သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မနားတမ်း လုပ်နေရတဲ့ သင့်နှလုံးနဲ့ အဆုတ်ကျန်းမာစေဖို့

သင့်ခန္ဓာကိုယ်မှာရှိတဲ့ နှလုံးနဲ့ အဆုတ်ဆိုတာ အသက်ရှင်ဖို့ အရေးပါတဲ့ အင်္ဂါရပ်တွေပဲ ဖြစ်ပါတယ်။ နေ့စဉ်လှုပ်ရှားသွားလာဖို့၊ ကျန်းကျန်းမာမာနဲ့ အသက်ရှင်ဖို့ဆိုရင် ဒီနှလုံးလေးနဲ့ အဆုတ်လေး ကျန်းမာနေမှ ရမှာပါ။ ဒါကြောင့် သင့်အနေနဲ့ မရပ်မနား အလုပ်လုပ်နေတဲ့ နှလုံးလေးနဲ့ အဆုတ်လေး ကျန်းမာဖို့ အောက်က နည်းလမ်းတွေကို လိုက်နာကြပါနော်။

နှလုံးနဲ့ အဆုတ်ကျန်းမာစေဖို့

  • အစားအသောက် ဂရုစိုက်ပါ။

ကြာရှည်ခံအစားအစာတွေ၊ အသင့်စားအစားအစာတွေကို ရှောင်ပြီး လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြင်ဆင်ထားတာတွေကို စားပါ။ အာဟာရပြည့်ဝအောင် စားပါ။ ကိုလက်စထရော များတာတွေ၊ ပြည့်ဝဆီများတာတွေကို ရှောင်ပါ။ ဆားတွေ၊ အချိုမှုန့်တွေ လျှော့စားပါ။

ဒီအစားအစာတွေက သွေးတွင်းအဆီများတာ၊ သွေးပေါင်ချိန်တက်တာတွေ ဖြစ်တတ်လို့ ရေရှည်မှာ နှလုံးထိခိုက်လာနိုင်ပါတယ်။ ဒါဆို နှလုံးနဲ့ ဆက်စပ်နေတဲ့ အဆုတ်လေးဟာလည်း အနှေးနဲ့ အမြန်ထိခိုက်လာမှာပါ။

  • အိပ်ရေးဝဝအိပ်ပါ။

ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အိပ်ရေးမဝတဲ့ ရက်တွေ များလာမယ်ဆိုရင် နှလုံးကို ထိခိုက်လာမှာပါ။ ရက်ရှည်အိပ်ရေးပျက်တာက သွေးတိုးရောဂါနဲ့ ဆက်စပ်နေပါတယ်။ တခြားတစ်ဖက်မှာလည်း အိပ်ချိန်တွေ များလွန်းမယ်ဆိုရင် နှလုံးထိခိုက်လာနိုင်ပါတယ်တဲ့။ ဒါကြောင့် တစ်နေ့ကို ပုံမှန် ၇နာရီနဲ့ ၉နာရီကြား အိပ်ပေးပြီး နှလုံးမထိခိုက်အောင် ကာကွယ်ကြပါစို့။

  • ကိုယ်အလေးချိန်ထိန်းပါ။

ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိတာက နှလုံးနဲ့ အဆုတ်တင် မကပါဘူး။ တစ်ကိုယ်လုံးအတွက် ကျန်းမာဖို့အတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ အဝလွန်လာတဲ့အခါ နောက်က နှလုံးရောဂါအပြင် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါတွေပါ လိုက်လာမှာပါ။ ဒါ့ပြင် အိပ်ဟောက်ရှူရပ်လို့ခေါ်တဲ့ အိပ်နေရင်း အသက်ရှူ ရပ် ရပ်သွားတဲ့ ကိစ္စကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် အစားအသောက်၊ လေ့ကျင့်ခန်းတွေ လုပ်ပြီး ကိုယ်အလေးချိန်ကို ထိန်းပါ။

  • ဆေးလိပ်မသောက်ပါနဲ့။

ဆေးလိပ်က အဆုတ်ကင်ဆာကို ဖြစ်စေတဲ့ ထိပ်ဆုံးက အကြောင်းအရင်းပါပဲ။ အဆုတ်ကင်ဆာဆိုတာလည်း ကမ္ဘာ့အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်ခုပါ။ ဒါတင်ပဲလားဆိုတော့ ဆေးလိပ်သောက်တဲ့သူတွေဟာ နှလုံးသွေးကြောကျဉ်းပြီး နှလုံးကြွက်သားပုပ်တာလည်း ဖြစ်နိုင်ပါသေးတယ်တဲ့။ ဒါက ဆေးလိပ်ရဲ့ ဆိုးကျိုးတွေ အများကြီးထဲက အနည်းငယ်ကိုပဲ ပြောပြတာပါ။

ဆေးလိပ်ဖြတ်ဖို့ နောက်ကျသွားပြီဆိုတာ မရှိပါဘူး။ ဒါကြောင့် ဆေးလိပ်မသောက်တတ်ရင် အစလုပ်ပြီး မသောက်ပါနဲ့။ စွဲနေရင် ကြိုးစားပြီး ဖြတ်ပါလို့ အကြံပြုချင်ပါတယ်။

  • လေထုညစ်ညမ်းမှုကို ရှောင်ပါ။

အိမ်ထဲမှာ ဆေးလိပ်ပေးမသောက်ပါနဲ့။ တစ်ဆင့်ခံဆေးလိပ်ငွေ့ဟာလည်း ကိုယ်တိုင်ဆေးလိပ်သောက်သလိုပဲ နှလုံးနဲ့ အဆုတ်ကို ဒုက္ခပေးနိုင်ပါတယ်။ နောက်ပြီး အိမ်ထဲမှာ မီးခိုးထွက်လွယ်တဲ့ ကိစ္စတွေ (ဥပမာ မီးသွေးနဲ့ ချက်ပြုတ်တာ)၊ အလုပ်ခွင်နဲ့ အိမ်မှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းအနံ့တွေ မရှူမိဖို့ ဂရုစိုက်ပါ။ လေထုညစ်ညမ်းတဲ့နေ့တွေဆို အပြင်မထွက်ဘဲ အိမ်မှာပဲနေပါ။

ရှူရှိုက်တဲ့လေ သန့်စင်ပါမှ အဆုတ် သန့်မှာပါ။ ကိုယ်ထဲကို လေသန့်သန့်တွေ ရောက်သွားမှ တစ်ကိုယ်လုံးမှာရှိတဲ့ ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်မှာပါ။

  • နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

ကျန်းမာရေးကောင်းဖို့ လေ့ကျင့်ခန်း လုပ်ရမယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ လှုပ်လှုပ်ရှားရှား နေလိုက်တဲ့အခါ သွေးလည်ပတ်မှုတွေ ကောင်းလာတယ်၊ နှလုံးညှစ်အားလည်း တက်လာတယ်၊ အဆုတ်နဲ့ တဝကြီး လေကို ရှူသွင်းရှူထုတ်ရတဲ့အတွက် အောက်ဆီဂျင်အပြည့်အဝရပြီး တစ်ကိုယ်လုံးက ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်တယ်။

ခြုံကြည့်ရင် နှလုံးနဲ့ အဆုတ်သာမကဘဲ တစ်ကိုယ်လုံးကို ကျန်းမာစေမယ့် နည်းလမ်းပါပဲ။ ဒါကြောင့် နှလုံးနဲ့ အဆုတ်ကို အလုပ်ပေးတဲ့အနေနဲ့ တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။ ဘာမှမလုပ်တတ်ရင်တောင် လမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာလေး လုပ်လို့ရပါတယ်။

  • စိတ်ဖိစီးမှုလျှော့ချပါ။

လူရယ်လို့ ဖြစ်လာရင် စိတ်ဖိစီးမှုဆိုတာ ပါလာတာပါပဲ။ ဖိစီးမှုတွေကို အလုံးစုံရှောင်လွှဲလို့ မရပေမယ့် လျှော့နည်းအောင်တော့ လုပ်လို့ရပါတယ်။ စိတ်ဖိစီးမှုတွေဟာ ဓာတ်တိုးပစ္စည်းတွေကို ထွက်စေတဲ့အတွက် နှလုံးနဲ့ အဆုတ်အပါအဝင် ခန္ဒာကိုယ်က ဆဲလ်တွေကို ပျက်စီးစေပါတယ်။ ကြာလာရင် သွေးတိုးတာ၊ မောတာ၊ ရင်ဘတ်အောင့်တာတွေ ဖြစ်လာမှာပါ။

ဒါကြောင့် စိတ်ဖိစီးမှု လျှော့ချနိုင်တဲ့ နည်းလမ်းကောင်းတွေကို ရှာဖွေပါ။ တရားထိုင်မလား၊ စာအုပ်ဖတ်မလား၊ သီချင်းနားထောင်မလား၊ ယောဂကျင့်မလား ကိုယ်နှစ်သက်တဲ့နည်းနဲ့ စိတ်ဖြေလျှော့လို့ရပါတယ်။ ခုနက ပြောခဲ့တဲ့ လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ဖိစီးမှုလျှော့ချတဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။

  • ပိုးမဝင်အောင် ကာကွယ်ပါ။

ရာသီတုပ်ကွေးကစလို့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာက အခန့်မသင့်ရင် အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ပိုးမဝင်ဖို့

-မကြာခဏ လက်ကို ရေနဲ့ ဆပ်ပြာ သုံးပြီးဆေးပါ။ မရှိရင် လက်သန့်ဆေး သုံးပါ။

-လူထူတဲ့ နေရာမသွားပါနဲ့။ (အထူးသဖြင့် ခုလို ကိုဗစ်ကာလ)

-လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးပါ။ ဥပမာ တုပ်ကွေးကာကွယ်ဆေး

-တုပ်ကွေးဖြစ်ပြီး ဖျားနာရင် အပြင်မသွားပါနဲ့။ အိမ်ကလူတွေနဲ့ ဝေးဝေးနေပါ။ အာဟာရပြည့်အောင်စားပြီး ကောင်းကောင်း အနားယူပါ။

-အသက်ရှူလမ်းကြောင်း ပိုးဝင်ရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး စနစ်တကျကုသပါ။

သွားနဲ့ ခံတွင်းသန့်ရှင်းရေးကိုလည်း မေ့မထားပါနဲ့။ ခံတွင်းသန့်ရှင်းမှု မရှိရင် ပိုးမွှားတွေက နှလုံးဆီကို ရောက်ပြီး ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် သွားပုံမှန်တိုက်ပါ။ သွားဆရာဝန်နဲ့ ၆လတစ်ခါ ပြသပါ။

  • ပုံမှန်ဆေးစစ်ပါ။

နှလုံးနဲ့ အဆုတ်က ရောဂါတွေက လက္ခဏာမပြတာ များပါတယ်။ လက္ခဏာပြမှာဆို ကုရခက်တဲ့ အခြေအနေမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး ပုံမှန်ဆေးစစ်ပါ။ နဂိုရောဂါအခံတစ်ခုခုရှိရင် ပိုလို့တောင် စစ်ဆေးသင့်ပါသေးတယ်။

နှလုံးနဲ့ အဆုတ်ရဲ့ ကျန်းမာရေးဆိုတာ ကိုယ်ရဲ့ နေပုံထိုင်ပုံ၊ စားပုံသောက်ပုံကို လိုက်ပြီး ပြောင်းလဲတာပါ။ ဒါကြောင့် မနားတမ်း အလုပ်လုပ်နေတဲ့ နှလုံးနဲ့ အဆုတ်လေးကို ကျန်းမာစေချင်တယ်ဆိုရင်ဖြင့် ကိုယ်ရဲ့ နေထိုင်မှုပုံစံကို ခုကစပြီး ပြောင်းလဲဖို့ အကြံပြုလိုပါတယ်။

health-tool-icon

ရှိသင့်သည့် နှလုံးခုန်နှုန်း တွက်ချက်ကိရိယာ

သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။

အမျိုးသား

အမျိုးသမီး

မည်သူ့အတွက် စစ်ဆေးမည်နည်း။

နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)

60

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 03/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။