ကိုယ်မနှစ်သက်တာတစ်ခုခုနဲ့ တွေ့တဲ့အခါ စိတ်ထဲမှာ စိုးရိမ်တာ၊ ကြောက်လန့်တာ ဖြစ်တတ်ပါတယ်။ ဒါက ကမ္ဘာဦး အစတည်းက လူသားတွေရဲ့ ကိုယ်ထဲမှာ အသက်ရှင်ဖို့အတွက် ထည့်ပေးထားတဲ့ စွမ်းရည်တစ်ခုပါ။ ဥပမာ ကျားနဲ့ တွေ့တဲ့အခါ ကြောက်စိတ်မဖြစ်ရင် ထွက်ပြေးဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ နက်ဖြန်စာမေးပွဲရှိတာကို စိုးရိမ်စိတ်မဝင်ရင်လည်း စာကျက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်ဆိုတာက ရှိသင့်ပါတယ်။ ဒါပေမယ့် ရှိသင့်တာထက် အစိုးရိမ်လွန် လာပြီဆိုရင်တော့ ဒါရောဂါတစ်ခုဖြစ်သွားပါပြီ။