backup og meta

နတ်ပူး နဂါးပူး တကယ်ရှိသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နတ်ပူး နဂါးပူး တကယ်ရှိသလား

    နတ်ပွဲတွေမှာ နတ်ပူး ပြီး ထကကြ၊ နဂါးတွေ ဝင်ပူးကြတယ်ဆိုတာ ခုလို သိပ္ပံပညာထွန်းကားတဲ့ ခေတ်မှာတော့ ယုံဖို့ ခက်ပါတယ်။ လောကီနယ်လွန် ကိစ္စရပ်တွေကိုတော့ မပြောလိုပေမယ့် ဒီလိုအဖြစ်အပျက်တွေကို သိပ္ပံနည်းကျ၊ ဆေးပညာအရ ရှင်းပြထားတာတွေတော့ ရှိပါတယ်။

    နတ်ပူး သလား ရူးသလား။

    နတ်ပွဲတွေမှာ အကောင်းကြီးတွေကနေ အစုလိုက် ထကကြ၊ နဂါးဝင်ပူးတယ်ဆိုပြီး မြေကြီးမှာ တွန့်လိမ်ကြ (ရေပါ ဖြန်းပေးရသေး) ဒီလိုမျိုး ထူးဆန်းတဲ့ ဖြစ်ရပ်တွေက မြန်မာနိုင်ငံမှာပဲ ရှိတာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ ဒါကို လေ့လာကြည့်လိုက်တဲ့အခါ Mass Hysteriaဆိုတာကို တွေ့ရှိခဲ့ပါတယ်။

    Mass Hysteriaကို နောက်တစ်မျိုး Collective obsessional behavior လို့လည်း ခေါ်ပါတယ်။ ဆိုလိုတာက လူအစုလိုက် အပြုံလိုက်က ထူးဆန်းတဲ့ အပြုအမူတွေကို လုပ်ကြတာပေါ့။ နိုင်ငံခြားမှာဆိုရင် အကြောင်းရင်း မရှိဘဲ အစုလိုက် ထကကြတာတွေ ရှိပါတယ်။ တော်တော်ကြီး မောပြီး ပစ်လဲတဲ့အထိ ကကြတာပါတဲ့။ မြန်မာနိုင်ငံက နတ်ဝင်တာနဲ့တော့ ဆင်တူပါတယ်။

    Mass Hysteriaဆိုတာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုပါ။ ရူးတယ်ဆိုတာထက် ခဏတာ အသိစိတ်လွတ်သွားတယ်လို့ ပြောရင် ပိုမှန်ပါတယ်။ ဒါကြောင့်ပဲ သာမန်အချိန်မှာ မလုပ်တဲ့ အလုပ်တွေ လုပ်ပြီး ပြီးသွားရင် မှတ်မိသလိုလို မမှတ်မိသလိုလို ဖြစ်နေတာပါ။

    Mass Hysteriaရဲ့ လက္ခဏာတွေက

    Mass Hysteriaက အမျိုးမျိုး ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့ အစုလိုက် နတ်ပူးတာ၊ နဂါးပူးတာ အပြင် သီချင်းတစ်ပုဒ်တည်းကို နားထောင်ပြီး အကြောဆွဲကုန်တာ၊ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုကို ကြည့်ပြီး ထူးဆန်းတဲ့ လက္ခဏာတွေ ခံစားရတာ၊ နေရာတစ်ခုကို ရောက်ရင် လူတိုင်းက သတ်သေချင်သလို ဖြစ်တာ ဒါတွေအားလုံးက Mass Hysteria မျိုးကွဲတွေပါပဲ။

    Mass Hysteria က အမျိုးအစားတွေ အများကြီး ရှိသလို လက္ခဏာတွေကလည်း အမျိုးမျိုးကွဲနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ယူကေ၊ လန်ဒန်မှာ ရှိတဲ့ King’s College က Prof. Simon Wessleyက Mass Hysteriaအတွက် ယေဘူယျ မှန်ကန်တဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

    • ဒီပြဿနာက ရုပ်ပိုင်းဆိုင်ရာ ရောဂါကြောင့် မဟုတ်ပါဘူး။ သူတို့ကို ကြည့်လိုက်ရင် ကျန်းမာရေးကောင်းတဲ့ သာမန်လူတွေချည်း ဖြစ်နေတာကို တွေ့ရမှာပါ။
    • သာမန်အချိန်တွေဆို ဒီလို ထူးဆန်းတာတွေ မလုပ်တတ်ကြပါဘူး။ ဥပမာ နတ်ဝင်တဲ့အခါ ကတဲ့သူတွေက သာမန်အချိန်တွေမှာ သီချင်းသံကြားတိုင်းကတတ်တဲ့ အန်တီကြီးတွေ မဟုတ်ပါဘူး။ နဂါးပူးတာလည်း ဒီလိုပါပဲ။ သာမန်အချိန်တွေမှာ မြေကြီးပေါ်လှိမ့်ပြီး ရေဖြန်းစရာ လိုတဲ့သူတွေ မဟုတ်ပါဘူး။
    • ကြိုတင်စီစဉ်ထားတာ မဟုတ်ပါဘူး။ ပူးခံရတဲ့သူတွေကို ကြည့်လိုက်ရင် အမျိုးတော်နေတာ၊ မိတ်ဆွေတွေ ဖြစ်နေတာ မဟုတ်ပါဘူး။ တစ်နေရာစီက လာပြီး ပွဲရောက်မှ ရုတ်တရက် ထကကြသူတွေပါ။ (လိမ်ဖို့ ကြိုတင်စီစဉ်ထားတာတွေကတော့ သက်သက်ပေါ့လေ။)
    • စိတ်ကျေနပ်ဖို့ ထကကြတာ မဟုတ်ပါဘူး။ ဆိုလိုတာက အပျော်အပါး ကိစ္စအတွက် သွားကကြတာမျိုး မဟုတ်ပါဘူး။ ဥပမာ EDMပွဲတို့ ကလပ်တို့မှာလည်း လူအစုလိုက် ကကြတာပါပဲ။ ဒါပေမယ့် သူတို့က သူတို့ စိတ်ပျော်ဖို့အတွက် တမင်ကကြတာပဲ ဖြစ်ပါတယ်။
    • တိုက်ဆိုင်မှုလည်း မဟုတ်ပါဘူး။

    ပရော်ဖက်ဆာကြီးကတော့ Mass Hysteriaရဲ့ လက္ခဏာတွေကို ဒီ၅ချက်နဲ့ ရှင်းထားပါတယ်။

    နတ်ပူး တာအပြင် မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့ တခြား Mass Hysteriaများ

    နတ်ပူး ၊ နဂါးပူးတာအပြင် တခြားအစုလိုက် အပြုံလိုက် ဖြစ်တတ်တဲ့ ပြဿနာတွေလည်း ရှိပါသေးတယ်။ ဥပမာ

    -ကာကွယ်ဆေးတွေ စုထိုးပေးတာက အစုလိုက်အပြုံလိုက် မူးပြီး အော့အန်တာမျိုး (အဲ့တုန်းကလည်း မှတ်မှတ်ရရ အမျိုးသမီးတွေ များပါတယ်။)

    -သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ကျောင်းမှာ ကျောင်းသူတစ်ယောက်က ထငိုလိုက်လို့ ကျန်တဲ့သူတွေပါ သရဲဝင်ပူးသလိုဖြစ်တာမျိုး

    -အလှူ ဒါမှမဟုတ် အများသုံးသောက်ရေကို သောက်ပြီး အဆိပ်သင့်ကြတာမျိုး

    ဒီအဖြစ်အပျက်တွေမှာ လူနာတွေက လက်တွေ့မှာ ဘာရောဂါမှ မရှိပါဘူး။ ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာ၊ အစာအဆိပ်သင့်တာ စတာတွေ တကယ် မခံစားရပါဘူး။ ဒါပေမယ့် စိတ်ထဲမှာ ယုံကြည်လွန်းတာကြောင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ပြလာတာပါ။ ဒီလို စိတ်ကြောင့် ရုပ်လက္ခဏာပေါ်လာတာကို Psychosomatic manifestation လို့ ခေါ်ပါတယ်။

    တစ်ယောက်လောက်က ဒီလို ဖြစ်သွားပြီဆိုရင် ကျန်တဲ့သူတွေကလည်း တကယ်အဆိပ်သင့်တာ၊ ဓာတ်မတည့်တာလို့ ထင်၊ ကြောက်စိတ်တွေ ဝင်ပြီး အစုလိုက် အပြုံလိုက် လက္ခဏာတွေပြလာတာပဲ ဖြစ်ပါတယ်။

    (တစ်ခုရှိတာက ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဥပမာ ကာကွယ်ဆေးနဲ့ တကယ် မတည့်တာလား၊ တကယ် အစာအဆိပ်သင့်တာလားဆိုတာကို စစ်ဆေးပြီးမှပဲ စိတ်ပြဿနာလို့ သတ်မှတ်ရမှာပါ။)

    အမျိုးသမီးတွေမှာ ပိုဖြစ်တတ်သလား။

    တိုက်ဆိုင်တာလားတော့ မသိပေမယ့် နတ်ပွဲတွေ၊ နဂါးပွဲတွေမှာ ပူးပြီဆိုရင် အမျိုးသမီးတွေ အဖြစ်များနေတာကို တွေ့ရပါတယ်။ လေ့လာချက်တွေအရလည်း အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးတွေက စိတ်ဖိစီးမှု ပိုများလို့ပါတဲ့။

    အိမ်အလုပ်ရော၊ ရုံးအလုပ်တွေရော၊ သားသမီးတာဝန်တွေရော များတဲ့အခါကျတော့ နဂိုတည်းကလည်း စိတ်ဖိစီးနေတတ်ပါတယ်။ ဒါကြောင့် အလွယ်တကူ အသိစိတ်လွတ်လွယ်ပြီး ရုပ်ပိုင်းဆိုင်ရာမှာ ထူးဆန်းတဲ့ လက္ခဏာတွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။

    ကမ္ဘာတစ်လွှားက ထူးထူးခြားခြား Mass Hysteria များ

    မြန်မာနိုင်ငံမှာပဲ ဒီလို ထူးဆန်းတာတွေ ဖြစ်တတ်တာ မဟုတ်ပါဘူး။ ဟိုးအရင်နှစ်ပေါင်းများစွာတည်းက တခြားနေရာတွေမှာ အစုလိုက် အပြုံလိုက် Mass Hysteria ဖြစ်ခဲ့ကြတာပါ။ ဥပမာ  ပြောရရင်

    • ၂၀ ရာစုက ကြောင်လိုအော်ခြင်း

    အဲ့တုန်းက အမျိုးသမီးတွေကို ဖိနှိပ်ဆက်ဆံခဲ့တဲ့ အချိန်ဆိုတော့ အင်မတန်မှ စိတ်ဖိစီးစရာ များပါတယ်။ နေ့တိုင်း အမျိုးသမီး ခရစ်ယာန်သီလရှင်တွေက နာရီပေါင်းများစွာ အချိန်မှန်မှန်ကြောင်လို အော်ခဲ့ကြတာပါတဲ့။ နောက်ဆုံး ကြိမ်တွေနဲ့ ရိုက်ပြီး ဖြေရှင်းခဲ့ပါတယ်တဲ့။

    • Tanganyikaမှ ရယ်သံများ

    ခု တန်ဇန်းနီးယားလို့ ခေါ်တဲ့ ဒေသက ရွာလေးတစ်ရွာမှာ ၁၉၆၂ က ဖြစ်ခဲ့တာပါ။ ဘော်ဒါကျောင်းမှာ ကျောင်းသားတစ်ယောက် ထရယ်တာက စပြီး ဖြစ်တာပါ။ သူကနေ သူ့သူငယ်ချင်း၊ ဆရာတွေ၊ နောက်ဆုံး မိဘတွေပါ လိုက်ရယ်တာပါ။ အံ့သြစရာကောင်းတာက ၁၈လကြာအောင် ရယ်နေခဲ့တာပါ။ တချို့များဆို ရယ်ရာက ငို၊ ရင်ဘတ်တွေအောင့်၊ အသက်ရှူတွေကျပ်တဲ့အထိ ဖြစ်ကြပါသတဲ့။

    • လမ်းမပေါ်က ကချေသည်

    ၁၅၁၈က ပြင်သစ်နိုင်ငံ၊ Strasbourgမှာ ဖြစ်သွားတာပါ။ ဒီတစ်ခါလည်း အမျိုးသမီးပါပဲ။  Fao Troffea ဆိုတဲ့ အမျိုးသမီးက အကြောင်းရင်းမရှိဘဲ လမ်းပေါ်မှာ ထွက်ကတာပါ။ သီချင်းလည်း ဖွင့်မထားဘဲနဲ့ကို ကတာပါ။ တစ်ပတ်လောက် မရပ်မနားကပြီးတဲ့အချိန်မှာ သူ့နားမှာ လူ၃၀လောက် ဖြစ်နေပါပြီ။ ဒီလူတွေကလည်း အကြောင်းအရင်းမရှိဘဲ လာကကြတဲ့ သူတွေပါပဲ။ တစ်လမပြည့်ခင်မှာပဲ လမ်းပေါ်မှာ လူ ၄၀၀လောက် စုမိဆောင်းမိ ဖြစ်နေပါပြီ။ တချို့ဆို ကနေရင်း အမောဖောက်ပြီး ဆုံးသွားတာတွေတောင် ရှိပါသတဲ့။

    ဘယ်လိုမှ ရပ်ဖို့ မတတ်နိုင်တဲ့ အဆုံးမှာ ကောင်စီဝင်တွေက ‘ကဟာ’ဆိုပြီး ဘေးနားမှာ တီးဝိုင်းအဖွဲ့လေး ထားပေးလိုက်ပါသတဲ့။ နောက်ဆုံး ၁လလောက်နေမှ အလိုလို ရပ်သွားကြပါတယ်။ အဲ့တုန်းကတော့ ထူးဆန်းတဲ့ ပိုးတစ်မျိုး ကူးခံရတယ်လို့ ထင်ကြတာပေါ့။ ခုကျတော့မှ Mass Hysteria လို့ ပြောနိုင်ပါတယ်။

    Mass Hysteriaကို ကုသလို့ ရသလား။

    Mass Hysteriaမှန်း မသိတဲ့အတွက် ကုသမှု ခံယူသူကလည်း ခပ်ရှားရှားပါပဲ။  ထူးခြားတဲ့ လက္ခဏာတွေပြနေတဲ့ အဖွဲ့ထဲကနေ ခွဲထုတ်တာလောက်ပဲ လုပ်ကြပါတယ်။ နောက်ပိုင်းမှာတော့ စိတ်ဖိစီးမှုနည်းအောင် နေခိုင်းတာ၊ စိတ်ကုထုံးတွေ ခံယူခိုင်းတော့ ရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement