မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေ အရောင်ပြောင်းတယ်ဆိုတာ ခန္ဓာကိုယ်က ကောင်းကောင်း အလုပ်လုပ်နေသေးတဲ့ အဓိပ္ပာယ်ပါ။ ဒါပေမဲ့ ဒီလို မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေ အရောင်ပြောင်းတဲ့အပြင် အောက်ပါ ဝေဒနာတွေကိုပါ ပူးတွဲခံစားနေရမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ ဖြစ်နေကြောင်းကို ပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မွေးလမ်းကြောင်း စွန့်ပစ်အရည်အရောင်ပြောင်းခြင်းနဲ့ အတူ အောက်ပါ ဝေဒနာတွေဖြစ်လာပြီဆိုရင် ဆရာဝန်ထံ သွားရောက် ပြသသင့်ပါတယ်။ ဝေဒနာတွေကတော့-
- ယားယံခြင်း၊
- နာကျင်ခြင်း
- ဆီးသွားချိန် ပူလောင်ခြင်း၊
- ပြင်းထန်တဲ့ အနံ့အသက်တွေ၊
- အမြုပ်ကဲ့သို့သော မွေးလမ်းကြောင်း စွန့်ပစ်အရည်၊
- မွေးလမ်းကြောင်း စွန့်ပစ်အရည်ပျစ်များ၊
- မွေးလမ်းကြောင်းမှ သွေးထွက်ခြင်း၊
- မီးခိုးရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည်၊
- ဓမ္မတာ လာခြင်းကြောင့် မဟုတ်တဲ့ မွေးလမ်းကြောင်း စွန့်ပစ်အရည်။
မွေးလမ်းကြောင်း စွန့်ပစ်အရည်အရောင်ပြောင်းခြင်းနဲ့ အတူအထက်ပါ ဝေဒနာတွေက ပြနေနိုင်တဲ့ကျန်းမာရေး အခြေအနေတွေကတော့
၁။ မွေးလမ်းကြောင်း စွန့်ပစ်အရည် အကြည်ရောင်ဆိုရင် ဟော်မုန်း မညီမျှမှုကို ပြနေတာ ဖြစ်ပါတယ်။
၂။ မွေးလမ်းကြောင်း စွန့်ပစ်အရည် အဖြူရောင်ဆင်းတာနဲ့ အတူ အထက်ပါ ဝေဒနာတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ မှိုကူးစက်ရောဂါ နဲ့ ဘတ်တီးရီးယား ကူးစက်ရောဂါ (bacterial vaginosis (BV)) ခံစားနေရတာကိုပြနေတာပါ။
၃။ အဝါရောင်ဖျော့နဲ့ အစိမ်းနုရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည် ဆင်းတာနဲ့ အတူ အထက်ပါ ဝေဒနာတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ ဆီးပူညောင်းကျ (gonorrhea) နဲ့ Chlamydia trachomatis ဆိုတဲ့ ဘတ်တီးရီးယားကြောင့် ဖြစ်ရတဲ့ လိင်မှတဆင့် ကူးစက်တဲ့ Chlamydia ရောဂါ၊ Trichomonas vaginalis လို့ခေါ်တဲ့ ကပ်ပါး ပိုရိုတိုဇွန် ကောင်ကြောင့် ဖြစ်ရတဲ့ လိင်မှတစ်ဆင့်တဲ့ ကူးစက်တဲ့ Trichomoniasis ကူးစက်ရောဂါ နဲ့ Desquamative Inflammatory Vaginitisလို့ခေါ်တဲ့ မွေးလမ်းကြောင်း အနားသတ်တွေ ရောင်ကိုင်းလာတဲ့ ဝေဒနာ ခံစားနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
၄။ အနီရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည် ဆင်းတာနဲ့ အတူ အထက်ပါ ဝေဒနာတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ မွေးလမ်းကြောင်း ကူးစက်ရောဂါ၊ သားအိမ်ခေါင်းနဲ့ သားအိမ်ကင်ဆာ ခံစားနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
၅။ မွေးလမ်းကြောင်း စွန့်ပစ်အရည်ပန်းရောင်နဲ့ အတူ အထက်ပါ ဝေဒနာတွေခံစားနေရမယ်ဆိုရင်တော့ သားအိမ်ခေါင်းနဲ့ ဆိုင်တဲ့ ဝေဒနာခံစားနေရတာကို ပြနေတာပါ။
၆။ မီးခိုးရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည်နဲ့ အထက်ပါ ဝေဒနာတွေပါ ဖြစ်နေမယ်ဆိုရင် ဘက်တီးရီးယား ကူးစက်ရောဂါ (bacterial vaginosis (BV)) ခံစားနေရတာကိုပြနေတာပါ။
မွေးလမ်းကြောင်း စွန့်ပစ်အရည်ဆင်းခြင်းဆိုတာ သူ့ချည်းသက်သက်ဆိုရင် သာမန်အချိန်မှာ မွေးလမ်းကြောင်းက သန့်ရှင်းရေး၊ ကူးစက်ရောဂါတွေကို ဖယ်ရှားခြင်းနဲ့ ချောဆီ အဖြစ်ဆောင်ရွက်ပေးဖို့ လုပ်ဆောင်တဲ့ အရာ တစ်မျိုးပါ။ ခန္ဓာကိုယ် ရဲ့ လိုအပ်ချက်အရ မွေးလမ်းကြောင်း စွန့်ပစ်အရည်အရောင်ပြောင်းလဲနိုင်ပါတယ်။
ဥပမာပြောရမယ်ဆိုရင် လိင်ဆက်ဆံချိန် မွေးလမ်းကြောင်း စွန့်ပစ်အရည်ဆင်းခြင်းဟာ လိင်ဆက်ဆံရာမှာ ချောဆီအဖြစ် ဆောင်ရွက်ပေးဖို့နဲ့ မျိုးဥကြွေချိန် မွေးလမ်းကြောင်း စွန့်ပစ်အရည် ပျစ်လာခြင်းက သုတ်ကောင်တွေ မျိုးဥဆီသို့ သွားရာလမ်းမှာ လွယ်ကူစေဖို့ အတွက် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်း စွန့်ပစ်အရည်ရောင်နဲ့ ပမာဏဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။
ဒါပေမဲ့ မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေက ရုတ်တရက် အရောင်ပြောင်းသွားမယ်၊ ဆက်တိုက်ဖြစ်လာမယ်၊ ပမာဏပိုများလာမယ်၊ အနံ့အသက်ပြောင်းလာမယ်၊ အထက်မှာဖော်ပြခဲ့တဲ့ဝေဒနာတွေ ဖြစ်တဲ့ မွေးလမ်းကြောင်းယားယံခြင်းနဲ့ ဆီးခုံဧရိယာ တစ်ဝိုက် နာကျင်ခြင်း စတာတွေနဲ့ အတူပူးတွဲ ဖြစ်လာမယ်ဆိုရင်တော့ ရောဂါတစ်ခုဖြစ်နေတာကို ပြနေနိုင်တာ ဖြစ်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။