backup og meta

ကျောပူတာ ခံနိုင်ပေမယ့် နားပူတာ မခံနိုင်တော့တဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောပူတာ ခံနိုင်ပေမယ့် နားပူတာ မခံနိုင်တော့တဲ့အခါ

    လူအများစုဟာ နားပူမှာ ကြောက်ကြပါတယ်။ အလုပ်တွေ အများကြီးခိုင်းတာ ခံရတာထက်၊ ဘေးနားကနေ နားမခံသာအောင် လာပြီး ပြောဆိုနေမှာကို ပိုကြောက်တတ်ကြတယ်။ ဒီအခြေအနေမျိုးဟာ ပုံမှန်အားဖြင့်တော့ သဘာဝ အခြေအနေတစ်ရပ်ပါ။

    ဒါပေမယ့် တချို့တွေအတွက်ကတော့ ဒီမှာတင် မရပ်သွားတတ်ပါဘူး။ ဆူဆူညံညံအသံတွေကြောင့် စိတ်တွေ ဖိစီးလာမယ်၊ စိတ်တွေ ပိုတိုတတ်လာမယ်၊ ပိုခံစားရလာမယ်ဆိုရင် တစ်စုံတစ်ခုတော့ လွဲချော်နေပြီဆိုတာကို သင်နားလည်ထားဖို့ လိုအပ်ပါတယ်။

    ဒီအခြေအနေကို Misophonia လို့ခေါ်ပါတယ်။ နားပူတာမခံချင်တဲ့ စိတ်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ အလွန်အမင်းဆိုးရွားတဲ့ အခြေအနေမျိုးမှာ လူတစ်ဖက်သားရဲ့ အသက်ရှူသံ၊ အစာဝါးသံ၊ မျိုချသံ၊ ကျယ်လောင်တဲ့ နှာချေသံ၊ မော်တော်ကားမောင်းသံ၊ ဗျစ်တောက်ဗျစ်တောက် စကားပြောဆိုသံ၊ ဆူပူကြိမ်းမောင်းသံစတဲ့ ပုံမှန်စိတ်အနှောင့်အယှက်ဖြစ်စရာ အသံဗလံတွေတိုင်းအပေါ် ပြင်းထန်စွာ ခံစားနေတတ်ပါတယ်။

    ဒီလို အသံဗလံတွေကြောင့် အလွန်အမင်း စိတ်ဆိုးဒေါသထွက်နေတတ်ပြီး မထိန်းချုပ်နိုင်တဲ့ အခြေအနမှာ စိတ်လိုက်မာန်ပါ အပြုအမူတွေလည်း ကျူးလွန်မိလေ့ရှိပါတယ်။

    တချို့သော လေ့လာချက်တွေအရ ဒီဝေဒနာဟာ ဦးနှောက်လုပ်ဆောင်ချက်တစ်ချို့ ဖောက်လွဲဖောက်ပြန်ဖြစ်တာကြောင့်လို့ ဆိုကြတယ်။ ဒါပေမယ့် ခုချိန်အထိ သတ်မှတ်ချက်တွေအရ ဒီဝေဒနာကို စိတ်ဖောက်ပြန်မှုလို့ အတိအကျ သတ်မှတ်ထားတာမျိုးမရှိသေးဘူး။ နောက်ပြီး အကြားအာရုံဆိုင်ရာ ပြဿနာအဖြစ်လည်း သတ်မှတ်မထားပြန်ဘူး။

    ဒီတော့ ဒီရောဂါဟာ စိတ်ဝေဒနာလည်း မဟုတ် နားချို့ယွင်းတာလဲမဟုတ်နဲ့ တောမရောက် တောင်မရောက်ဝေဒနာလို့ ဆိုရမယ်။ ဒါပေမယ့် sound–emotion synesthesia ရဲ့ ပုံစံတစ်မျိုးလို့ သတ်မှတ်ချက်တော့ ရှိတယ်။ နောက်ပြီး ပူပင်သောကကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာ (anxiety disorders) အဖြစ်လည်း မှတ်ယူကြတယ်။ selective sound sensitivity syndrome လို့လည်း ခေါ်ဆိုကြပါသေးတယ်။

    ဘယ်လိုဝေဒနာမျိုးလဲ

    ခုချိန်ထိ အများစုသော Misophonia ဝေဒနာရှင်တွေဟာ သတ်သတ်မှတ်မှတ် မုန်းတဲ့ အသံဗလံတွေ ကိုယ်စီရှိတတ်ကြပါတယ်။ တချို့က ရေစက်ကျသံ၊ တချို့က ဆူညံသံ၊ တစ်ချို့က ထုသံနှက်သံစသဖြင့်ပေါ့။ ဒါပေမယ့် ဆူပူကြိမ်းမောင်းခံရတာမျိုး၊ ဗျစ်တောက်ဗျစ်တောက် ပြောဆိုခံရတာမျိုးတွေကျ လူတိုင်း မခံစားနိုင်တဲ့ အသံမို့ သူတို့လိုဝေဒနာရှင်တွေအတွက် ပိုဆိုးတယ်ပဲ ဆိုရပါမယ်။

    ယျေဘုယျအားဖြင့် Misophonia ဝေဒနာရှင်တွေ သိသိသာသာ သတိထားမိပြီး စိတ်တိုတတ်တဲ့ အသံတွေဟာ တကယ်တော့ လူအများက သတိမထားမိတဲ့ အသံတွေပါ။ ဒီလိုဖြစ်လာအောင် အစပြုပေးတဲ့ အသံတွေကတော့ –

    တပေါက်ပေါက် တစက်စက် ကျတဲ့အသံ

    • သောက်သံ
    • သက်ပြင်းချသံ
    • အစာဝါးသံ
    • အာလုပ်သံ
    • ပလုတ်ပလောင်းစားသံ
    • ဘောလ်ပင် ခေါက်သံ
    • ပီကေဝါးသံ
    • ကီးဘုတ် ရိုက်သံ
    • လေချွန်သံ
    • လက်ဆစ် လက်ခေါက်ချိုးသံ
    • အကြွေစေ့မြည်သံ
    • လက်သည်းကိုက်သံ
    • စသဖြင့် အများကြီးဖြစ်နိုင်ပါတယ်။

    ကြုံဆုံလာရမယ့် လက္ခဏာများ

    ချို့သော ယူဆချက်တွေမှာတော့ ဝေဒနာရှင်တွေရဲ့ ဦးနှောက်ထဲက Auditory System ပုံမှန်မဟုတ်ပဲ ချွတ်ချော်မှုရှိနေတာကြောင့်လို့ ဆိုကြပါတယ်။ ဒါကလည်း ယူဆချက် သက်သက်ရယ်ပါ။

    Misophonia ဝေဒနာရှင်တွေဟာ သူတို့ ကြားနေရတဲ့ ဒီအသံဗလံတွေက ရူးသွပ်သွားစေလောက်အောင် တွန်းအားပေးနေတယ်လို့ ယုံကြည်နေလေ့ရှိပါတယ်။ ဒီလိုအသံတွေကို တခြားလူတွေထက် ပိုကျယ်တဲ့ ကြိမ်နှုံးတွေနဲ့ ကြားရတယ်လို့လည်း သူတို့က ယုံကြည်နေတတ်ကြပါတယ်။

    ဒီဝေဒနာခံစားရသူတွေဟာ ကိုယ့်ကို စိတ်မသက်မသာဖြစ်စေတဲ့ အသံမျိုးတွေကို ကြားရတဲ့ အချိန်တွေမှာ အောက်ပါ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

    • သောကများတာ
    • စိတ်မသက်မသာဖြစ်တာ
    • ထွက်ပြေးချင်စိတ်ပေါက်တာ
    • ရွံ့ရှာစက်ဆုပ်တာ
    • ဒေါသအမျက် ခြောင်းခြောင်းထွက်တာ
    • စိတ်တို စိတ်ဆိုးတာ
    • မုန်းတီးတာ
    • ကြောက်ရွံ့တာ
    • စိုးရိမ်ထိတ်လန့်တာ
    • စိတ်ဖိစီးလာတာ၊ စတဲ့ ဝေဒနာတွေဖြစ်ပါတယ်။

    ကုစားလို့ရနိုင်ပါ့မလား

    Misophonia ဝေဒနာကို ခံစားရတဲ့အခါမျိုးမှာ လူမှုဘဝအပေါ် သက်ရောက်မှုကြီးမားတတ်ပါတယ်။ လူအများအကြားမှာ နေထိုင်ရတာ အဆင်မပြေမှု မကြာခန ဖြစ်လေ့ရှိပါတယ်။

    ဝေဒနာရှင်တွေဟာ သူတို့ရဲ့ ခံစားချက်အပေါ် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက နားလည်ပေးနိုင်ခြင်းမရှိဘူးလို့ ခံစားနေကြရတတ်ပါတယ်။ ဒါကြောင့်လည်း ဒီဝေဒနာရှင်တွေကို ကုစားရာမှာ တချို့အခြေအနေတွေမှာ မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ သီးခြားနေထိုင်ဖို့ ကျွမ်းကျင်သူတွေက လမ်းညွှန်တတ်ကြပါတယ်။

    ဒီဝေဒနာဟာ အသက် ၉ နှစ်နဲ့ ၁၃ နှစ်အကြားမှာ လက္ခဏာစတင်ပြသတတ်ပြီးတော့ ဘဝတစ်သက်တာလုံး တွယ်ညှိနေတတ်တယ်လို့ ယူဆရပေမယ့် တိကျတဲ့ သက်သေမျိုးတော့ မရှိသေးပါဘူး။ မိန်းကလေးတွေမှာ ပိုအဖြစ်များပါတယ်။

    ဒီဘက်ခေတ်မှာတော့ specialized mindfullness therapy၊ auditory system stimulation၊ specialized CBT၊ Direct counseling နဲ့ brain conditioning protocol နည်းလမ်းတွေ အသုံးပြုပြီး ကုသလို့ရနေပြီဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement