backup og meta

စိတ်ဖိစီးမှုနှင့် သိုင်းရွိုက်ရောဂါများ

စိတ်ဖိစီးမှုနှင့် သိုင်းရွိုက်ရောဂါများ

စိတ်ဖိစီးမှုဆိုတာ ယနေ့ခေတ်အခါမှာ လက်ပွန်းတတီးဖြစ်နေတဲ့ စကားလုံးပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ကာလရှည်ကြာလာရင် ကိုယ်စိတ်ကျန်းမာရေးကို ထိခိုက်လာစေတဲ့အပြင် သိုင်းရွိုက်အပေါ်ကိုပါ သက်ရောက်မှု ရှိပါတယ်။

သိုင်းရွိုက်ဟာ အဒရီနယ်ဂလင်းတွေနဲ့ လိုက်လျောညီထွေ အလုပ်လုပ်ပါတယ်။ အဒရီနယ်ဂလင်းတွေဟာ ကျောက်ကပ်တွေပေါ်မှာ တည်ရှိပြီး စိတ်ဖိစီးမှု အနည်းငယ်မျှလောက်ကို တုံ့ပြန်ကိုင်တွယ်နိုင်ပါတယ်။ စိတ်ဖိစီးချိန်မှာ အဆိုပါဂလင်းများကနေ ကော်တီဆောဟော်မုန်းကို ထုတ်လုပ်ပြီး ကိုယ်ခန္ဓာရဲ့လုပ်ငန်းတာဝန်တွေကို တိုးမြှင့်ဆောင်ရွက်စေပါတယ်။

အဖြစ်အများဆုံး သိုင်းရွိုက်ပြဿနာကတော့ မိမိကိုယ်ခံအားစနစ်က မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်တဲ့ ရောဂါအမျိုးအစားဖြစ်ပြီး သိုင်းရွိုက်ဂလင်းမှာ ဖြစ်ပေါ်ပါတယ်။ ဂရေ့ဗ်စ်ရောဂါနဲ့ ဟာရှီမိုတိုသိုင်းရွိုက်ရောင်ခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။

ဂရေ့ဗ်စ်ရောဂါမှာ သိုင်းရွိုက်အလုပ်လုပ်နှုန်း တက်ကြွလွန်းပြီး ဟာရှီမိုတိုရောဂါမှာတော့ သိုင်းရွိုက်ဟာ အလုပ်လုပ်ခြင်း အားနည်းသွားပါတယ်။ စိတ်ဖိစီးမှုသက်သက်နဲ့တော့ အဆိုပါရောဂါတွေကို မဖြစ်စေပါဘူး။ ဒါပေမယ့် ပြဿနာကို ပိုဆိုးသွားစေပါတယ်။

စိတ်ဖိစီးမှုကနေ သိုင်းရွိုက်အပေါ် ထိခိုက်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုတွေကို နှေးကွေးသွားစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးခြင်းနဲ့ ကိုယ်အလေးချိန်တိုးခြင်း ဆက်စပ်နေတာ ဖြစ်ပါတယ်။ စိတ်ဖိစီးချိန်မှာ သိုင်းရွိုက်လုပ်ငန်းတွေကျဆင်းသွားတဲ့အခါ T3 နဲ့ T4 သိုင်းရွိုက်ဟော်မုန်းတွေလည်း ကျဆင်းသွားပါတယ်။

သိုင်းရွိုက်အလုပ်လုပ်ခြင်းအားနည်းချိန်မှာ အင်ဆူလင်မတိုးခြင်းနဲ့ သွေးတွင်းသကြား ထိန်းချုပ်ခြင်း ကိစ္စတွေမှာ ပြဿနာတွေ ရှိလာတတ်ပါတယ်။ စိတ်ဖိစီးချိန်မှာ ပိုထွက်လာတတ်တဲ့ ဂလူကိုကော်တီကွိုက်ဟော်မုန်း မြင့်တက်လာခြင်းဟာ သွေးထဲမှာ TSH ဟော်မုန်းကို ကျဆင်းလာစေပါတယ်။ စိတ်ဖိစီးချိန်ထွက်တဲ့ ဟော်မုန်းများဟာ သိုင်းရွိုက်အပေါ် သက်ရောက်မှုဖြစ်စေပါတယ်။

စိတ်ဖိစီးမှု ကာလကြာရှည်လာရင် ကိုယ်ရောစိတ်ပါ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ တစ်ချိန်တည်းမှာပဲ သိုင်းရွိုက်အားနည်းတဲ့ လက္ခဏာတွေ ဥပမာ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း စတာတွေ ပေါ်လာတတ်ပါတယ်။ နာတာရှည်ဖြစ်လာတဲ့ စိတ်ဖိစီးမှုကြောင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်း စတဲ့ရောဂါဝေဒနာတွေ ပေါ်လာတတ်ပြီး အဆိုပါလက္ခဏာနှစ်မျိုးစလုံးဟာ သိုင်းရွိုက်အားနည်းခြင်းရဲ့ လက္ခဏာတွေလည်း ဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချမလဲ

စိတ်ဖိစီးမှုလည်းများနေပြီး သိုင်းရွိုက်ရောဂါလည်း ကြုံနေရပြီဆိုရင် သင့်ရဲ့နေ့စဉ် နေထိုင်မှုပုံစံမှာ အောက်ပါအတိုင်း ပြောင်းလဲသင့်ပါတယ်။

သင့်တင့်မျှတအောင်စားပါ

ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရသင့်တင့်မျှတတဲ့ စားသောက်မှုပုံစံဖြစ်ဖို့ လိုအပ်ပါတယ်။ နေ့စဉ် အသီးအနှံနဲ့ ပရိုတိန်းကို မျှတအောင်စားဖို့ လိုပါတယ်။ တနေ့တာကို သကြားနည်းပြီး ပရိုတိန်းနဲ့ အမျှင်ဓာတ်များများပါတဲ့ မနက်စာကောင်းကောင်းနဲ့ စတင်သင့်ပါတယ်။ အယ်လ်ကိုဟော၊ ကဖိန်းနဲ့ သကြား စတာတွေကို လျှော့ပြီး သုံးစွဲသင့်ပါတယ်။

ဗီတာမင်များ သုံးစွဲပါ

သိုင်းရွိုက်ကို အထောက်အပံ့ဖြစ်စေမယ့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သုံးစွဲနိုင်ပါတယ်။ အိုင်အိုဒင်းနည်းခြင်းကြောင့် သိုင်းရွိုက်အလုပ်လုပ်အားနည်းခြင်း ဖြစ်တတ်ပါတယ်။ အိုင်အိုဒင်းအပြင် သုံးစွဲသင့်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကတော့

– ဆီလီနီယမ်

– ဇင့်

– သံဓာတ်

– ကော့ပါးဓာတ်

– ဗီတာမင် A B C E စတာတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဗီတာမင်အားဆေးတွေသောက်သုံးတော့မယ်ဆိုရင် သင့်တော်တဲ့ပမာဏကို သိရအောင် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

သိုင်းရွိုက်အလုပ်လုပ်ခြင်း အားနည်းချိန်မှာ နှစ်ခြိုက်စွာအိပ်စက်နိုင်ဖို့ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာလည်း ညအခါမှာ အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။ ဒါပေမယ့် ညအချိန်မှာ နှစ်ခြိုက်စွာ အနားယူအိပ်စက်နိုင်အောင် ကြိုးစားခြင်းဟာ သိုင်းရွိုက်ကျန်းမာရေးအပေါ် ကောင်းစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။

အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထာပါ။ အိပ်စက်ခါနီး ဖုန်း ကွန်ပျူတာများ သုံးခြင်း ရှောင်ပါ။ အိပ်စက်ခါနီး ငြိမ်ငြိမ်သက်သက်နေခြင်းဟာ အဒရီနယ်ဂလင်းများကနေ စိတ်ဖိစီးမှု တုံ့ပြန်တဲ့ ဟော်မုန်းကို လျော့နည်းစေပြီး အနားကောင်းကောင်းရစေပါတယ်။

ဖြေလျှော့အနားယူခြင်း

ဖြေလျှော့အနားယူခြင်း၊ တရားထိုင်ခြင်း စတာတွေဟာ သင့်စိတ်နဲ့ ကိုယ်ခန္ဓာကို ကောင်းစွာ အနားရစေပါတယ်။ ဒီလိုအနားယူခြင်းကြောင့်လည်း စိတ်ဖိစီးမှုလျော့ကျပြီး သိုင်းရွိုက်အပေါ် ထိခိုက်ခြင်းလည်း သက်သာစေပါတယ်။ ကိုယ်ရောစိတ်ပါဖြေလျှော့နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ အပြင်ထွက်လမ်းလျှောက်ခြင်း စတာတွေ ဖြစ်ပါတယ်။

နေ့စဉ်ဘဝကနေ စိတ်ဖိစီးမှုအားလုံးကို ဖယ်ထုတ်နိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အစားကောင်းကောင်းစားခြင်း၊ ဗီတာမင် သတ္တုဓာတ်များ သုံးစွဲခြင်း၊ နှစ်ခြိုက်စွာ အိပ်စက်ခြင်း၊ ဖြေလျှော့အနားယူခြင်း စတာတွေဟာ သိုင်းရွိုက်အတွက်ရော အလုံးစုံကျန်းမာရေးကိုပါ ဟန်ချက်ညီမျှတစေပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/hypothyroidism/stress-and-your-thyroid Accessed Date 13 May 2020

ယခုပုံစံ

02/07/2020

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ဖိစီးမှုနှင့် ကိုယ်အလေးချိန်တက်ခြင်း

စိတ်ဖိစီးမှုများလွန်းခြင်း၏ လက္ခဏာများ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement