ကိုဗစ်လူနာများမှာ တွေ့ရတတ်တဲ့ မှိုစွဲရောဂါ

    ကိုဗစ်လူနာများမှာ တွေ့ရတတ်တဲ့ မှိုစွဲရောဂါ

    အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဒုတိယလှိုင်းတုန်းက ကိုဗစ်လူနာတွေမှာ မှိုစွဲရောဂါ အတွေ့များခဲ့တယ်ဆိုတာ သတင်းတွေမှာ တွေ့လိုက်မှာပါ။ မြန်မာနိုင်ငံမှာလည်း ဒီတတိယလှိုင်းမှာ ကိုဗစ်လူနာတွေ များခဲ့ပါတယ်။ ဒါပေမယ့် မှိုစွဲတာတော့ သိပ်မကြားမိပါဘူး။ ဒီရောဂါက ဖြစ်လာရင် ရုပ်ပျက်ဆင်းပျက်ဖြစ်တာ၊ အသက်သေနိုင်တဲ့အထိ အန္တရာယ် ရှိတာကြောင့် သိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။

    မှိုစွဲရောဂါဆိုတာ

    ကိုဗစ်မှာ အတွေ့ရရများတဲ့ မှိုစွဲရောဂါဆိုတာ Mucormycosisကို ခေါ်တာပါ။ Black fungusလို့လည်း ခေါ်ပါတယ်။

    အဖြစ်နည်းပါတယ်။ ဖြစ်လာရင်လည်း သေနိုင်သည်အထိ ပြင်းထန်ပါတယ်။ မြေကြီးတွေ၊ အစိုပြန်နေတဲ့ ပစ္စည်းတွေ၊ သစ်ဆွေးတုံးတွေမှာ အများကြီး တွေ့ရပါတယ်။ လေထဲကနေလည်း ရှူမိပြီး ကူးနိုင်ပါတယ်။ သာမန်လူတွေမှာ ဖြစ်ခဲပါတယ်။ ကိုယ်ခံအားကျတဲ့ လူနာတွေမှာတော့ တွေ့ရတတ်ပါတယ်။

    အိန္ဒိယနိုင်ငံက မှိုစွဲရောဂါ

    ကိုဗစ်မှာ ဘာကြောင့် မှိုစွဲရောဂါကို ပိုတွေ့ရတာလည်း။ အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ ဆိုးဆိုးရွားရွား တွေ့ခဲ့ရပါတယ်။ စစ်တမ်းတွေအရ အိန္ဒိယနိုင်ငံမှာ မေလ ၅ရက်နေကနေ သြဂုတ်လ ၃ရက်နေ့အထိ လူနာပေါင်း ၄၇,၅၀၈ တွေ့ခဲ့ပြီး ၄၄၂၅ သေဆုံးခဲ့ပါတယ်။ မြေပြင်မှာတော့ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။

    ဘာကြောင့် အိန္ဒိယမှာ ဒီလောက်များရတာလည်း ဆိုတော့

    -ကိုဗစ်လူနာ များလွန်းတာ

    ဆီးချိုရောဂါသည်တွေ များလွန်းတာ (အာရှမှာ တရုတ်ပြီးရင် အိန္ဒိယက ဆီးချိုလူနာအများဆုံးပါပဲ။ ဆီးချိုလူနာတွေက ကိုယ်ခံအား ကျတတ်ပါတယ်။ ကိုဗစ်ကာလမှာ စတီးရွိုက်တွေ သောက်ရတဲ့အတွက် ပိုဆိုးပါတယ်။) ကြောင့်ပဲ ဖြစ်ပါတယ်။

    ကိုဗစ်နဲ့ မှိုစွဲရောဂါ

    ကိုဗစ်လူနာတွေမှာ Mucormycosisက

    -ဆီးချိုကောင်းကောင်း မထိန်းနိုင်တဲ့လူနာ

    -စတီးရွိုက်တွေ အများကြီး ပေးပြီး ကိုယ်ခံအားကို ထိန်းညှိထားတဲ့လူနာ

    -အထူးကြပ်မတ်ဆောင်မှာ အကြာကြီး ကုသမှု ခံနေရတဲ့ (ရောဂါပြင်းထန်တဲ့) လူနာတွေမှာ အတွေ့ရများပါတယ်။

    သာမန်အားဖြင့်တော့ သွားရင်းလာရင်းနဲ့ လေထဲကနေ ဒီမှိုပိုးတွေကို ရှူမိနိုင်ပါတယ်။ ခုလို ပူနွေးစိုစွတ်ပြီး မှိုစွဲလွယ်တဲ့ မိုးတွင်းဆို ပိုဆိုးတာပေါ့။ ဒါပေမယ့် အများစုက ဘာမှမဖြစ်ကြပါဘူး။ မှိုပိုးအများစုက ကိုယ်တွင်းက အပူချိန်ကို မခံနိုင်ဘဲ သေသွားကြလို့ပါ။ ဒါပေမယ့် အိန္ဒိယမှာ တွေ့ရတဲ့ အမျိုးအစား COVID-19-associated mucormycosis (CAM)က အပူဒဏ်ကို ခံနိုင်တဲ့ thermotolerant အမျိုးအစား ဖြစ်နေတာကြောင့် ပိုဆိုးနေတာပဲ ဖြစ်ပါတယ်။

    မှိုစွဲရောဂါမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေ

    Mucormycosis က ဖြစ်တဲ့နေရာပေါ်လိုက်ပြီး လက္ခဏာလေးတွေ အနည်းငယ် ကွဲပြားပါတယ်။

    • မျက်နှာက လေအိတ်တွေနဲ့ ဦးနှောက်မှာ ဖြစ်တဲ့ အမျိုးအစားဆိုရင် ဆီးချိုမထိန်းနိုင်တဲ့ သူတွေနဲ့ ကျောက်ကပ်အစားထိုးထားတဲ့ သူတွေမှာ အဖြစ်များပါတယ်။

    -မျက်နှာ တစ်ခြမ်း ရောင်တာ

    -ခေါင်းကိုက်တာ

    ထိပ်ကပ်နာ ဖြစ်တာ

    -နှာတံနဲ့ အာခေါင်မှာ အမည်းကွက်တွေ ထွက်လာပြီး ခပ်မြန်မြန် ပြန့်သွားတာ

    -ဖျားတာ စတာတွေ ဖြစ်တတ်ပါတယ်။ အိန္ဒိယမှာ ဒီအမျိုးအစားကို အများကြီး တွေ့ရပါတယ်။ ခုနကပြောသလို ဆီးချိုလူနာတွေ များလို့ပါ။

    • အဆုတ်မှာ ဖြစ်တဲ့ အမျိုးအစားကတော့ ကင်ဆာ ရောဂါရှိသူတွေ၊ ကိုယ်အင်္ဂါ အစားထိုးတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။

    -ဖျားတာ

    -ချောင်းဆိုးတာ

    -မောတာ

    -ရင်ဘတ်အောင့်တာ ဖြစ်တတ်ပါတယ်။

    • အစာအိမ်နဲ့ အူလမ်းကြောင်းမှာ တွေ့ရတဲ့ အမျိုးအစားကတော့ ကလေးတွေမှာ အဖြစ်များပါတယ်။

    -ပျို့အန်တာ

    -ဗိုက်အောင့်တာ

    -အစာအိမ်နဲ့ အူလမ်းကြောင်း သွေးယိုတာ ဖြစ်တတ်ပါတယ်။

    • အရေပြား ဖြစ်တဲ့အမျိုးအစားကတော့ ထိခိုက်ဒဏ်ရာတွေကို မှိုပိုး တိုက်ရိုက်ဝင်သွားလို့ပါ။ ခုခံအား မကျလည်းပဲ ဖြစ်နိုင်ပါတယ်။

    -အနာဖြစ်လာတာ

    -ရောင်လာတာ

    -မည်းလာတာ

    -အရည်ကြည်ဖုတွေ ထွက်လာတာ ဖြစ်တတ်ပါတယ်။

    • နောက်ဆုံးကတော့ တစ်ကိုယ်လုံးကို သွေးထဲကနေ ပြန့်သွားတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ကြီးကြီးမားမား ရောဂါရှိတဲ့သူတွေမှာ ဖြစ်တာကြောင့် လက္ခဏာတွေက မသေချာပါဘူး။ ဦးနှောက်ကို ထိတာ များတာကြောင့် လူနာက သတိမကောင်းတာ၊ ကိုမာဝင်တာတွေ ဖြစ်တတ်ပါတယ်။

    ဒီအမျိုးအစားတွေထဲမှာ အပေါ်ဆုံးက လေအိတ်နဲ့ ဦးနှောက်မှာ ဖြစ်တာက ကိုဗစ်လူနာတွေမှာ အတွေ့ရဆုံးပါ။

    စတီးရွိုက်နဲ့ မှိုစွဲရောဂါ

    စတီးရွိုက်သောက်တဲ့ လူနာတွေမှာ မှိုစွဲရောဂါ အဖြစ်များလို့ မသောက်ရဘူးလားလို့ မေးစရာ ရှိပါတယ်။ စတီးရွိုက်က ကိုဗစ်လူနာတွေမှာ ကိုယ်ခံအား အလွန်အကျွံတုံ့ပြန်တာကို ထိန်းဖို့ မသုံးမဖြစ် သုံးရတဲ့ဆေးပါ။ မှိုစွဲမှာ ကြောက်လို့ ဒါကို မသုံးဘူးဆိုရင်လည်း ကိုဗစ်ကို ကုလို့ရမှာ မဟုတ်ပါဘူး။

    ဒါကြောင့် လိုတဲ့ လူနာကိုတော့ ပေးရမှာပါ။ ပေးနေရင်းနဲ့ မှိုစွဲတာအပါအဝင် တခြားသော စတီးရွိုက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို စောင့်ကြည့်ရမှာပါ။ ဆရာဝန်ညွှန်မှသောက်ပါ ဒါကြောင့် ပြောတာပါ။

    ဒါ့ပြင် ဆီးချိုရှိတဲ့သူကို ဆီးချိုကောင်းအောင် ထိန်းမယ်၊ မိမိပတ်ဝန်းကျင်ကို ဂရုစိုက်မယ်ဆိုရင် အထိုက်အလျောက် ကာကွယ်နိုင်မှာပါ။

    မှိုစွဲရောဂါကို ကုသလို့ရပါ့မလား။

    မှိုစွဲရောဂါက အဖြစ်နည်းတယ်၊ ဖြစ်လာရင် သေနှုန်းမြင့်တယ်ဆိုပေမယ့် ကုသလို့တော့ ရပါတယ်။ စောစောသိတယ်ဆိုရင် မှိုသတ်ဆေးတွေ သွင်းလို့ရပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်း ပျက်စီးသွားတယ်ဆိုရင်တော့ ခွဲစိတ်ပြိး ဖယ်ထုတ်ပစ်ရမှာပါ။

    ဥပမာ အိန္ဒိယမှာ မျက်နှာက လေအိတ်တွေနဲ့ ဦးနှောက်မှိုစွဲရောဂါဖြစ်ပြီး မျက်နှာတစ်ခြမ်းရောင်ရမ်းပြီး နောက်ကျမှ ရောက်လာတာကြောင့် မျက်လုံးတစ်ဖက် ထုတ်လိုက်ရတဲ့ သာဓကလည်း ရှိပါတယ်။

    မှိုစွဲရောဂါကို ကာကွယ်ဖို့

    -ကိုဗစ်လူနာ ဆီးချိုရှိရင် ဆီးချိုကောင်းကောင်း ထိန်းပါ။

    -စတီးရွိုက်ကို ဆရာဝန်မညွှန်ဘဲ မသောက်ပါနဲ့။

    -မိမိပတ်ဝန်းကျင်မှာ မှိုမစွဲအောင်ထားပါ။ လူနာနေတဲ့အခန်းကို သန့်ရှင်းအောင်ထားပါ။ နေကောင်းကောင်း၊ လေကောင်းကောင်း ဖြစ်ပါစေ။ နံရံတွေ အစိုပြန်နေတာ၊ အသုံးအဆောင်တွေ အစိုပြန်နေတာမျိုး မဖြစ်အောင်ဂရုစိုက်ပါ။ လူနာသုံးတဲ့ အောက်စီဂျင် စလင်ဒါတွေ၊ စက်တွေ၊ အောက်စီဂျင်ပိုက်တွေကိုလည်း သန့်အောင်ထားဖို့ အကြံပြုချင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement