backup og meta

ဘာလို့ ဆေးလိပ် ဖြတ်မရတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာလို့ ဆေးလိပ် ဖြတ်မရတာလဲ

    ဆေးလိပ် ကို စိတ်ထွက်ပေါက် အနေနဲ့ သောက်တာ ရှိတယ်၊ အဖော်ကောင်းလို့ သောက်တာ ရှိတယ်၊ ကြိုက်လွန်းလို့ကို သောက်တာ ရှိတယ်၊ ကိုယ့်ကို ဆေးလိပ်သောက်ဖြစ်စေတဲ့ အကြောင်းရင်းက တစ်ယောက်တစ်မျိုးနဲ့ပါ။

    ဒါပေမယ့် တကယ်တမ်း ဆေးလိပ်ဖြတ်တော့မယ် ဆိုရင်တော့ ဒီအကြောင်းပြချက်တွေက အရေးပါလာပါပြီ။ ဘာကြောင့် သောက်ဖြစ်နေတာလဲ ဆိုတာကို ကိုယ့်ဘာသာ အဖြေရှာနိုင်မှ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားရတာ အောင်မြင်မှာ ဖြစ်ပါတယ်။

    ဆေးလိပ် ဘာလို့ သောက်ဖြစ်တာလဲ

    ယေဘုယျကျကျ ကြည့်မယ်ဆိုရင်တော့ လူတစ်ဦး ကို ဆေးလိပ်သောက်သုံးဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ အဓိကအားဖြင့် ဒီ ၄ မျိုး ပါဝင်နေပါတယ် –

    (၁) ခံစားချက် ကြောင့် သောက်ဖြစ်တာ

    စိတ်ရှုပ်စရာတွေ ကြုံလာရင် ဆေးလိပ်ထသောက်တတ်တယ်။ ဆေးလိပ်လေး သောက်ရင် တွေးလို့ ကောင်းတယ်၊ အတွေးနယ်ချဲ့ကြတယ်။

    အလုပ်တွေ လုပ်နေရင်း ရုံးခန်းအပြင် ခဏထွက်ပြီး ဆေးလိပ်သောက်တတ်တယ်။ တချို့လူတွေက ဆေးလိပ်သောက်လိုက်ရရင် လက်ရှိဖြစ်နေတဲ့ စိတ်အကျပ်အတည်းကနေ ခဏတာ စိတ်ပေါ့ပါးစေတယ် လို့ ယုံကြည်ထားကြတယ်လေ။ ဆေးလိပ်သောက်နေရင် အကြံဉာဏ်ကောင်းတွေ အတွေးပေါ်လာတတ်တယ် လို့လည်း ခံယူထားတတ်ကြသေးရဲ့။

    စိတ်ဖိစီးမှုတွေနဲ့ စိတ်ထိခိုက်စရာ အကြောင်းအရာတွေ နဲ့ ကြုံတွေ့ရတဲ့အခါ လူတော်တော်များများဟာ စီးကရက်တစ်လိပ်လောက် သောက်ချင်လာတဲ့ စိတ်ဆန္ဒကို ဖျောက်ဖျက်ပစ်လို့ မရနိုင်ဘဲ ဖြစ်တတ်ပါတယ်။

    ဒါကို ဖြေရှင်းဖို့ အတွက် ကိုယ့်မှာ ဖြစ်ပေါ်နေတဲ့ ဆေးလိပ်သောက်ချင်နေတဲ့ အာသီသကို ဖြေဖျောက်နိုင်ဖို့ –

    • အသက် ဝဝ ရှိုက်ပြီး ရှူပါ။
    • ဆေးလိပ်သောက်ချင်စိတ် လျော့ပါးသွားစေဖို့နဲ့ ခန္ဓာကိုယ်ကို လန်းဆန်းပေါ့ပါးသွားစေဖို့အတွက် အကြိုက်ဆုံးသီချင်းကို ဖွင့်ပြီး နားထောင်လိုက်ပါ။
    • ခဏတစ်ဖြုတ် လမ်းလျှောက်တာမျိုးပဲ ဖြစ်ဖြစ်၊ လှေကားတွေကို တက်လိုက်ဆင်းလိုက် လုပ်တာမျိုးပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ပေးတာက ခန္ဓာကိုယ်ကို စွမ်းအင်တိုးတက်အောင် လုပ်ဆောင်ပေးနိုင်သလို ဆေးလိပ်သောက်ချင်တဲ့အာသီသ ကိုလည်း လျော့ပါးစေပါတယ်။
    • ကိုယ်လက်လှုပ်ရှားမှုက ခန္ဓာကိုယ်ရဲ့စွမ်းဆောင်နိုင်ရည်ကို မြင့်တက်စေနိုင်တဲ့ တော်တော်လေးထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်သလို စိတ်ခံစားမှု ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အန်တိုဖင်ဓာတ်ကိုလည်း ထုတ်လွှတ်ပေးပါတယ်။

    (၂) လုပ်နေကျ အလုပ်တစ်ခုလို အကျင့်ပါနေတာ

    ဒါပြီးရင် ဒါလုပ်ရမယ် ဆိုတဲ့ အစဉ်အလာ သဘောမျိုးလေ။ ဥပမာ ထမင်းစားပြီး၊ မုန့်စားပြီးရင် ဆေးလိပ်သောက်ရမယ်၊ မသောက်ဖြစ်ရင် ခံတွင်းချဉ်တယ် ဆိုတာမျိုးပေါ့။

    အစားစားပြီးချိန်၊ ကားမောင်းနေတဲ့ အချိန် ၊ တီဗီကြည့်နေချိန်၊ ကော်ဖီသောက်နေချိန်မှာပဲ ဖြစ်ဖြစ် ဆေးလိပ်သောက်ချင်စိတ် ဖြစ်လာတာ ဒါမှမဟုတ် အလိုလို ဆေးလိပ်သောက်မိသွားတာမျိုး ဖြစ်တတ်ပါတယ်။

    ဒီလို အကျင့်ဖြစ်နေလို့ ဆေးလိပ်သောက်ချင်တဲ့ ဆန္ဒကို တစ်ခုခုနဲ့ အစားထိုးဖို့ နည်းလမ်းရှာဖွေသင့် ပါတယ်။ ဒီလိုအချိန်တွေဆို –

    • ဆေးလိပ်သောက်မယ့်အစား သရေစာ မုန့်တစ်ခုခု ဝါးတာမျိုး၊ ပီကေဝါးတာမျိုး ၊ သကြားလုံး စားတာမျိုးတွေကို လုပ်ကြည့်သင့်ပါတယ်။
    • ကိုယ့်ကိုယ်ကို အလုပ်များနေစေဖို့ ပန်းကန်ခွက်ယောက်တွေကို ကိုယ်တိုင်ဆေးကြောပေးပါ။
    • အကျင့်ပါသွားလို့ နေ့စဉ်တာဝန်တစ်ခုလို ဆေးလိပ်သောက်ချင်တဲ့ ဆန္ဒကို ဖယ်ဖျောက်ဖို့ဆိုတာ ပုံမှန်လုပ်ဆောင်နေကျ အလေ့အထတွေကို ပြောင်းလဲပစ်ဖို့က အရေးကြီးပါတယ်။

    (၃) ပေါင်းသင်းဆက်ဆံရေးကြောင့် သောက်ပျော်နေတာ

    လုပ်ဖော်ကိုင်ဖက်တွေ၊ အပေါင်းအသင်းတွေနဲ့ စကားစမြည်ပြောကြတဲ့အခါ စီးကရက်သောက်လေ့ ရှိကြတယ်။ ဥပမာ လက်ဖက်ရည်ဆိုင် ထိုင်တယ်ပေါ့။ ကိုယ်က ဆေးလိပ်မသောက်တော့ပါဘူး၊ ဖြတ်တော့ပါမယ် ဆို ကိုယ်နဲ့တွေ့နေတဲ့သူငယ်ချင်းက စီးကရက် မီးထညှိတဲ့အခါ ဘယ်လိုမျိုး နေမလဲ။

    အရင်လို ထသောက်ပစ်လိုက်ချင်မှာပဲပေါ့။ စိတ်အလိုလိုက်ပြီး သောက်လိုက်မိမယ် ဆိုရင် ဒီကြားထဲ အောင့်အည်းစောင့်စည်းခဲ့သမျှ သွားပြီလေ။

    ဒါ့ကြောင့် ကိုယ့်စိတ်ထဲ လုံးလုံးဆေးလိပ်မပြတ်သေးသရွေ့တော့ ဆိုင်ရွေးမယ်ဆို ဆေးလိပ်သောက်လို့မရတဲ့ နေရာမျိုးမှာ တွေ့ဆုံကြသင့်တယ်။ တွေ့ဖြစ်လည်း ကိုယ့်စိတ်ကိုယ် နိုင်အောင် ထိန်းဖို့ အသင့်ပြင်ပြီးမှ သွားပါ။

    (၄) ဆေးလိပ်ဖြတ်ဖို့ ကိုယ့်ကိုယ်ကို အတင်းချုပ်တည်းတာ

    လူ့စိတ်ဆိုတာ မလုပ်နဲ့ ဆိုမှ ပိုလုပ်ချင်တဲ့ သဘာဝ ရှိတာမို့ ဒီအချက်မှာ ငြိတော့တာပါပဲ။ ဖြတ်တော့မယ် ဆိုပြီး အတင်းချုပ်တည်းကာမှ ဆေးလိပ်သောက်ချင်စိတ်တွေ အရင်ကထက် အငမ်းမရ ပိုများလာတာ ဖြစ်တတ်ပါတယ်။

    ဆေးလိပ်မှာ အဓိကပါဝင်နေတဲ့အရာ ဖြစ်တဲ့ နီကိုတင်း နေ့စဉ်ရရှိမှု အနေအထား နဲ့ အသားကျနေတဲ့ အချိန်မှာ ဆေးလိပ်ဖြတ်လိုက်မယ် ဆိုရင် ဆေးလိပ်ဖြတ်ချိန် ခံစားရတဲ့ ဝေဒနာတွေ ဖြစ်လာနိုင်ပြီး ဆေးလိပ် အငမ်းမရ သောက်ချင်စိတ်ကိုလည်း ဖြစ်ပေါ်လာစေပါတယ်။

    ဒါ့ကြောင့် ဒီအချက်တွေကို သတိပြုမိတဲ့အခါ ဆေးလိပ်ဖြတ်မယ့် လမ်းခရီးမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement