စိုးရိမ်ပူပန်လွန်းတာဟာ ထိန်းချုပ်ရ အင်မတန်ခက်ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်နေထိုင်မှုဘဝကို ဆိုးကျိုးတွေအများကြီး ဖြစ်စေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပူပန်ကြောင့်ကြမှုတွေ၊စိုးရိမ်မှုတွေကို ဘယ်လိုမျိုး ဖယ်ရှားရှင်းလင်းသင့်သလဲ။ ဒီဆောင်းပါးလေးမှာ စိုးရိမ်ပူပန်ခြင်းကို ဘယ်လိုထိန်းချုပ်ရင်ဆိုင်ရမလဲဆိုတာကို မျှဝေပေးထားပါတယ်။
အပြေးလေ့ကျင့်ခန်း
သင့်အနေနဲ့ ဒီအချက်ဟာ တမျိုးပဲလို့ ထင်ကောင်းထင်နေနိုင်ပေမယ့် ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းဟာ စိုးရိမ်ပူပန်မှုကို တကယ်ပဲ ကူညီလျှော့ချပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတဲ့သူတွေအနေနဲ့လည်း ပြောင်းလဲချိန်တန်ပါပြီ။ ကိုယ်ကောင်းဖို့အတွက်ပဲလေ။ ပြောင်းလဲလိုက်ပါ။ ပျော်ရွှင်တဲ့ဘဝတခုကို ပိုင်ဆိုင်ဖို့ဆိုရင် သင့်အနေနဲ့ ကျန်းမာတဲ့စိတ်နဲ့ ခန္ဓါကို လိုအပ်ပြီး ဒီနှစ်ချက်လုံးကို လေ့ကျင့်ခန်းလုပ်ခြင်းက ပေးစွမ်းနိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်းက အကောင်းဆုံး လေ့ကျင့်ခန်းဆိုပေမယ့် တခြားဘာလေ့ကျင့်ခန်းပဲ ဖြစ်ဖြစ် အကျိုးရှိတာ အမှန်ပါပဲ။ ဟုတ်ပြီ၊ဒါဖြင့် မေးစရာတခုရှိတာက လေ့ကျင့်ခန်းလုပ်တာဟာ စိုးရိမ်ပူပန်မှုတွေကို ဘာလို့လျော့ပါးသက်သာစေရတာလဲ။
- သင့် စိတ်ကို ဖြေလျှော့ပေးနိုင်တဲ့၊သက်တောင့်သက်သာရှိစေတဲ့ ဓါတ်ပစ္စည်းတွေကို ဦးနှောက်က ထုတ်ပေးစေပါတယ်။
- လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ခန္ဓါကိုယ်ထဲမှာရှိတဲ့ ဖိအားတွေကို လျော့ကျစေပါတယ်။
- ဟော်မုန်းတွေရဲ့ ပမာဏကို သင့်လျော်ညီမျှမှု ရှိစေပါတယ်။
- လေ့ကျင့်ခန်းလုပ်တာဟာ ကြွက်သားတွေကို ပင်ပန်းစေတဲ့အတွက် သင့်ကို ကောင်းကောင်းအိပ်ပျော်စေပါတယ်။
ခံစားချက်တွေကို ချရေးပါ
သင့်အနေနဲ့ စိုးရိမ်ပူပန်မှုတွေကို ခံစားနေရတဲ့အချိန်မှာ နာကျင်ကိုက်ခဲတာ၊မအီမသာဖြစ်တာ အစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ဒီလက္ခဏာတွေကို အတိုင်းအတာတခုထိ တောင့်ခံနိုင်၊လျစ်လျူရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်မှုကြောင့် ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကိုတော့ ဘယ်လိုရင်ဆိုင်မှာလဲ။ သင့်ခေါင်းထဲမှာ တရစ်ဝဲဝဲဖြစ်ပြီး ဖျောက်ဖျက်မရတဲ့ စိတ်မသက်သာစရာ စိုးရိမ်ပူပန်မှု အတွေးတွေကို ဘယ်လိုများ လျစ်လျူရှုနိုင်မှာလဲ။
ဟုတ်ပြီ၊ သင့်ခေါင်းထဲက အတွေးတွေကို အပြင်အန်ထုတ်ပစ်ဖို့အတွက် အလွယ်ကူဆုံးသော နည်းလမ်းက သူတို့ကို ချရေးလိုက်ဖို့ပါပဲ။ သင့်အနေနဲ့စာတတန်ပေတဖွဲ့ လှလှပပ ရေးနေစရာမလိုပါဘူး။ ဒါဟာ သင့်ရဲ့ နေ့စဉ်မှတ်စုတခု ဖြစ်တဲ့အတွက် သင်ကြိုက်တာအကုန်ရေးခွင့် ရှိပါတယ်။ စိတ်ဖိစီးစေတဲ့ အကြောင်းအရာမှရယ် မဟုတ်ပါဖူး၊သင့်ခေါင်းထဲဝင်လာပြီး ပြန်မထွက်နိုင်ဘဲ တရစ်ဝဲဝဲဖြစ်နေတဲ့ အကြောင်းအရာတွေကို ချရေးပါ။ ဒါမျိုးရေးတာ ညဖက်မှာ ရေးတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်ဟာ သင့်ကို စိတ်ဖိစီးစေ၊ပူပန်ကြောင့်ကြစေတဲ့ အရာတွေကို မပြီးနိုင်မစီးနိုင် အတွေးနယ်ချဲ့ပြီး အိပ်မပျော် ဖြစ်တတ်တဲ့ အချိန်ခါသမယ ဖြစ်နေလို့ပါပဲ။ ဒီအတွေးတွေကို တနေရာမှာ ကောင်းကောင်းချရေးလိုက်ပြီဖြစ်တဲ့အတွက် မပျောက်ပျက်သွားနိုင်တော့ဖူး၊နောက်အားမှ ပြန်ကြည့်ပြီး အဖြေရှာတော့မယ်လို့ ဦးနှောက်က သိသွားတဲ့အတွက် ဖိအားတွေ ပြေလျော့သွားပါပြီ။
ရေများများ သောက်ပါ
စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို အလွယ်တကူ ဖြေလျှော့ပေးနိုင်တဲ့ နောက်ထပ်နည်းလမ်းတခုက ရေများများသောက်တာပဲ ဖြစ်ပါတယ်။ လူအများစုဟာ ရေဓါတ်ပြည့်ပြည့်ဝဝရအောင်လုပ်ဖို့ကို အလေးမထား၊ဂရုမစိုက်ကြတဲ့အတွက် တချို့သော ဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေပါတယ်။ အတိအကျပြောရရင် ရေဓါတ်ချို့တဲ့လို့ စိုးရိမ်ပူပန်သောကများတဲ့ စိတ်ရောဂါဖြစ်ရတယ်ရယ်တော့ မဟုတ်ပေမယ့် ရေဓါတ်ချို့တဲ့ခြင်းဟာ စိတ်ဖိစီးမှုရဲ့ ရောဂါလက္ခဏာတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့်
သင့်အနေနဲ့ စိုးရိမ်ပူပန်သောကများတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် ရိုးရှင်းလွယ်ကူပြီး ထိရောက်လှတဲ့ ဒီနည်းလေးကို ဘာလို့စမ်းမကြည့်ရမှာလဲ။ ရေကို ခါတိုင်းသောက်နေကျထက် တနေ့ကို နှစ်ခွက်၊သုံးခွက်လောက်ပိုသောက်ပေးပါ။ ဆီးပိုသွားမှာ မပူပါနဲ့၊ ဆီးများများသွားတာ ပိုတောင်ကောင်းပါသေးတယ်။ သင်တိုးပြီး သောက်တဲ့ ရေပမာဏကို မကြာလှတဲ့ အချိန်အတွင်းမှာပဲ သင့်ခန္ဓါကိုယ်က ထိန်းညှိပေးနိုင်မှာ ဖြစ်တာမို့ နောက်ရက်တွေမှာ ဆီးခဏခဏသွားဖို့ လိုတော့မှာ မဟုတ်ပါဘူး။
ဆေးဝါးတွေ မသုံးစွဲခင် ဒါမှမဟုတ် ဆရာဝန်နဲ့ မပြသခင်မှာ သင့်အနေနဲ့ အထက်ဖော်ပြပါ အချက်လေးတွေကို အရင်ဆုံး လိုက်နာကျင့်သုံးကြည့်သင့်ပါတယ်။ တကယ်လို့ ဒီနည်းလမ်းတွေနဲ့မှ အဆင်မပြေဖူး၊လက္ခဏာတွေ မသက်သာဖူးဆိုရင်တော့ သင့်အနေနဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပြီ ဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။