backup og meta

ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

    ကြောက်စိတ် ဆိုတာ လူတွေရဲ့ စိတ်ခံစားမှု တစ်ခုပါ။ စိတ်လှုပ်ရှားစရာ အခြေအနေတစ်ခုနဲ့ ကြုံတဲ့အခါ ဖြစ်ဖြစ်၊ အန္တရာယ်ရှိတဲ့ အနေအထား တစ်ခုကို ကြုံတွေ့ရင် ဖြစ်ဖြစ် ကြောက်စိတ်ဆိုတာ ပေါ်လာတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကြောက်ရမယ့် ကိစ္စပြီးရင် အကြောက်ပြေသွားကြပါတယ်။ ဘယ်သူမှ အကြာကြီး မကြောက်ကြပါဘူး။ အကြာကြီး ကြောက်နေရပြီဆိုရင်တော့ သင့်ရဲ့ နေ့စဉ်ဘဝမှာ အနှောင့်အယှက် ဖြစ်လာမှာပါ။

    လေ့လာချက်တွေအရ နေ့ဘက်နဲ့ ညဘက်နဲ့ ယှဉ်ရင် ညဘက်မှာ အကြောက်တရား ကြီးစိုးတာ ပိုများပါတယ်တဲ့။ ပညာရှင်တွေကတော့ ဒါက အိပ်ရေးပျက်တာကြောင့်လို့ ထင်ပါတယ်တဲ့။ ဟိုးအရင်တွေတည်းကလည်း စိတ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေက အိပ်ရေးပျက်ရင် ပိုဆိုးတယ်ဆိုတာ လက်ခံကြပြီးသား ကိစ္စတစ်ခုပါ။

    ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်နေမယ်ဆိုရင် ရေရှည်မှာ အိပ်ရေးပျက်ပြီး ကျန်းမာရေး ထိခိုက်လာမှာကိုလည်း စိုးရိမ်ရပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘာတွေ လုပ်ကြမလဲ။

    ဘာကြောင့် ညဘက်ရောက်မှ ကြောက်စိတ် တွေက ပိုဆိုးလာရတာလဲ။

    အိပ်စက်ခြင်းဆိုတာ အနားယူခြင်း တစ်မျိုးပါ။ အိပ်လိုက်တာလိုက် ခန္ဒာကိုယ်က အနားရပြီး စိတ်က ဖိစီးမှုတွေ သက်သာသွားပါတယ်။ ဒါကြောင့်လည်း စိတ်ညစ်နေရင် ထိုးသာ အိပ်လိုက်လို့ ပြောကြတာပါ။ ဒါပေမယ့် အပြန်အလှန်အားဖြင့် ကြောက်စိတ်တွေ၊ စိတ်ဖိစီးမှုတွေများနေရင်တော့ ညဘက်မှာ စိတ်ချ လက်ချ အိပ်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

    ညဘက်ရောက်မှ ထထကြောက်နေရတာက အကြောင်းအရင်း တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ တခြားအချက်တွေလည်း ရှိပါသေးတယ်။

    • အိပ်တယ်ဆိုပေမယ့် ဦးနှောက်က လုံးဝအနားယူလိုက်တာတော့ မဟုတ်ပါဘူး။ အိပ်နေတဲ့ အချိန်မှာတောင် ဦးနှောက်က သူ့အလုပ်သူလုပ်ပြီး မှတ်စရာရှိတာတွေ မှတ်နေပါသေးတယ်။ ဒီထဲမှာ မေ့ထားတဲ့၊ ပြန်မတွေးချင်တဲ့ စိတ်ဖိစီးမှုတွေ၊ ကြောက်စိတ်တွေကိုပါ ဦးနှောက်က ပြန်တူးဖော်တတ်ပါတယ်။
    • တစ်ခါတလေ တစ်အိမ်လုံး အိပ်ပျော်ပြီး ကိုယ်တစ်ယောက်တည်း ကြောင်တောင်တောင်နဲ့ အိပ်မပျော်သေးတာကလည်း ပြဿနာပါပဲ။ သူများတွေကတော့ အိပ်ပျော်လို့၊ ကိုယ့်မှာတော့ နောက်နေ့လုပ်ရမယ့် ကိစ္စတွေကို ကြိုတွေးပြီး စိုးရိမ်စိတ်တွေ ဝင်နေတာကလည်း ပြဿနာပါပဲ။
    • ကြောက်စိတ်ဝင်တဲ့ အချိန်ကို ကြည့်မယ်ဆိုရင် အများစုက ညမှာ ပိုဖြစ်တာကို တွေ့ရပါတယ်။ ဘာကြောင့်လည်း ဆိုတော့ နေ့ဘက်မှာ သူများတွေနဲ့ စကားပြောဖြစ်တဲ့အပြင် ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာဆိုတော့ ကြောက်ဖို့အချိန်မရှိပါဘူး။ ညဘက်ရောက်ပြီ  ဘာအလုပ်မှ မရှိ၊ အိပ်လည်း မပျော်ဘူးဆိုမှ တောင်တွေး မြောက်တွေးနဲ့ ကြောက်စိတ်တွေ ဝင်လာတာပါ။

    ကြောက်စိတ် ဝင်တဲ့အခါ ဘာတွေ ခံစားရမလဲ။

    ကြောက်စိတ်ဝင်ပြီး စိုးရိမ်စိတ်တွေ ဖြစ်လာတဲ့အခါ လက္ခဏာမျိုးစုံခံစားရနိုင်ပါတယ်။ အတွေ့များတဲ့ လက္ခဏာတွေကတော့

    • ဘာကိုကြောက်မှန်း မသိ ကြောက်နေတာ
    • အာရုံစူးစိုက်မရတာ၊ စိတ်က ကယောင်ခြောက်ခြား ဖြစ်နေတာ
    • အိပ်ပျော်ဖို့ ခက်နေတာ၊ အိပ်မယ်လုပ်လိုက်တိုင်း အတွေးတွေ ပေါ်လာပြီး အတွေးတွေထဲ မျောသွားတာ
    • ဗိုက်အောင့်သလိုလို၊ ရှူးပေါက်ချင်သလိုလို ခံစားရတာ

    ဒီလို သာမန် ကြောက်တဲ့စိတ်ထက် ပိုလာရင်တော့ Panic attackလို့ ခေါ်တဲ့ တရားလွန်ကြောက်စိတ်တွေ ဖြစ်ပြီး အပြင်းအထန် တုံ့ပြန်တဲ့ အခြေအနေကို ရောက်သွားပါပြီ။ ကြောက်စိတ်အပြင် ပြင်ပခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရလာတာမျိုးပါ။ ဥပမာ ပြောရရင်

    • တစ်ခုခု အကြီးကြီး ဖြစ်တော့မယ်ဆိုပြီး ဆောက်တည်ရာ မရတာ
    • ရင်တွေတုန်ပြီး ရင်ဘတ်တွေ အောင့်လာတာ
    • မောလာတာ၊ လည်ချောင်းမှာ တစ်ခုခု ဆို့နေသလို ခံစားရတာ
    • ချွေးစေးတွေ ပြန်ပြီး ခြေဖျား လက်ဖျားတွေ အေးလာတာ
    • ခေါင်းမူးလာတာ
    • စိတ်နဲ့ ကိုယ်နဲ့ မကပ်ဘဲ ကိုယ့်ဝိဉာဉ်က ကိုယ့်ကို ပြန်မြင်နေရသလို ခံစားရတာ
    • ကိုယ်က တခြားတစ်ယောက် ဖြစ်သွားသလို ခံစားရတာ စတာတွေပဲ ဖြစ်ပါတယ်။

    ဒီပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ။

    အိပ်ရေးပျက်လို့ စိတ်တွေ ဂယောက်ဂယက်နဲ့ ကြောက်စိတ်ဝင်၊ ကြောက်စိတ် ဝင်ပြီး အိပ်မပျော်လို့ စိတ်တွေ ဂယောက်ဂယက်ထပ်ဖြစ် ဒီလိုနဲ့ သံသရာလည်နေမယ်ဆိုရင် ကြလာတာနဲ့အမျှ လုံးပါးပါးလာမှာပါ။ ဒီကွင်းဆက်ကို ဖြတ်တောက်ဖို့ အတွက် ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဖို့ လိုပါတယ်။

    ကြားနေကျ စကားပေမယ့် တကယ်လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ တရားထိုင်တာက ကိုယ်နဲ့ စိတ်နဲ့ကို ပြန်ကပ်ပေးတာ ဖြစ်တဲ့အတွက် အနည်းဆုံးတော့ ကိုယ့်စိတ်ကလေး တည်ငြီမ်သွားမှာပါ။ တစ်ညကို တစ်မိနစ်က စထိုင်ကြည့်ပါ။ စိတ်ငြိမ်လာတာနဲ့အမျှ အတွေးတွေ နည်းပြီး အိပ်ပျော်ဖို့လည်း ပိုလွယ်လာမှာပါ။

    ပုံမှန်ရှူနေကြနဲ့ မတူဘဲ အသက်ဝဝရှူကြည့်ပါ။ အဆုတ်တွေထဲ လေပြည့်လာတဲ့အထိ ဖြည်းဖြည်းချင်း ရှိုက်ရှူပြီး ရှည်ရှည် ရှူထုတ်ပါ။ ထုတ်လိုက်တဲ့ လေထဲမှာ စိတ်ညစ်စရာတွေ ပါသွားပြီလို့ပါ တွေးထားပါ။ ၂ခေါက် ၃ခေါက်လောက် လုပ်အပြီးမှာတော့ ရင်တုန်တာသက်သာပြီး သွေးပေါင်လည်း ငြိမ်လာပါလိမ့်မယ်။ ထိန်းမရအောင် ကြောက်စိတ်တွေ ဝင်လာပြီး လန့်နေတဲ့အချိန်ဆို ပိုလုပ်သင့်ပါတယ်။

    • လုပ်ရမယ့် အလုပ်တွေ ချရေးထားပါ။

    အများစု စိုးရိမ်ကြတာက လက်ရှိအချိန်ကို မဟုတ်ပါဘူး။ မနက်ဖြန်ကိုပါ။ မနက်ဖြန်မှာ အဆင်မပြေရင် ဘယ်လိုလုပ်မလဲဆိုပြီး ကြိုပြီး စိုးရိမ်ပြီး ကြောက်စိတ် ဝင်တာမျိုးပါ။ ဒီလို မဖြစ်အောင် နက်ဖြန်လုပ်စရာတွေကို ချရေးထားလိုက်ပါ။ လုပ်စရာတွေကို မြင်မြင်သာသာ သိလာတဲ့အခါ ကြောက်စိတ်တွေ သက်သာလာမှာပါ။

    တစ်နေ့တာရဲ့ ၆နာရီကနေ ၈နာရီလောက်က အိပ်ရာထဲမှာ နေရတာ ဖြစ်တဲ့အတွက် သက်သောင့်သက်သာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ အောက်ကနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

    -နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း လုပ်တာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့အတွက်ရော ကြာကြာအိပ်ပျော်ဖို့အတွက်ရော အထောက်အကူပြုပါတယ်။ အိပ်ပျော်စေရုံတင် မကပါဘူး။ လေ့ကျင့်ခန်း လုပ်လို့ ထွက်လာတဲ့ ဟော်မုန်းတွေက ကြောက်စိတ်ကိုပါ သက်သာစေပါတယ်။

    -ပုံမှန်အိပ်ချိန်သတ်မှတ်ပါ။ အိပ်ချိန်၊ ထချိန် အကျင့်လုပ်ထားတဲ့အခါ ခန္ဓာကိုယ်က မှတ်မိနေတဲ့အတွက် သူ့အချိန်ရောက်ရင် အိပ်ဖို့ ထဖို့ ကူညီပေးပါလိမ့်မယ်။

    -မအိပ်ခင် အနှောင့်အယှက် ဖြစ်နိုင်တာတွေကို ရှောင်ပါ။ အိပ်ခါနီးမှ လေ့ကျင့်ခန်းတွေ ထလုပ်တာ၊ ဗိုက်အင့်အောင် စားတာ၊ ကော်ဖီ၊ လက်ဖက်ရည်သောက်တာ၊ မူးပြီး အိပ်ပျော်အောင် အရက်သောက်တာ၊ ဆေးလိပ်သောက်တာ စတာတွေကို ရှောင်သင့်ပါတယ်။

    -အလင်းရောင် ထွက်တာတွေကို ရှောင်ပါ။ အလွယ်ပြောရရင် ဖုန်း၊ လက်ပတော့၊ တက်ဘလက်၊ တီဗွီ စတာတွေပါ။ မအိပ်ခင် အချိန်တစ်ခုယူပြီး သုံးတာကို ရပ်ထားပါ။ သူတို့ကနေ ထွက်တဲ့ အလင်းရောင်တွေက အိပ်စက်ခြင်းဟော်မုန်း မယ်လတိုနင် မထွက်အောင် တားဆီးပေးနိုင်လို့ပါ။

    ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

    -သက်သောင့်သက်သာ ဖြစ်ပါစေ။ အိပ်မယ့် ခေါင်းအုံးတွေ၊ မွေ့ယာတွေက သက်သောင့်သက်သာ ဖြစ်နေပါစေ။ အပူအအေး မျှတပြီး အိပ်ချင်စဖွယ် နေရာလေး ဖြစ်နေရင် ကြာကြာအိပ်ပျော်မှာပါ။

    စောစောစီးစီးနဲ့ နှစ်နှစ်ခြိုက်ခြိုက်သာ အိပ်ပျော်မယ်ဆိုရင် ကြောက်စရာတွေ၊ စိုးရိမ်စရာတွေကို တွေးမိမှာ မဟုတ်တော့ပါဘူး။ ဒီတိုင်းလေးပဲ ဆက်ထိန်းသွားရင် မကြာခင်မှာ သင့်ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာမှာပါ။ အပေါ်က နည်းလမ်းတွေနဲ့ မသက်သာဘူး။ ညဘက်မှာ ဖြစ်တဲ့ ကြောက်စိတ် ကြောင့် မနက်ခင်းအလုပ်တွေပါ ထိခိုက်တယ်။ ရောဂါအခံတွေပါ ပိုဆိုးလာတယ်ဆိုရင်တော့ စိတ်ရောဂါအထူးကုနဲ့ ပြသပြီး ဆွေးနွေးဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement