backup og meta

သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် အိပ်စက်ခြင်းဆိုင်ရာ ယုံတမ်းစကားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် အိပ်စက်ခြင်းဆိုင်ရာ ယုံတမ်းစကားများ

    လူသားတွေဟာ သူတို့ဘဝရဲ့ သုံးပုံတပုံကို အိပ်စက်ချိန်အဖြစ်တဲ့ ဖြတ်သန်းကြပါတယ်။ တကယ်တော့ အိပ်စက်ခြင်းဟာ စိတ်ရောကိုယ်ပါ ကျန်းမာခြင်းနဲ့ ဆက်စပ်နေပါတယ်။ အိပ်ရေးပျက်ရင် စိတ်ရောကိုယ်ပါ မလန်းဆန်းဘဲ အိမ်မှာ၊ ကျောင်းမှာ စွမ်းဆောင်ရည် ကျဆင်းနိုင်ပါတယ်။ ကြာလာရင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် အိပ်စက်ခြင်းဆိုင်ရာ ယုံတမ်းစကားများ ကို ကြားဖူးကြမှာပါ။

    လူအများဟာ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အယူအဆအမှားတချို့ ရှိနေတတ်ပါတယ်။ ယုံတမ်းစကားများအနေနဲ့ တယောက်နဲ့တယောက်လက်ဆင့်ကမ်းပြီး အချက်အလက်အမှားတွေ ဖြန့်ချိနေကြပါတယ်။

    ယခုဆက်လက်ဖော်ပြမှာကတော့ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ကြားနေကျယုံတမ်းစကားတွေ ဖြစ်ပါတယ်။ အဆိုပါအယူအဆများဟာ မှားယွင်းနေတာကို သတိပြုရပါမယ်။

    သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် အိပ်စက်ခြင်းဆိုင်ရာ ယုံတမ်းစကားများ

    သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် အိပ်စက်ခြင်းဆိုင်ရာ ယုံတမ်းစကားများ ကတော့

    ယုံတမ်းစကား ၁။ အရွယ်ရောက်ပြီးသူတွေဟာ ၅ နာရီလောက်အိပ်ရင် လုံလောက်တယ်

    သုတေသီတွေရဲ့ အဆိုအရ အဆိုပါအယူအဆကြောင့် လူအများစုရဲ့ ကျန်းမာရေးကို ထိခိုက်နေကြောင်း သိရပါတယ်။ တကယ်တော့ အရွယ်ရောက်ပြီးသူတွေမှာ အိပ်စက်ချိန်အနေနဲ့ တရက်ကို ၇ နာရီနဲ့ ၉နာရီကြား လိုအပ်ပါတယ်။ ၅ နာရီလောက်ပဲအိပ်မယ်ဆိုရင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် နှလုံးနဲ့သွေးတိုးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ကျခြင်း၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဆီးချိုနဲ့ အဝလွန်နိုင်ခြေလည်း များလာပါလိမ့်မယ်။

    ယုံတမ်းစကား ၂။ အိပ်ချိန်မတိုင်ခင် တီဗီကြည့်ခြင်းဟာ အပန်းဖြေနည်းကောင်းတခုဖြစ်တယ်။

    လူအများစုဟာ အပန်းဖြေတဲ့အနေနဲ့ ညမအိပ်ခင် တီဇီဇာတ်လမ်းတွေကို ကြည့်တတ်ကြပါတယ်။ သုတေသီတွေရဲ့ အဆိုအရ တီဗီကနေထုတ်လွှင့်လိုက်တဲ့ အပြာရောင်အလင်းလှိုင်းများဟာ အိပ်စက်ခြင်းအပေါ် ထိခိုက်စေပါတယ်။ တကယ်တော့ တီဗီတမျိုးတည်း မဟုတ်ပါဘူး။ လက်ကိုင်ဖုန်း၊ ကွန်ပျူတာ စတဲ့ တကိုယ်ရေသုံး အီလက်ထရွန်းနစ်ပစ္စည်းတွေလည်း ဒီစာရင်းမှာ ပါဝင်ပါတယ်။ အိပ်ရာဟာ အိပ်ဖို့အတွက်ပါပဲ။ ရုပ်ရှင်ကြည့်ရမယ့်နေရာ၊ ဖုန်းသုံးရမယ့်နေရာ မဟုတ်ပါဘူး။

    ယုံတမ်းစကား ၃။ ဘယ်အချိန်အိပ်အိပ် အိပ်ပျော်ဖို့အဓိကဖြစ်တယ်။

    သင့်ခန္ဓာကိုယ်ဟာ ဘယ်အချိန်အိပ်ရမယ်၊ ဘယ်အချိန်ထရမယ်ဆိုတာ သဘာဝနာရီ သတ်မှတ်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်အကိုင်အရ၊ မိသားစုကိစ္စတွေအရ အချိန်နဲ့တပြေးညီ မအိပ်နိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။ တခါတရံမှသာ အိပ်ရေးပျက်တာမျိုးက ပြဿနာမရှိပေမယ့် ရက်ရှည်လများ ဖြစ်လာရင် ဥပမာ ညအချိန်တွေပဲ တာဝန်ထမ်းဆောင်ရတာမျိုးဆိုရင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ နေ့အချိန်ပြန်အိပ်ရုံနဲ့ အိပ်စက်ခြင်းကို အပြည့်အ၀ အစားမထိုးနိုင်ပါဘူး။

    ယုံတမ်းစကား ၄။ အိပ်မပျော်သေးရင်တောင် အိပ်ရာထဲမျက်စိမှိတ်ထားတာ ပိုကောင်းတယ်။

    အိပ်ရာထဲလှဲနေရုံနဲ့ အိပ်ပျော်ခြင်းနဲ့ မတူပါဘူး။ ဦးနှောက်၊ နှလုံး၊ အဆုတ် စတာတွေဟာ နှစ်ခြိုက်စွာ အိပ်ပျော်နေချိန်မှာ အလုပ်လုပ်တဲ့ပုံစံနဲ့ နိုးနေချိန်မှာ အလုပ်လုပ်တဲ့ပုံစံ ကွဲပြားပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်သွားတဲ့အချိန်နည်းပြီး အိပ်ရာထဲမှာ အိပ်မပျော်ဘဲလှဲနေတဲ့အချိန် များလာရင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ အိပ်ပျော်စေမယ့် နည်းလမ်းတွေ ရှာဖွေသင့်ပါတယ်။

    ယုံတမ်းစကား ၅။ ဘယ်အချိန်၊ ဘယ်နေရာ ထိုးအိပ်အိပ်၊ ချက်ချင်း အိပ်ပျော်သွားတာဟာ ကောင်းတဲ့အကျင့်ပဲ

    ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အိပ်စက်မှုပုံစံမှာ အချိန်တခုတော့ ယူရပါတယ်။ ဆိုလိုတာက အိပ်ပျော်ဖို့ဆိုရင် မိနစ်အနည်းငယ်တော့ အချိန်ယူရပါတယ်။ တနေရာရာမှာ ခေါင်းချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်တယ်ဆိုတာ အိပ်ရေးပျက်ဖန်များလွန်းလို့လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ ချက်ချင်းအိပ်ပျော်နိုင်တယ်ဆိုတာ ကျန်းမာရေးနဲ့သိပ်မညီတဲ့ပုံစံ ဖြစ်ပါတယ်။

    ယုံတမ်းစကား ၆။ မအိပ်ခင်မှာ အရက်သောက်တာ အိပ်လို့ပိုကောင်းစေတယ်။

    အိပ်မပျော်ခင် တခွက်နှစ်ခွက်လောက် သောက်ပေး၊ အိပ်လို့ကောင်းတယ်ဆိုတာမျိုးဟာ မှားယွင်းပါတယ်။ တကယ်တော့ အိပ်စက်ခြင်းကိုပါ အနှောင့်အယှက်ပေးပါတယ်။ နောက်တရက်မှာပါ မလန်းဆန်းဘဲ ဖြစ်နေနိုင်ပါတယ်။

    ယုံတမ်းစကား ၇။ ဟောက်သံကျယ်တာ သဘာဝပါ

    ဟောက်တတ်ရုံက ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကျယ်လောင်လွန်းတဲ့ ဟောက်သံဟာ အိပ်စက်စဉ် အသက်ရှူ ရုတ်တရက်ရပ်တန့်ခြင်း (Sleep Apnea) ရဲ့ လက္ခဏာတခုဖြစ်နေနိုင်ပါတယ်။ အဆိုပါပြဿနာဟာ အိပ်ရေးကောင်းကောင်းမဝဘဲ ဖြစ်စေပါတယ်။ အဆိုပါ ပြဿနာရှိသူတွေဟာ များသောအားဖြင့် ကိုယ်အလေးချိန်များသူ၊ အဝလွန်သူတွေ၊ သွေးတိုးသူတွေ ဖြစ်နေတတ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement