backup og meta

မွေးလမ်းကြောင်းကင်ဆာ

မွေးလမ်းကြောင်းကင်ဆာ

မွေးလမ်းကြောင်းကင်ဆာ ဆိုတာ ဘာလဲ

မွေးလမ်းကြောင်းကင်ဆာ ဆိုတာ သင့်ရဲ့ပြင်ပ လိင်အင်္ဂါ (မိန်းမကိုယ်) နဲ့ သားအိမ်ကို ဆက်ထားပေးတဲ့ မွေးလမ်းကြောင်းမှာ ဖြစ်တဲ့ကင်ဆာကို ဆိုလိုတာပါ။ အများအားဖြင့် မွေးလမ်းကြောင်းမျက်နှာပြင်က ဆဲလ်တွေမှာ ဖြစ်တတ်ပါတယ်။

တခြားနေရာတွေမှာ ဖြစ်တဲ့ ကင်ဆာတွေက မွေးလမ်းကြောင်းဆီ ပျံ့နှံ့လာတာက များပြီး ဒီနေရာမှာစဖြစ်တဲ့ ကင်ဆာပုံစံကတော့ တအားရှားပါတယ်။ ကင်ဆာရှိနေတယ်လို့ စောစောစီးစီးသိရင် ကုသရလွယ်ကူပြီး မွေးလမ်းကြောင်းပြင်ပကိုပါ ပျံ့နှံ့ပြီးမှဆိုရင်တော့ ကုရခက်တတ်ပါတယ်။

ဘယ်လောက်အဖြစ်များလဲ

အသက်အရွယ်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေလည်း ပိုများလာပါတယ်။ အများအားဖြင့် အသက် ၆၀ ကျော် အရွယ်တွေမှာ တွေ့ရတတ်တယ်။

ဒါပေမယ့်လည်း ဖြစ်နိုင်ခြေပိုများစေတဲ့အချက်တွေကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ ဒီအတွက် သင့်ဆရာဝန်နဲ့ အသေးစိတ် တိုင်ပင်နိုင်ပါတယ်။

မွေးလမ်းကြောင်းကင်ဆာ ရဲ့ရောဂါလက္ခဏာများ

ကင်ဆာအစပိုင်းမှာ ဘယ်လိုလက္ခဏာမျိုးမှ မပြတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီလိုလက္ခဏာတွေ ပြလာတတ်ပါတယ်။

  • ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း (ဥပမာ လိင်ဆက်ဆံပြီးတဲ့အခါ သွေးဆင်းတာ၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ)
  • အရည်ကြည်ပုံစံမျိုး မိန်းမကိုယ်က ဆင်းတာ
  • မွေးလမ်းကြောင်းမှ အလုံးအကျိတ် ပေါ်လာတာ
  • ဆီးသွားရင် နာကျင်တာ
  • ဆီးခဏခဏ ထသွားတာ
  • ဝမ်းချုပ်တာ
  • ဆီးစပ်ကိုက်တာ တို့ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ။

စောစောစီးစီးသိနိုင်ရင် ကုသမှုအောင်မြင်နိုင်တာမို့ ဆရာဝန်ဆီ အမြန်ဆုံးသွားပြတာတော့ အကောင်းဆုံးပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူကြတော့ ကျွမ်းကျင်သူနဲ့တိုင်ပင်တာ မမှားပါဘူး။

ဘာကြောင့် ကင်ဆာဖြစ်ရတာလဲ

ဒီကင်ဆာဖြစ်ရတဲ့အကြောင်းရင်းကို တိတိကျကျ မသိသေးပါဘူး။ ယေဘုယျအားဖြင့် ဆဲလ်တွေဟာ ပုံမမှန်ပွားလာပြီး ကင်ဆာပုံစံကို ပြောင်းသွားတာပါ။ ပုံမှန်ဆိုရင် ဆဲလ်တွေက အသစ်ဖြစ်လာတယ်။ အချိန်တစ်ခု ကြာတဲ့အခါမှာ သေဆုံးတယ်။ ကင်ဆာဆဲလ်တွေကတော့ အထိန်းအကွပ်မရှိ ပွားတယ်။ ပြီးရင် သေဆုံးမှုလည်း မရှိဘဲ အကျိတ်ပုံစံမျိုး ဖြစ်လာပါတယ်။

အဲဒီကင်ဆာဆဲလ်တွေက အနီးနားက တစ်ရှူးတွေထဲ ဝင်ရောက်သွားပြီး တခြားနေရာတွေကိုပါ ပျံ့နှံ့သွားပါတယ်။

ဘာတွေကြောင့် ဖြစ်တတ်သလဲ

ဒီလိုအခြေအနေမျိုးတွေ ရှိရင်တော့ ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်

  • အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒီကင်ဆာဖြစ်တဲ့ လူအများစုဟာ အသက် ၆၀ အထက်တွေပါ။
  • များသောအားဖြင့် Human papillomavirus (HPV) ကြောင့် ဖြစ်တာပါ။ ဒီပိုးက သားအိမ်ခေါင်း၊ မွေးလမ်းကြောင်းနဲ့ မိန်းမကိုယ်ကင်ဆာတွေကို ဖြစ်စေပါတယ်။
  • ကိုယ်ဝန်တားဆေးတွေ သုံးဖူးရင်
  • လိင်ဆက်ဆံဖက်များရင်
  • အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံမှု စခဲ့ရင်
  • ဆေးလိပ်သောက်တတ်ရင်
  • HIV ပိုးကူးစက်ခံထားရရင် ပိုပြီးဖြစ်နိုင်ခြေများပါတယ်။

မွေးလမ်းကြောင်းကင်ဆာ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်း

ခုပြောမယ့် အကြောင်းအရာတွေဟာ သိထားသင့်တဲ့ အကြောင်းအရာတချို့သာ ဖြစ်ပြီး သင့်အနေနဲ့ ဆရာဝန်နဲ့ မဖြစ်မနေ တိုင်ပင်ဖို့လိုပါမယ်။

ရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲဆိုရင် သင့်ဆရာဝန်က သင့်ကို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပါမယ်။ အချွဲယူပြီး စစ်ဆေးမှုတွေအပါအဝင် မွေးလမ်းကြောင်းကင်ဆာ ဖြစ်စေတယ်လို့ သိနိုင်တဲ့ ပုံမမှန်မှုတွေကို ရှာဖွေပါတယ်။ အဲဒါတွေပေါ် မူတည်ပြီးမှ လိုအပ်တဲ့ စစ်ဆေးမှုတွေ ထပ်လုပ်ပါမယ်။ ဥပမာ

  • မွေးလမ်းကြောင်းတစ်လျှောက် မျက်နှာပြင်တွေကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း
  • မွေးလမ်းကြောင်းအသားစကို ယူပြီး စစ်ဆေးခြင်းတို့ လုပ်နိုင်ပါတယ်။

ကင်ဆာအဆင့်ကို သိနိုင်ဖို့အတွက် ဆိုရင်တော့ ဓာတ်မှန်၊ CT scan နဲ့ MRI စတဲ့နည်းတွေနဲ့ ကင်ဆာရဲ့ပျံ့နှံ့မှုကို ရှာဖွေခြင်းအားဖြင့် လုပ်နိုင်ပါတယ်။

အဲဒီအဆင့်ပေါ်မူတည်ပြီးမှ သင့်တော်တဲ့ကုသမှုကို ပေးနိုင်မှာ ဖြစ်ပါတယ်။

ကုသနည်းများ

ခွဲစိတ်ကုသခြင်း

  • အလုံးအကြိတ်ကို ဖယ်ရှားခြင်း
  • မွေးလမ်းကြောင်းနံရံက ကင်ဆာဆဲလ်တွေကို ဖြတ်ထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။
  • မွေးလမ်းကြောင်းကို ဖြတ်ထုတ်ခြင်း- မွေးလမ်းကြောင်းရဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် တစ်ခုလုံးကို ဖြတ်ထုတ်ဖယ်ရှားလိုက်တာကို ခေါ်တာပါ။
  • တင်ပါးဆုံက ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို ဖယ်ရှားခြင်း

ဒီနည်းကတော့ ကင်ဆာဆဲလ်တွေဟာ မွေးလမ်းကြောင်းမှာတင်မကတော့ဘဲ တခြားနေရာတွေထိ ပျံ့နှံ့သွားတဲ့အခါမျိုးမှာ လုပ်ပါတယ်။

တကယ်လို့ သင့်မွေးလမ်းကြောင်းကို အပြီးအပိုင် ဖယ်ရှားလိုက်ပြီးရင်တော့ မွေးလမ်းကြောင်းအသစ် ဖန်တီးဖို့ ခွဲစိတ်မှုလုပ်နိုင်ပါတယ်။ တခြားနေရာက အသားစတွေကိုယူပြီး လုပ်နိုင်ပါတယ်။

ဓာတ်ရောင်ခြည်နဲ့ ကုသခြင်း

ကင်ဆာဆဲလ်တွေကို သတ်ဖို့အတွက် ပြင်ပမှ ဓာတ်ရောင်ခြည်ပေးခြင်း၊ အတွင်းကို ဓာတ်ရောင်ခြည်ပေးခြင်းတို့ လုပ်နိုင်ပါတယ်။

ဒီနည်းလမ်းက ကင်ဆာဆဲလ်တွေကို အလျင်မြန်ဆုံး သေစေနိုင်သလို ဘေးနားက တခြားကောင်းမွန်တဲ့ဆဲလ်တွေကိုပါ ထိခိုက်စေတာမျိုး ရှိပါတယ်။

ဆေးသွင်းကုသခြင်း

ကင်ဆာဆဲလ်တွေကို သတ်ဖို့ ဓာတုဆေးဝါးများ အသုံးပြုတဲ့နည်း ဖြစ်ပါတယ်။ ဒီနည်းက မွေးလမ်းကြောင်းကင်ဆာအတွက် အသုံးဝင်မဝင်တော့ မသိနိုင်သေးပါဘူး။ ဒါကြောင့်မို့ မွေးလမ်းကြောင်းကင်ဆာကို ကုသဖို့အတွက် ဒီနည်းတစ်ခုတော့ သုံးတာမျိုးတော့ မလုပ်ကြပါဘူး။ ဓာတ်ရောင်ခြည်နဲ့ ကုသပြီးလို့ အဲဒီဓာတ်ရောင်ခြည်ရဲ့ ထိရောက်မှုကို ပိုအားကောင်းစေချင်တဲ့အခါမှာ ဒီနည်းကို သုံးကြပါတယ်။

ဘဝနေထိုင်မှုပုံစံ ပြောင်းလဲဖို့

ဒီအချက်တွေကတော့ မွေးလမ်းကြောင်းကင်ဆာ မဖြစ်ဖို့ အထောက်အကူ ပြုနိုင်ပါတယ်။

  • ပုံမှန်စစ်ဆေးမှု ခံယူပါ

မွေးလမ်းကြောင်းကင်ဆာ ဖြစ်မဖြစ်ကို စမ်းသပ်မှုနဲ့ အချွဲယူစစ်ဆေးမှုတို့ ပြုလုပ်ပြီး စောစောသိနိုင်ပါတယ်။ တကယ်လို့ စောစောစီးစီးသိခဲ့ရင် ရောဂါကုရ လွယ်တာမို့ သင့်ဆရာဝန်နဲ့ ဘယ်အချိန်ကစပြီး စစ်ဆေးသင့်တယ်၊ ဘယ်လောက်တစ်ခါ ပုံမှန် စစ်ဆေးသင့်တယ် ဆိုတာကို တိုင်ပင်သင့်ပါတယ်။

HPV ပိုးကူးစက်မခံရအောင် ကာကွယ်ဆေးထိုးနိုင်ပါတယ်။ ဒီကာကွယ်ဆေး ဘယ်လိုထိုးရမလဲဆိုတာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

ဆေးလိပ်သောက်နေရင် ဖြတ်လိုက်ပါ။ မသောက်တဲ့သူဆိုရင်လည်း ဘယ်တော့မှ အစမလုပ်ပါနဲ့။ ဆေးလိပ်သောက်ခြင်းက မွေးလမ်းကြောင်းကင်ဆာ ဖြစ်နိုင်ချေကို ပိုများစေပါတယ်။

သင့်အနေနဲ့ ထပ်သိချင်တာတစ်ခုခုရှိတယ်ဆိုရင် သင့်ဆရာဝန်နဲ့ တိုင်ပင်လိုက်တာက သင့်အတွက် အကောင်းဆုံးဖြစ်မယ့်အဖြေကို ရစေပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Vaginal cancer. http://www.mayoclinic.org/diseases-conditions/vaginal- cancer/manage/ptc-20201141 . Accessed March 18, 2017.

Vaginal cancer. http://www.webmd.com/cancer/tc/vaginal-cancer- treatment-patient- information-nci- pdq-general-information- about-vaginal- cancer . Accessed March 18, 2017.

Vaginal cancer. http://www.nhs.uk/conditions/cancer-of- the-vagina/Pages/Introduction.aspx

ယခုပုံစံ

26/09/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အွန်လိုင်းပေါ်မှာကြော်ငြာနေတဲ့ မိန်းမကိုယ်ကျဉ်းဆေးတွေရဲ့ အန္တရာယ်

မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement