မိန်းမကိုယ်ကျဉ်းဆေးတွေက ဓာတုပစ္စည်းတွေအများကြီးပါဝင်နေပါတယ်။ Manjakani အဆီအနှစ်နဲ့ ထုတ်လုပ်ထားတယ်ဆိုရင်တောင်မှ ဒီလိုပါနေနိုင်ပါတယ်။ Manjakani ဟာ ကလေးမီးဖွားပြီးနောက်ပိုင်း မိန်းမကိုယ်ကိုပြန်လည်တင်းရင်းစေဖို့ သုံးကြတဲ့ ရှေးခေတ်ဆေးနည်းတစ်ခုဖြစ်ပါတယ်။
ဒီလို ဓာတုပစ္စည်းတွေကြောင့် မိန်းမကိုယ်ကို အတွင်းရောအပြင်ပါ နီရဲရောင်ရမ်းစေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ ဆီးသွားရင်၊ လမ်းလျှောက်ရင်၊ ထိုင်ရင် နာကျင်ရတတ်ပါတယ်။
ပိုဆိုးတာက ဆေးရဲ့ ပါဝင်ပစ္စည်းတစ်ခုခုကို ဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ခဲ့ရင် ယားယံတာ၊ နီရဲလာတာ၊ အကွက်တွေဖြစ်တာ စတဲ့လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာမျိုးတွေက အရေပြားမှာဖြစ်တာတောင် အတော်ခံစားရတတ်တာ၊ မိန်းမကိုယ်အထဲမှာဆိုရင် မတွေးရဲစရာပါ။ အရမ်းကို ခံရခက်ပြီး နာကျင်ရမှာအသေအချာပဲ။
ဒီလိုအမျိုးသမီးပစ္စည်းတွေ၊ ဆေးတွေက ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း(BV) နဲ့ မှိုပိုးဝင်ခြင်း ဖြစ်နိုင်ခြေပိုများစေပါတယ်။ ခရင်မ်နဲ့တင်မကဘဲ မိန်းမကိုယ်ထဲကို ပြင်ပအရာဝတ္ထုတစ်ခုခု (ဥပမာ medicated stick) ထည့်သွင်းခြင်းက မိန်းမကိုယ်အတွင်းpH ထိန်းညှိမှုကို ပျက်ယွင်းစေပါတယ်။ မိန်းမကိုယ်အတွင်းက ဘက်တီးရီးယားထိန်းညှိမှုကို ပြောင်းလဲစေတာကြောင့် ရောဂါပိုးဝင်လွယ်စေတာ ဖြစ်ပါတယ်။
မိန်းမကိုယ်ကျဉ်းဆေးတွေက endocrine ဟော်မုန်းစနစ်ကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒီစနစ်မှာ သားဥအိမ်၊ သိုင်းရွိုက်ဂလင်းနဲ့ pituitary ဂလင်းတို့ပါဝင်ပါတယ်။
ဒီဂလင်းတွေက ဟော်မုန်းထုတ်ပေးတာဖြစ်ပြီး သူတို့မှာအပြောင်းအလဲဖြစ်လာတာ ဒါမှမဟုတ် ထိခိုက်ပျက်စီးလာရင်ဟော်မုန်းတွေအတွက် စိုးရိမ်စရာရှိလာပါတယ်။
STD နောက်ဆက်တွဲ ဆိုးကျိုးများ
ဒီဆေးတွေက လိင်မှတဆင့်ကူးစက်တတ်တဲ့ STDရောဂါလက္ခဏာတွေကို ဖုံးကွယ်သလိုဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ်တင်းရင်းစေတဲ့ခရင်မ်တွေက အနံ့အသက်ကင်းစေတဲ့ အာနိသင်ပါရှိတာကြောင့် STDကြောင့် ဖြစ်လာတဲ့အနံ့ကို လျော့ကျစေပါတယ်။ ရလဒ်အနေနဲ့က ကိုယ့်မှာ STDတွေရှိနေရင်တောင် ရှိမှန်းမသိနိုင်လောက်တော့ပါဘူး။
ဒါနဲ့ပဲ ကုသမှုခံယူဖို့နှောင့်နှေးစေပါတယ်။ သေချာမကုသရင် STD တစ်မျိုးမျိုးကြောင့်ယောနိမှာ ထိခိုက်မှုပိုများစေနိုင်ပါတယ်။ ဒါ့အပြင် တခြားသူနဲ့လိင်ဆက်ဆံရင်းလည်း ရောဂါကူးစက်ပြန့်ပွားနိုင်ပါသေးတယ်။
မိန်းမကိုယ် တင်းရင်းစေမယ့် သဘာဝနည်းလမ်း
ဈေးကြီးပြီး ကုန်ကျစရိတ်များတဲ့ဆေးတွေ၊ ခရင်မ်တွေသုံးမယ့်အစား ခါးအောက်ပိုင်းလေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ယောနိလမ်းကြောင်းက နံရံတွေကို ကျုံ့ဆန့်အားပိုကောင်းစေပါလိမ့်မယ်။
Kegel လို့ခေါ်တဲ့ လေ့ကျင့်ခန်းတွေက အထိရောက်ဆုံးပါပဲ။ Kegel လုပ်ရင် တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေကို ညှစ်လိုက်ဖြေလျှော့လိုက် လုပ်ရတာကြောင့် ဒီလေ့ကျင့်ခန်းကို များများလုပ်လေ မိန်းမကိုယ် ပိုတင်းရင်းလေဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းကိုလုပ်မယ်ဆိုရင် ဆီးကိုအောင့်ထားသလို ယောနိဝနဲ့ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေကိုစက္ကန့်ပိုင်းလောက် ညှစ်ထားပြီးဖြည်းဖြည်းပြန်ဖြေလျှော့ရပါမယ်။ တစ်နေ့ သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ လှဲနေရင်း၊ ထိုင်နေရင်း၊ မတ်တပ်ရပ်နေရင်း ပုံစံသုံးမျိုး တစ်လှည့်စီလုပ်နိုင်ပါတယ်။
နောက်ထပ်သတိထားသင့်တာက မိန်းမကိုယ်မှာ ဘယ်ဆေး၊ ဘယ်ပစ္စည်းကိုမှ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မလိမ်း မသုံးသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင် နုနယ်တဲ့ ဒီဧရိယာမှာ နောက်ဆက်တွဲထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒီတော့ လိမ်းဆေးခရင်မ်တွေ၊ ဂျယ်လ်တွေရဲ့ ဆိုးကျိုးတွေကိုရှောင်နိုင်စေဖို့ သဘာဝနည်းနဲ့သာ ကြိုးစားကြည့်ကြပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။