းကောင်း မထောင်မတ်နိုင်လည်းဆိုတော့ စိုးရိမ်ပူပန်စိတ်တွေ များလွန်းလို့ပါပဲ။ အပြာရုပ်ရှင်တွေ အကြည့်များလာတဲ့အခါ ဒီအရာတွေအပေါ် စွဲလမ်းစိတ်က ဖြစ်လာတယ်။ ဘဝဆိုတာ ရုပ်ရှင်တစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် ဒီရုပ်ရှင်တွေက ကိုယ့်စိတ်ကို လွှမ်းမိုးလာတဲ့အခါ ကိုယ့်ကိုယ့်ကိုယ် ပြန်ကြည့်ပြီး ရှက်ရွံ့အားငယ်စိတ်တွေ၊ သိမ်ငယ်စိတ်တွေ ဝင်လာတယ်။ ပုံမှန်အရွယ်အစားရှိတဲ့ ကိုယ့်လိင်အင်္ဂါကို သေးငယ်တယ်လို့ မြင်လာတယ်။ လိင်ဆက်ဆံတဲ့အခါမှာလည်း ကိုယ့်အဖော်ကို စိတ်တိုင်းကျအောင် စွမ်းဆောင်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေက ထောင်မတ်နိုင်စွမ်းကို သွားပြီး ဒုက္ခပေးတော့တာပါပဲ။

    ၂။ စိတ်ဖိစီးမှု

    အရင်ကထက် ပိုပြီးပွင့်လင်းမြင်သာမှုရှိပြီး တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ထဲမှာ ကျင်လည်နေရတဲ့အခါ စိတ်ဖိစီးမှုတွေက အရွယ်တိုင်းမှာ ရှိနိုင်ပါတယ်။ ပညာရေး၊ အလုပ်ခွင်၊ မိသားစု၊ ငွေရေးကြေးရေး အစရှိသဖြင့် အကြောင်းရင်းကတော့ အစုံပဲပေါ့။ ဒါပေမယ့် ဒီစိတ်ဖိစီးမှုက ခေါင်းထဲမှာ စွဲကျန်နေတဲ့အခါ လိင်ဆက်ဆံဖို့လည်း စိတ်အားထက်သန်ခြင်းမရှိတော့သလို ဆက်ဆံရာမှာလည်း အရင်ကလို မာထောင်နိုင်ခြင်းမရှိတော့ဘူးပေါ့။

    ၃။ စိတ်ကျရောဂါ

    စိတ်ညစ်လာပြီဆိုရင် ဘာလုပ်လုပ်အဆင်ပြေတော့သလို ကျန်းမာရေးကလည်း ချူချာလာတယ်။ ဒီတော့ ကိုယ့်ဘဝကိုယ် နေရတာ အဓိပ္ပာယ်မရှိတော့သလို ခံစားရပြီး စိတ်ဓာတ်ကျလာတော့တာပေါ့။ စိတ်ဓာတ်ကျနေတဲ့ လူတစ်ယောက်က နေ့စဉ်ကြုံတွေ့နေရတဲ့ ကျောင်း၊ လုပ်ငန်းခွင်၊ လူမှုရေးရာမှာသာမက လိင်မှုကိစ္စမှာပါ ပြဿနာတွေ များစွာ ကြုံလာနိုင်ပါတယ်။ ဘာလုပ်လုပ် စိတ်မပါတဲ့သူတစ်ယောက်က လိင်မှုကိစ္စအတွက်လည်း စိတ်အားထက်သန်မှုနည်းသွားသလို ကောင်းကောင်းလည်း ထောင်မတ်နိုင်မှာမဟုတ်ပါဘူး။

    ၄။ အချစ်ရေး အဆင်မပြေတဲ့အခါ

    အချစ်ရေး၊ အိမ်ထောင်ရေး အဆင်မပြေတဲ့သူတစ်ယောက်က ဘာပဲလုပ်နေလုပ်နေ ဒီပြဿနာတွေက ခေါင်းထဲမှာအမြဲရောက်နေတာ သဘာဝပါပဲ။ ပြဿနာတွေကို ခေါင်းထဲမှာ သိမ်းထားတာ များလာရင် လူက စိတ်ညစ်လာမယ်၊ စိတ်ဆိုးဒေါသထွက်လွယ်လာမယ်၊ စိတ်ဓာတ်တွေ ကျလာမယ်၊ ဘာလုပ်လုပ် အဆင်မပြေသလို စိတ်လည်းမပါတော့ဘူး၊ ကိုယ်ချစ်ရတဲ့သူနဲ့ပါ အဆင်မပြေဘူးဆိုမှတော့ သူနဲ့ အတူနေတဲ့အခါမှာလည်း ဒီစိတ်နဲ့ပဲ ဘာမှလုပ်ချင်ကိုင်ချင်စိတ် ဖြစ်တော့မှာ မဟုတ်ပါဘူး။

    ၅။ အကြောက်အလန့်ကြီးတာ

    ကိုယ့်အနီးပတ်ဝန်းကျင်က ဘော်ဒါတွေနဲ့ စကားပြောဖြစ်ရင် လိင်မှုကိစ္စအကြောင်းက မပါမဖြစ်ပါပဲ။ ဒီလိုဆွေးနွေးကြရင်းနဲ့မှ တစ်ယောက်မှာရှိတဲ့ အခက်အခဲတွေကို ပြန်ကြားရရင်တောင် ကိုယ့်မှာ ဒီလိုလာဖြစ်နိုင်သေးတာပဲဆိုတဲ့ စိတ်က လွှမ်းမိုးသွားတတ်ပါတယ်။ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ၊ သုက်လွှတ်ဖို့ကြာတာ၊ ကာမဆန္ဒမပြည့်ဝတာ အစရှိသဖြင့်ပေါ့၊ ကိုယ့်မှာရှိတာလည်း ဖြစ်နိုင်သလို ဖြစ်လာနိုင်လားဆိုပြီး တွေးကြောက်တာမျိုးတွေလည်း ရှိပါတယ်။ ဒီတော့ ကိုယ်တိုင်က ဘာရောဂါမှမရှိဘဲ စိတ်ကြောင့်ပဲ လိင်တံထောင်မတ်နိုင်စွမ်းကို သွားပြီးသက်ရောက်မှုဖြစ်စေတော့တာပေါ့။

    တကယ်တော့ အပေါ်မှာပြောထားခဲ့တဲ့ ပြဿနာတွေက အမျိုးသားအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေပါပဲ။ ဒါပေမယ့် ပန်းသေပန်းညှိုးအစပျိုးတာမဟုတ်တဲ့အတွက် ဆေးဝါးနဲ့ ကုသမှုခံယူဖို့တော့ မလိုပါဘူး။ အဓိက ကိုယ့်ရဲ့စိတ်ကို လွှမ်းမိုးနေတဲ့ အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေကို ဖယ်ထုတ်လိုက်နိုင်ရင် အဆင်ပြေသွားမှာပါ။ လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ တစ်လောကလုံးရဲ့ ယောက်ျားအများစုမှာ ဒီပြဿနာကို နေ့တိုင်းကြုံတွေ့နေကြရတာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီတစ်လော စိတ်သွားတိုင်း ကိုယ်မပါဖြစ်တာ၊ လိင်စိတ်နည်းသွားတယ်လို့ ခံစားရတာ၊ ကောင်းစွာမထောင်မတ်နိုင်တာ အစရှိတဲ့ ပြဿနာတွေပေါ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြကြည့်တာ အကောင်းဆုံးပါပဲ။

    စိတ်သွားမှ ကိုယ်ပါဆိုသလို စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရင်လို ဥပေက္ခာပြုမနေသင့်တော့ဘူးနော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement