ကိုဗစ်ကာကွယ်ဆေးထိုးရတော့မယ်ဆိုတော့ လက်ရှိမြန်မာနိုင်ငံမှာ ထိုးရမှာက အိန္ဒိယနိုင်ငံ Serum instituteက ထုတ်တဲ့ Covishield ကာကွယ်ဆေးပါ။
အောက်စ်ဖို့ဒ်က AstreZenecaအတိုင်း ထုတ်ထားတဲ့ ကာကွယ်ဆေးပါ။ လတ်တလောမှာ ကျန်းမာရေး ဝန်ထမ်းတွေကို ဦးစားပေး ထိုးတယ်ဆိုပေမယ့် ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး ကိုယ့်အလှည့်ရောက်နိုင်တာကြောင့် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိချင်တာ၊ မေးချင်တာတွေ ရှိနေမှာပါ။
လတ်တလောမှာ Covishield ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြန်လည်ဖြေဆိုထားတာလေးတွေကို မျှဝေပေးသွားပါမယ်။
Covishield ကာကွယ်ဆေး နဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ
- ဘယ်သူတွေကို အရင်ထိုးပေးမှာလဲ။
ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေး လူအုပ်စုအလိုက် ထိုးပေးသွားမှာပါ။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဗဟို/တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အစိုးရအဖွဲ့ဝင်များကို ခုပထမအသုတ်မှာ စပြီးထိုးပေးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ လူအုပ်စုတွေကိုတော့ ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး ဆက်ထိုးပေးသွားမှာ ဖြစ်ပါတယ်။
- လူတိုင်း မဖြစ်မနေထိုးရမှာလား။
Covishield ကာကွယ်ဆေးကို ထိုးခြင်း၊ မထိုးခြင်းက မိမိရဲ့ သဘောဆန္ဒပါ။ ဒါပေမယ့် ထိုးမယ်ဆိုရင်တော့ ရောဂါပိုးကို လုံလုံလောက်လောက်ကာကွယ်နိုင်တဲ့ ခုခံအားရအောင် သတ်မှတ်ထားတဲ့ အကြိမ်ရေပြည့်အောင် ထိုးပေးဖို့ လိုပါတယ်။
- လက်ရှိမှာ ကိုဗစ်ရောဂါ ခံစားနေရသူ ဒါမှမဟုတ် သံသယလက္ခဏာရှိတဲ့သူတွေက ကာကွယ်ဆေးထိုးလို့ရလား။
လက်ရှိမှာ ရောဂါခံစားနေရတယ် ဒါမှမဟုတ် သံသယလက္ခဏာတွေ ရှိနေတယ်ဆိုရင် သက်သာသွားအောင် စောင့်ပါ။ သက်သာသွားပြီးပြီးချင်းလည်း ထိုးလို့ မရသေးပါဘူး။ သက်သာသွားပြီး ၁၄ရက်ကြာမှ Covishield ကာကွယ်ဆေးထိုးလို့ရပါမယ်။
- ကိုဗစ်ရောဂါဖြစ်ဖူးရင်ရော ကာကွယ်ဆေးထိုးရဦးမှာလား။
ရောဂါဖြစ်ဖူးတယ်ဆိုပေမယ့် ကိုယ်ထဲက ခုခံအားက ၃လကနေ ၆လလောက်ပဲ ခံတာကြောင့် ခုခံအားမရှိတော့တဲ့အခါ ရောဂါပိုးကူးစက်ခံရနိုင်ပါသေးတယ်။ ဒါကြောင့် ရောဂါဖြစ်ဖူးပေမယ့် Covishield ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံဖို့ လိုပါတယ်။
- သွေးတိုး၊ ဆီးချို စတဲ့ ရောဂါအခံတွေ ရှိရင် ထိုးလို့ရလား။ ဆေးတွေလည်း သောက်နေရတယ် တည့်ပါ့မလား။
သွေးတိုး၊ ဆီးချို စတဲ့ ရောဂါအခံရှိတဲ့သူတွေက သူများထက် ပိုးကူးလွယ်ပြီး နောက်ဆက်တွဲရောဂါလည်း ပိုခံစားရနိုင်ခြေရှိတာကြောင့် ထိုးသင့်ပါတယ်။ ဆေးဝါးတွေအနေနဲ့ကတော့ သောက်လက်စဆေးတွေရှိရင် ဆရာဝန်ကို ကြိုပြောပါ။ အထူးသဖြင့် သွေးကျဲဆေး သောက်နေရရင် ဆေးထိုးတဲ့နေရာမှာ သွေးမတိတ်တာမျိုး ဖြစ်နိုင်တဲ့အတွက် သတိထားပြီး ထိုးပေးဖို့ လိုတာကြောင့်ပါ။
- လတ်တလောမှာ Covishield ကာကွယ်ဆေး မထိုးသင့်သေးတဲ့သူတွေ ရှိသလား။
-ကိုဗစ်ရောဂါအတည်ပြုခြင်း ခံထားရသူများ၊ သံသယလူနာများနဲ့ ရောဂါဖြစ်ပြီး ၁၄ရက် မကျော်သေးတဲ့ သူတွေ (၁၄ရက်ကျော်မှ ပြန်ထိုးပါ။)
-ကိုဗစ်လက္ခဏာရှိတဲ့သူတွေ (ဖျားခြင်း၊ ရုတ်တရက် အနံ့ပျောက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း)
-နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင် (အမေရိကန် CDCရဲ့ အဆိုအရတော့ Pfizerကာကွယ်ဆေးရော၊ အောက်ဖို့ဒ်ကာကွယ်ဆေးနဲ့ တူတဲ့ Covishieldရော ထိုးပေးနိုင်တယ်ဆိုပေမယ့် Serum instituteရဲ့ ညွှန်ကြားချက်မှာ မပါရှိသေးတဲ့အတွက် ထိုးပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကလေးမွေးပြီးတဲ့အခါ၊ ကလေးနို့ပြတ်သွားတဲ့အခါ ပြန်ထိုးနိုင်ပါတယ်။)
-အသက် ၁၈နှစ်အောက်တွေကိုလည်း ကာကွယ်ဆေး မထိုးပေးသေးပါ။
-HIVရောဂါရှိတဲ့သူ၊ ကင်ဆာရောဂါရှိတဲ့သူ၊ ခုခံအားထိန်းဆေးတွေ သောက်နေရတဲ့သူ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ ခုခံအားမကောင်းတဲ့အခါ ကာကွယ်ဆေးမအောင်တာမျိုး ဖြစ်တတ်လို့ပါ။
-တခြားရောဂါအခံရှိတဲ့သူ၊ သွေးမတိတ်ရောဂါ၊ သွေးကျဲဆေးတွေ သောက်နေရတယ်ဆိုရင် ဆေးထိုးတဲ့နေရာမှာ သွေးခြည်ဥနိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ထိုးပါ။
- လုံးဝမထိုးသင့်တဲ့ သူတွေရောရှိလား။
ရှိပါတယ်။ Covidshield ကာကွယ်ဆေးမှာပါတဲ့ ဓာတ်ပစ္စည်းတစ်မျိုးမျိုးနဲ့ မတည့်တဲ့သူ၊ ပထမတစ်ခေါက်ထိုးပြီး ပြင်းထန်ဓာတ်မတည့် ခံစားရတယ်ဆို ဒုတိယအကြိမ်ထပ် မထိုးသင့်ပါဘူး။
- ကာကွယ်ဆေးထိုးပြီးတာနဲ့ ရောဂါကို ချက်ချင်းကာကွယ်နိုင်ပြီလား။
လက်ရှိ Covishield ကာကွယ်ဆေးက ဒုတိယအကြိမ်ထိုးပြီး ၁၄ရက်နေမှ ခုခံအားရပါမယ်။ ဒါတောင် လူတစ်ယောက်နဲ့ တစ်ယောက် ကွာခြားနိုင်ပါသေးတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးပေမယ့် လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာနေတာကို ဆက်ပြီး လိုက်နာရဦးမှာပါ။
- ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးပြီးရင်ရော နှာခေါင်းစည်းဆက်တပ်ရဦးမှာလား။
ကပ်ရောဂါအသွင်ဖြစ်နေတာကြောင့် အကြိမ်ပြည့်ထိုးပြီးရင်လည်း လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာနေတာကို ဆက်ပြီး လိုက်နာရဦးမှာပါ။ ဒါမှ ရောဂါကို အမြန်ဆုံး ထိန်းချုပ်နိုင်မှာပါ။
Covishield ကာကွယ်ဆေးကို ကိုယ့်ဟာကိုယ်ဝယ်ထိုးလို့ရသလား။
အစိုးရက လူအုပ်စုခွဲပြီး ခွဲပေးတာကို မစောင့်ချင်ဘူး။ ကိုယ့်ဟာကိုယ် ဝယ်ထိုးရမလားဆိုရင် ဒီလို မလုပ်ပါနဲ့ဦးလို့ အကြံပြုပါရစေ။ အပြင်မှာ ဝယ်ထိုးတဲ့ အောက်လမ်းဆေးတွေက အတုတွေ ဖြစ်ဖို့များပါတယ်။ ဆေးစစ်ခဲ့ရင်တောင် သိုလှောင်သိမ်းဆည်းတဲ့ အပူချိန်မမှန်ရင် ပျက်စီးပြီး အာနိသင်မရနိုင်ပါဘူး။ ဒါက Covishieldမှ မဟုတ်။ တခြားဘယ်ကာကွယ်ဆေးမဆိုပါ။ မတော်တဆ ဆေးမတည့်ရင်လည်း အနားမှာ အရေးပေါ်ကုသပေးမယ့်သူ မရှိရင် ဒုက္ခရောက်နိုင်ပါတယ်။ ဒါကြောင့် အစိုးရအစီအစဉ်နဲ့ ထိုးပေးတာကို စောင့်ပြီး ကြားကာလမှာ လက်ဆေး၊ နှာခေါင်းစည်းတပ်၊ ခပ်ခွာခွာနေတာက အကောင်းဆုံးပါပဲ။
117,946
97,819
2,484
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။