backup og meta

ဓာတ်မတည့်လူနာနဲ့ ကြုံကြိုက်ခဲ့ရင် အရေးပေါ်အသက်ကယ်နိုင်ဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓာတ်မတည့်လူနာနဲ့ ကြုံကြိုက်ခဲ့ရင် အရေးပေါ်အသက်ကယ်နိုင်ဖို့

    ဓာတ်မတည့်လူနာနဲ့ ကြုံကြိုက်ခဲ့ရင် အရေးပေါ်အသက်ကယ်နိုင်ဖို့ သိထားသင့်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

    ဓာတ်မတည့်ဘူး (Anaphylaxis)ဆိုတဲ့ စကားလုံးလေးကို ကြားဖူးမှာပေါ့။ သူကတော့ နို့နဲ့ ဓာတ်မတည့်ဘူးတို့၊ ပင်လယ်စာနဲ့ ဓာတ်မတည့်ဘူးတို့၊ မြေပဲနဲ့ ဓာတ်မတည့်ဘူးတို့ စသဖြင့်ပေါ့။ ဓာတ်မတည့်ဖြစ်နေတဲ့ လူနာကို တွေ့ဖူးကြလား မသိ။ ဆရာဝန်တစ်ယောက်အနေနဲ့ကတော့ ခဏခဏကြုံဖူးရတာပေါ့။ ခုပဲအကောင်း တော်ကြာဆေးထိုးလိုက်ပြီးမှ ရုတ်တရက် အသက်ရှူကြပ်လာတာတို့၊ မောလာတာတို့ပေါ့။ ဒါကြောင့် ဆေးခန်းတွေမှာ မတည့်တဲ့ ဆေးရှိရင် ကြိုပြောပါလို့ ရေးထားကြတာပေါ့။

    ဓာတ်မတည့်တဲ့ ပြဿနာဟာ အန္တရာယ်ရှိပါတယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာ အချိန်မီကုသမှုမယူနိုင်ရင် အသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သွားရင်းလာရင်းနဲ့ပဲ ဖြစ်ဖြစ် ဓာတ်မတည့်တဲ့ လူနာများ ကြုံကြိုက်ခဲ့ရင် အသက်ကယ်ပေးနိုင်အောင် ပြောပြပေးချင်ပါတယ်။

    ဘာတွေနဲ့ ဓာတ်မတည့်ဘူးလဲ။

    ဓာတ်မတည့်တာက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဓာတ်မတည့်ဘူးဆိုတဲ့ အနေအထားကိုယ်တိုင်က ပြင်ပက ဝင်လာတဲ့ ပစ္စည်းတစ်ခုကို ကိုယ်ခန္ဓာကိုယ်က ပုံမှန်မဟုတ်တဲ့ နည်းနဲ့ တုံ့ပြန်တာဆိုတော့။ သူက ပင်လယ်စာနဲ့ တည့်ပေမယ့် ကိုယ်နဲ့ မတည့်တာမျိုး၊ ကိုယ်က မြေပဲ စားလို့ရပေမယ့် သူနဲ့ မတည့်တာမျိုး အမျိုးမျိုး ရှိပါအစကတယ်။

    နောက်ပြီး ဓာတ်မတည့်တာက စားတာ တစ်ခုတည်း မဟုတ်ပါဘူး။ တချို့က ရှူတာ၊ တချို့က ထိတွေ့တာ၊ တချို့က ဆေးတွေ စတာတွေနဲ့လည်း ဓာတ်မတည့် ဖြစ်တတ်ပါတယ်။

    တစ်ယောက်ယောက် ဓာတ်မတည့်ဖြစ်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။

    အစကအကောင်း တစ်ခုခုကို စားပြီး၊ ရှူပြီး ဒါမှမဟုတ် ဆေးတစ်ခုခုကို သောက်ပြီးမှ ရုတ်တရက်

    • အသက်ရှူကျပ်လာတယ်၊ တရွှီရွှီ အသံတွေ ထွက်လာတယ်။
    • တစ်ယောက်ယောက်က လည်ပင်းညှစ်ထားသလို ခံစားရတယ်။
    • စကားပြောရခက်လာတယ်။
    • နှုတ်ခမ်းတွေ၊ လျှာတွေ ထုံလာတယ်။ ရောင်လာတယ်။
    • ပျို့အန်ချင်လာတယ်။ ဗိုက်နာလာတယ်။
    • ရင်တွေတုန်ပြီး ချွေးစေးတွေ ထွက်လာတယ်၊ မူးလာတယ်။
    • အရေပြားတွေ ယားပြီး အင်ပျဉ်တွေ ထွက်လာတယ်။
    • သတိပါ လစ်သွားတယ် စတာတွေ ဖြစ်လာပါတယ်။

    ဓာတ်မတည့်လူနာနဲ့ ကြုံကြိုက်ခဲ့ရင် အရေးပေါ်အသက်ကယ်နိုင်ဖို့

    အရေးပေါ်အခြေအနေ ဖြစ်တဲ့အတွက် အချိန်နဲ့ အမျှ အရေးကြီးပါတယ်။ ဓာတ်မတည့်လူနာနဲ့ ကြုံကြိုက်ခဲ့ရင် အရေးပေါ်အသက်ကယ်နိုင်ဖို့ ဆိုရင်တော့

    ဖြစ်တာက ကိုယ်ကိုယ်တိုင်ဆိုရင်

    • ဓာတ်မတည့်တာ စဖြစ်ပြီလို့ သိသိချင်း ပတ်ဝန်းကျင်ကို အကူအညီတောင်းပါ။ ဓာတ်မတည့်ရောဂါရှိကြောင်း ပြောထားပါ။
    • စိတ်ကို ငြိမ်ငြိမ်ထားပါ။
    • ဆေးရုံကားကို ကိုယ်ကိုယ်တိုင် ခေါ်နိုင်ရင်ခေါ်၊ မခေါ်နိုင်ရင် ဘေးလူကို ခေါ်ခိုင်းပါ။
    • ကားစောင့်နေတဲ့အချိန်အတွင်းမှာ Adrenaline (Epinephrine) ထိုးဆေးကို ထိုးချပါ။ (ဒီထိုးဆေး အကြောင်း နောက်မှ သက်သက် ရှင်းပြပါ့မယ်။ )
    • အဝတ်အစားတွေ ကျပ်နေရင် ဖြေလျှော့ပါ။ ဘေးလူတွေကို အကူအညီတောင်းပါ။
    • ဘာမှ မစား၊ မသောက်ပါနဲ့။
    • ၅မိနစ် ၁၀မိနစ်နေလို့မှ မသက်သာဘူး။ ဆေးရုံကားလည်း မရောက်သေးဘူးဆိုရင် ထိုးဆေးကို ထပ်ထိုးပါ။

    သူများဖြစ်နေပြီဆိုရင်

    • အပေါ်က ပြောခဲ့တဲ့ ဓာတ်မတည့်လက္ခဏာတွေ ရှိမရှိ မြန်မြန်လေး စစ်ဆေးပါ။ လက္ခဏာအားလုံး ရှိစရာ မလိုပါဘူး။
    • လူနာ စကားပြောနိုင်ရင် ဓာတ်မတည့်ရောဂါရှိမရှိ မေးမြန်းပါ။
    • ဓာတ်မတည့်ဘူးလို့ ယူဆရင် ဆေးရုံကားအရင်ခေါ်ပါ။
    • Adrenaline (Epinephrine) ထိုးဆေး ရှိရင် ထိုးချပါ။
    • အဝတ်အစားတွေ ကျပ်နေရင် ဖြေလျှော့ပေးလိုက်ပါ။
    • ဘာမှ မကျွေး၊ မတိုက်ပါနဲ့။
    • ၅မိနစ် ၁၀မိနစ်နေလို့မှ မသက်သာဘူး။ ဆေးရုံကားလည်း မရောက်သေးဘူးဆိုရင် ထိုးဆေးကို ထပ်ထိုးပါ။
    • လူနာက သတိလစ်သွားရင် အသက်ရှူသေးလား၊ နှလုံးခုန်သေးလား စမ်းကြည့်ပါ။ မခုန်တော့ရင် အရေးပေါ်အသက်ကယ်နည်းစလုပ်ပါ။ သာမန်လူတစ်ယောက် အနေနဲ့ နှုတ်ခမ်းချင်းတေ့ အသက်ရှူတာကို မလုပ်ရဲရင်၊ မလုပ်ချင်ရင် ရင်ဘတ်ကို တစ်မိနစ် အကြိမ် ၁၀၀ဖိနှိပ်ပေးရုံနဲ့ လုံလောက်ပါတယ်။ ဆေးရုံကား မလာမချင်း လုပ်ပေးပါ။

    နောက်ဆုံး ထိုးစရာဆေး မရှိဘူးဆိုရင်တောင် တခြားအဆင့်တွေ လုပ်ထားပြီး ဆေးရုံကို အမြန်သွားပါ။

    Adrenaline (Epinephrine) ထိုးဆေး ဆိုတာ

    ဓာတ်မတည့်လူနာတွေအတွက် အရေးပေါ်အသက်ကယ်ဆေးပါပဲ။ တကယ်အသက်အန္တရာယ်နီးတဲ့ ဓာတ်မတည့် ဖြစ်စဉ်မှာ အရင်လို ဘာမီတွန်လေး တိုက်ရုံနဲ့ မရပါဘူး။ Adrenaline (Epinephrine) ထိုးဆေးကို လိုအပ်ပါတယ်။ သူက အရေးအကြီးဆုံးပါပဲ။

    ဘယ်လောက်ထိတောင် အရေးကြီးလဲဆိုရင် ဆရာဝန်ဆီမရောက်ခင် လူနာ ဓာတ်မတည့်ရောဂါနဲ့ အသက်မဆုံးရှုံးအောင်၊ ဖြစ်လျှင်ဖြစ်ချင်း အချိန်မီကုနိုင်အောင် ဒီထိုးဆေးကို သာမန်လူတွေ ထိုးနိုင်အောင် ထုတ်လုပ်ထားတာပါ။

    ဆေးထိုးအပ်ပေါ်မှာ ဘယ်လိုထိုးရမယ်ဆိုတာ ပါပါတယ်။ အညွှန်းကို သေချာ ဖတ်ပါ။ အလွယ်ဆုံး မြင်အောင် ပြောရရင် တစ်ယောက်ယောက် ဓာတ်မတည့်ဖြစ်ပြီဆိုရင် ဆေးထိုးအပ်ကိုယူ၊ လက်နဲ့ဆုပ်၊ အဖုံးကိုဖြုတ်၊ ပေါင်ကို ထိုးချပြီး ၁၀စက္ကန့်လောက် ပေါင်မှာ စိုက်ထားပါ။ ၅မိနစ် ၁၀မိနစ်နေလို့မှ မသက်သာဘူး။ ဆေးရုံကားလည်း မရောက်သေးဘူးဆိုရင် ထိုးဆေးကို ထပ်ထိုးနိုင်ပါတယ်။ (အသုံးပြုနည်းအသေးစိတ်ကို Youtubeတွင် ကြည့်နိုင်ပါတယ်။)

    ဆေးကပေါင်မှာထိုးရတယ်ဆိုပေမယ့် အဝတ်အစားတွေ သိပ်မထူရင် ဖယ်စရာ မလိုပါဘူး။ အဝတ်ပေါ်ကနေ ထိုးလို့ရပါတယ်။ အချိန်နဲ့အမျှ အရေးကြီးတာမို့လို့ အဝတ်တွေ ချွတ်နေရင် ကြာနေမှာစိုးလို့ ဒီလို ထုတ်ထားတာပါ။

    မေးစရာရှိတာက ဓာတ်မတည့်တာ မသေချာရင်ရော။ သာမန်လူအနေနဲ့ ဓာတ်မတည့်တာကို ဟုတ်လား မဟုတ်လား မသေချာရင်လည်း ထိုးလို့ရပါတယ်။ ဆေးထိုးလိုက်လို့ မသကာ ရင်တုန်လာရုံအပြင် မရှိပါဘူး။ တကယ်ဓာတ်မတည့်တာကို မထိုးလိုက်မိရင်တော့ အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် မသေချာလည်း စိတ်ချရအောင် ထိုးပေးလိုက်ပါ။

    ဓာတ်မတည့်တာကို ကာကွယ်ဖို့

    ဓာတ်မတည့်တာကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ကိုယ်နဲ့ မတည့်တာကို ရှောင်ဖို့ပါပဲ။ နောက်ပြီး ကိုယ်က ဓာတ်မတည့်တဲ့ ရာဇဝင်ရှိရင် Adrenaline (Epinephrine) ထိုးဆေး (Epipen နာမည်နဲ့ ရှိပါတယ်။ တခြား နာမည်နဲ့လည်း ရှိပါတယ်။) နှစ်ချောင်းဆောင်ထားပါ။ လူအသွားအလာ ထူထပ်တဲ့ ရှော့ပင်းစင်တာတွေ၊ စားသောက်ဆိုင်တွေမှလည်း အရေးပေါ်အသက်ကယ်ဆေးအနေနဲ့ ဆောင်ထားနိုင်ရင် ကောင်းပါတယ်။

    ဓာတ်မတည့်ရောဂါက အရေးကြီးပါတယ်။ အချိန်နဲ့အမျှ အရေးကြီးပြီး နောက်ကျသွားရင် အသက်အန္တရာယ်ရှိပါတယ်။ ကိုယ့်အတွက်ပဲ ဖြစ်ဖြစ်၊ သူများအတွက်ပဲ ဖြစ်ဖြစ် ဒီအသက်ကယ်နည်းလမ်းလေးတွေက သင်ထား၊ တတ်ထားကောင်းပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement