backup og meta

အပ်ကြောက် လို့ ကာကွယ်ဆေးမထိုးချင်ဘူးဆို ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပ်ကြောက် လို့ ကာကွယ်ဆေးမထိုးချင်ဘူးဆို ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။

    ကာကွယ်ဆေးတွေက စထိုးနေပြီဆိုတော့ မကြာခင် ကိုယ့်အလှည့် ဒါမှမဟုတ် ကိုယ့်မိသားစုထဲက တစ်ယောက်ယောက်အလှည့် ရောက်လာမှာပါ။ ကာကွယ်ဆေးထိုးဖို့လည်း စာရင်းဝင်တယ်။ တခြားဓာတ်မတည့်တာ ဘာညာလည်း မရှိဘူး။ တစ်ခုပဲ။ အပ်ကြောက် တယ်။ အပ်မြင်တာနဲ့ကို နေစရာမရှိအောင် ကြောက်လာတာ။ ဘယ်လောက်ပဲ ပုရွက်ဆိတ်ကိုက်သလောက်ပဲ နာတာပါပြောပြော အဲ့ဒီအပ်ကြီး စိုက်ဝင်နေတာကို မကြည့်နိုင်တာ။

    ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေးကလည်း ရတုန်းလေးထိုးရမှာ။ ကိုယ့်ဟာကိုယ်ထိုးဆို ဘယ်နားသွားဝယ်ရမလဲတောင် မသိ။ မြန်မြန်ထိုးမှ ကိုယ့်ကိုယ်ရော၊ သူများကိုပါ ကာကွယ်နိုင်ပြီး ဒီကပ်ရောဂါကြီးပြီးမှာဆိုတော့ ထိုးကလည်း ထိုးချင်၊ ကြောက်ကလည်းကြောက်။ ဒီလို ဝေခွဲမရဖြစ်နေပြီဆိုရင်တော့ ဒီဆောင်းပါးက သင့်ကို ကူညီနိုင်မှာပါ။

    အပ်ကြောက် တယ်ဆိုတာ ရောဂါလား။

    အပ်ကြောက် တယ်ဆိုတာကို Trypanophobiaလို့ ခေါ်ပြီး ကြောက်စိတ်တစ်မျိုးလို့ လက်ခံထားကြပါတယ်။ အမြင့်ကြောက်တာ၊ အလုံပိတ်အခန်းတွေ ကြောက်တာလိုမျိုး ကြောက်စိတ်တစ်ခုပါပဲ။ အထူးသဖြင့် ဆေးကုသဖို့၊ ဆေးစစ်ဖို့၊ ကာကွယ်ဆေးထိုးဖို့ အပ်တွေသုံးတဲ့အခါ ဆောက်တည်ရာမရအောင် ကြောက်နေတာပါ။

    အပ်ကြောက်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရတာလဲ။

    လူတိုင်းကတော့ အပ်နဲ့ထိုးမှာကို ပျော်တဲ့သူမရှိပါဘူး။ အပ်နဲ့ထိုးခံရမယ်ဆို အနည်းအများတော့ ကြောက်ကြတာပဲ။ ဒါပေမယ့် အပ်ကြောက်တဲ့သူတွေကျတော့ ဆေးထိုးခံရတော့မယ်ဆိုရင်

    • အပ်မြင်ရုံနဲ့တင် ရင်တွေတုန်ပြီး သွေးတွေတက်လာတာ
    • သတိလစ်ချင်သလိုလို ဖြစ်တာ
    • စိတ်တွေ ရှုပ်ထွေးပြီး ဆောက်တည်ရာမရဖြစ်တာ
    • စိတ်အလှုပ်ရှားလွန်တာ စတာတွေ ဖြစ်လာပါတယ်။

    အပ်ကြောက် လို့ ကာကွယ်ဆေး မထိုးချင်ဘူးဆို ဒီလိုနည်းလမ်းတွေနဲ့ ကျော်လွှားပါ

    ဘာကြောင့် အပ်ကြောက်တတ်ရတာလဲ။

    ပညာရှင်တွေက ဘာကြောင့်ဖြစ်ရတာလဲဆိုတာ မသိကြသေးပါဘူး။ ဒါပေမယ့် အပ်ကြောက် တာက မျိုးနဲ့ရိုးနဲ့ ကြောက်တတ်တယ်လို့ ဆိုကြပါတယ်။ ဒါ့ပြင် ဟိုးအရင်က ကိုယ့်ရှေ့မှာ ဆေးထိုးပြီး ဓာတ်မတည့်ဖြစ်တာကို ကြုံဖူးတာ၊ ဆေးထိုးတဲ့နေရာက သွေးတွေထွက်တာကို ကြုံဖူးတာကနေလည်း ကြောက်တတ်ပါတယ်တဲ့။

    အပ်ကြောက်တာ စိုးရိမ်စရာလား။

    အပ်ကြောက်တာက ဆေးထိုးဖို့ကြုံလာတဲ့အခါမှ မထိုးချင်ဘူးလို့ ငြင်းဆန်ကြတာတွေလည်း ရှိသလို အပ်နဲ့ဝေးဝေးနေချင်လို့၊ အပ်ကို မြင်ရသာ မသက်မသာဖြစ်တာကြောင့် ဆေးရုံဆေးခန်း လုံးဝမသွားတဲ့သူတွေလည်း ရှိပါတယ်။ ဆေးထိုးရမှာ ကြောက်တာလည်း ပါတာပေါ့။ ဒါကြောင့် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရဖို့ ခဲယဉ်းပါတယ်။

    မဖြစ်မနေကုသမှုခံယူရမယ့် အချိန်မျိုးထိ ဆေးထိုးရမှာကြောက်လို့ ဆရာဝန်ဆီမသွားဘဲ နေတာမျိုး၊ ခုလိုမျိုး အရေးကြီးတဲ့ ကာကွယ်ဆေးတွေ မထိုးဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။

    အပ်ကြောက် တော့ ကိုဗစ်ကာကွယ်ဆေး မထိုးရင် ကောင်းမလား။

    ဆေးက လတ်တလောမှာ အသက် ၁၈နှစ်အထက်တွေကိုပဲ ထိုးပေးနေတာဆိုတော့ အားလုံးက ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ လူကြီးတွေပါပဲ။ ဒါကြောင့် ထိုးချင်း၊ မထိုးချင်းက တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆန္ဒပါ။ အတင်းအကြပ်ထိုးခိုင်းတာမျိုး မဟုတ်ပါဘူး။

    ဒါပေမယ့် ဆေးပညာအရပြန်စဉ်းစားရင် ဒီကပ်ရောဂါကြီးကို ထိန်းချုပ်နိုင်ဖို့ လူဦးရေရဲ့ ၆၀-၇၀ ရာခိုင်နှုန်းလောက် ကာကွယ်ဆေးထိုးထားမှ ရမှာပါ။ ၁၈နှစ်မပြည့်သေးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကိုဗစ်သံသယလက္ခဏာရှိတဲ့သူတွေက လတ်တလောမှာ မထိုးနိုင်သေးပါဘူး။ တချို့ဆို ဆေးနဲ့ လုံးဝမတည့်လို့ မထိုးရတဲ့သူတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း ကျန်းမာရေး အခြေအနေအရ ဆေးထိုးဖို့ ဆိုင်းငံ့ထားပါတယ်။

    ဒီလူတွေနဲ့တင် ၆၀-၇၀ ရာခိုင်နှုန်း ပြည့်ဖို့ ခဲယဉ်းမှာပါ။ သူတို့တွေ ပြန်ထိုးနိုင်မယ့်အချိန်အထိစောင့်ရမယ်ဆိုရင် ကပ်ရောဂါကို ထိန်းချုပ်ဖို့ ပိုကြာသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ အပ်ကြောက်တာကလွဲပြီး တခြားကျန်းမာရေးပြဿနာမရှိရင်၊ ထိုးဖို့အချက်တွေ ကိုက်ညီရင် ထိုးဖို့ အကြံပေးချင်ပါတယ်။

    ဟိုအရင် နှာခေါင်းစည်းတပ်လက်ဆေးသလိုပဲ ကာကွယ်ဆေးထိုးတာက ကိုယ့်ကိုယ်ကိုရော၊ ကိုယ်ကနေ သူများကို ရောဂါမကူးအောင်ပါ ကာကွယ်ပေးနိုင်တာကြောင့်ပါ။

    အပ်ကြောက်တာကို ကုသလို့ရလား။

    ဒီအပ်လေးနဲ့ ထိုးတာပဲ၊ ဘာကြောက်စရာရှိလဲ၊ ပုရွက်ဆိတ်လေး ကိုက်သလောက်ပဲ၊ ခဏပဲကြာမှာ ဒီလိုပြောရုံနဲ့တော့ အဆင်မပြေပါဘူး။ ဒီလို ကြောက်တဲ့ရောဂါမျိုးက သာမန်အကြောက်တရားထက် ပိုတာကြောင့် ဒီလို ကိုယ်ချင်းမစာဘဲ ပြောလိုက်လို့တော့ မဖြစ်ပါဘူး။

    နိုင်ငံခြားမှာဆို ဒီလိုအကြောက်ရောဂါမျိုးကို စိတ်ရောဂါအထူးကုနဲ့တောင် ပြကြတာပါ။ ဒီမှာလည်း ပြလို့ရပါတယ်။ ပြပြီး နှစ်သိမ့်ဆွေးနွေးမှုတွေ ခံယူတာ၊ လိုအပ်ရင် ဆေးဝါးတွေနဲ့ ကုသတာမျိုး လုပ်လို့ရပါတယ်။ အပ်ကြောက်တာက ရေရှည်မှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ အခက်အခဲဖြစ်လာနိုင်တဲ့အတွက် ပေါ့သေးသေးတော့ မဟုတ်ပါဘူး။

    အပ်ကြောက် တာကို ဘယ်လိုကျော်လွှားကြမလဲ။

    လတ်တလောမှာ စိတ်ရောဂါအထူးကုနဲ့တော့ မပြချင်သေးဘူး။ ကိုဗစ်ကာကွယ်ဆေးလေးတော့ အားတင်းပြီး ထိုးလိုက်မယ်ဆိုရင်တော့ အောက်က နည်းလမ်းတွေကို လုပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။ အပ်ကြောက် တဲ့သူကို အတင်းအကြပ်ဆေးထိုးဖို့ ပြောတာထက်စာရင် သူတို့ကို အကြောက်သက်သာအောင် လုပ်ပေးတာက ပိုကောင်းပါတယ်။

    • အရင်ဆုံး စာရင်းသွင်းလိုက်ပါ။ ထိုးရင် ကောင်းမလား၊ မထိုးရင်ကောင်းမလား စဉ်းစားနေရင် မထိုးဖြစ်ဖို့ များပါတယ်။ ထိုးတဲ့ဘက်ကို စိတ်ကလေး အလေးသာနေတုန်း စာရင်းသွင်းလိုက်ပါ။ သွင်းလိုက်ရင် ထိုးဖြစ်ဖို့ ပိုသေချာသွားပါပြီ။
    • ကြောက်နေတာက ပြဿနာကို မပြေလည်စေပါဘူး။ ဒါက ဒီကာကွယ်ဆေးထိုးမှ မဟုတ်ပါဘူး။ နောက်ပိုင်း ဆေးတွေ ထိုးဖို့ လိုလာရင်လည်း ဒီလို တွေးပေးသင့်ပါတယ်။ အရင်က ဆေးထိုးဘူးမှာပါ။ အဲ့ဒီတုန်းကလည်း ကောင်းကောင်း ကျော်လွှားနိုင်တာပဲ။ ခုလည်း အဆင်ပြေသွားမှာပါ။
    • ဘာကြောင့် ထိုးတာလဲဆိုတာ ပြန်စဉ်းစားပါ။ ဒီတစ်ခါဆေးထိုးတာက အရင်အခေါက်တွေနဲ့ မတူပါဘူး။ ကိုယ့်ကိုယ်ကိုယ်အတွက် ဆိုတာထက် ကိုယ့်ပတ်ဝန်းကျင်ကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ကြီးကြီးကျယ်ကျယ် ပြောရရင် ကပ်ရောဂါကို ကူပြီး ထိန်းချုပ်ပေးနေပါတာပါ။

    ကာကွယ်ဆေး ထိုးခါနီးရင်

    • တချို့က အပ်မြင်တာနဲ့ မေ့လဲမတတ်ဖြစ်သွားတတ်ကြပါတယ်။ ဒီလို မဖြစ်အောင် အရင်ဆုံး ခန္ဓာကိုယ်က ကြွက်သား (ခြေလက်)တွေကို တင်းထားလိုက်ပါ။ နွေးလာတယ်လို့ ခံစားရပါလိမ့်မယ်။ ပြီးရင် ပြန်ဖြေလျှော့ပြီး စက္ကန့် ၂၀-၃၀လောက် စောင့်လိုက်ပါ။ ဒါကို လေ့ကျင့်ထားပါ။ အပ်မြင်လို့ မေ့လဲချင်သလိုလို ဖြစ်လာရင် ဒီလို လုပ်လိုက်ပါ။
    • ကိုယ့်ကိုယ်ကို အားပေးပါ။ ဒါက ခဏလေးပါပဲ။ ဘာမှ မဖြစ်ဘူး။ ငါတစ်ခုခုဖြစ်ရင်တောင် ဘေးမှာ ကူပေးမယ့် ဆရာ၊ ဆရာမတွေ အများကြီးရှိတယ် စသဖြင့် ကိုယ့်ကိုယ်ကို စကားပြောပြီး နှစ်သိမ့်ပါ။
    • သူများထိုးနေတာကို ဘေးကနေ စောင့်ကြည့်နေရတာ ကိုယ်တိုင်ဝင်ထိုးရတာထက် ပိုခက်ပါတယ်။ ဒါကြောင့် သူများထိုးနေတာကိုလည်း မကြည့်ပါနဲ့။ တတ်နိုင်သမျှ ကိုယ့်ကိုယ်ကို အာရုံလွှဲထားပါ။

    ဆေးထိုးပြီဆိုရင်

    • အရင်ဆုံး ထိုးပေးမယ့်သူကို ကိုယ်က အပ်ကြောက် တတ်ကြောင်း ကြိုပြောထားပါ။ သူတို့က သင့်လိုလူမျိုး အများကြီး ကြုံဖူးပါတယ်။ သူတို့က သင့်ကို အကြောက်ပြေအောင် ကူညီပေးပါလိမ့်မယ်။
    • တတ်နိုင်သမျှ အပ်ကို မကြည့်ပါနဲ့။ သရဲကားလိုပဲ ကြောက်ကလည်း ကြောက်၊ ခိုးကလည်း ကြည့်ချင်တာ လူ့သဘာဝပါပဲ။ အပ်ကို မြင်လိုက်ရင် တင်းထားတဲ့ စိတ်တွေ လျော့သွားပါလိမ့်မယ်။ ဒါကြောင့် မကြည့်ပါနဲ့။
    • ထိုးတဲ့အခါ စိတ်ဖိစီးမှုတွေကို ဖွင့်ချလိုက်ပါ။ သီချင်းတွေ အော်ဆိုတာ၊ နားကြပ်တပ်ပြီး သီချင်းတွေ အကျယ်ကြီး နားထောင်တာ၊ ဘောလုံးတွေ ညှစ်တာ စတာတွေ လုပ်လို့ရပါတယ်။ ဗိုက်နဲ့ အသက်ကို အားပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်တာလည်း အလုပ်ဖြစ်ပါတယ်။

    အပ်ကြောက် လို့ ကာကွယ်ဆေး မထိုးချင်ဘူးဆို ဒီလိုနည်းလမ်းတွေနဲ့ ကျော်လွှားပါ

    ဆေးထိုးပြီးတဲ့အခါ

    • သင့်အနေနဲ့ အကြီးကြီးကို အောင်မြင်ခဲ့တာပါ။ နောက်တစ်ခါ ဆေးထိုးရမယ့် ကိစ္စများရှိခဲ့ရင် ဒါလေးကို ပြန်စဉ်းစားပြီး အားတင်းကြည့်ပါ။
    • သိပ်တော်ပြီးသတ္တိရှိတဲ့ ကိုယ့်ကိုယ်ကို ဆုချရမယ့် အချိန်ရောက်လာပါပြီ။ စားချင်တာ၊ ဝယ်ချင်တာရှိရင် အားရပါးရသာ ဝယ်လိုက်ပါတော့။

    လူတိုင်းက ဒီနည်းလမ်းနဲ့ အဆင်ပြေချင်မှ ပြေမှာပါ။ တကယ်လို့ ဆေးထိုးမယ့် နေရာရောက်မှ ဘယ်လိုမှ မခံစားနိုင်ဘူး။ မရတော့ဘူးဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်ကို အကျိုးအကြောင်း ပြောပြလိုက်တာက အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement