backup og meta

ရင်သားကင်ဆာနဲ့ပတ်သက်ပြီး သိကောင်းစရာ အချက်များစုစည်းမှု

ရင်သားကင်ဆာနဲ့ပတ်သက်ပြီး သိကောင်းစရာ အချက်များစုစည်းမှု

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုး ဖြစ်ပြီး အဆုတ်ကင်ဆာပြီးရင် ဒုတိယ သေဆုံးမှု အများဆုံးကို ဖြစ်စေတဲ့ ကင်ဆာ တစ်မျိုးလည်းဖြစ်ပါတယ်။

သို့ပေမဲ့ နောက်ပိုင်း ဆေးပညာတိုးတက်လာမှုကြောင့် ရင်သားကင်ဆာမှ ပျောက်ကင်းပြီး အသက်ရှင်နှုန်း သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ရင်သားကင်ဆာဖြစ်ရင် အမျိုးသမီးတွေရဲ့ သေဆုံးနိုင်ခြေဟာ ၃၇ ယောက်မှာ ၁ ယောက် (၂.၇ ရာခိုင်နှုန်း)ရှိပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ ရင်သားကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီး ၂၅၂၇၁၀ ယောက်က လာရောက်ကုသမှု ခံယူခဲ့ကြပြီး ဒီအထဲကမှ အမျိုးသမီး ၄၀၆၁၀ ဟာ သေဆုံးနိုင်ခြေ ရှိပါတယ်။

အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုပေမဲ့ အမျိုးသမီးတွေလောက်တော့ အတွေ့ရမများပါဘူး။ အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေ ဖြစ်ပွားနှုန်းနဲ့ နှိုင်းယှဉ်ရင်တော့ တော်တော်လေးကို ရှားပါးတဲ့ ကင်ဆာမျိုး ဖြစ်ပြီး ရင်သားကင်ဆာဖြစ်ပွားနေတဲ့ အမျိုးသား အများစုဟာ အသက် ၆၅ နှစ်ကျော် အရွယ်တွေ ဖြစ်ကြပါတယ်။ သို့ပေမဲ့ အသက် ၅ နှစ်ကနေ ၉၃ နှစ်အတွင်း အသက်အရွယ်ရှိတဲ့ ဘယ်လို အမျိုးသားမဆို ရင်သားကင်ဆာ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေက အယောက် ၁၀၀၀ မှာ ၁ ယောက်သာ ရှိပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ အမျိုးသမီးတွေမှာ ဖြစ်ပွားတဲ့ ရင်သားကင်ဆာအကြောင်းကိုသာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

သေဆုံးနိုင်ခြေကို လျှော့ချဖို့ အတွက် အရေးအကြီးဆုံးကတော့ ရင်သားကင်ဆာရဲ့ လက္ခဏာတွေကို စောစောစီးစီးသိရှိနေဖို့ပါပဲ။ ဒါကြောင့် ယခု ဒီဆောင်းပါးလေးမှာတော့ ဒီလိုရင်သားကင်ဆာဖြစ်လာရင် ရောဂါ လက္ခဏာတွေကိုစောစောစီးစီး သိရှိပြီး သေဆုံးမှုများကို တားဆီးနိုင်ရန်အတွက် Hellosayarwon အမျိုးသမီး ပရိတ်သတ်ကြီး အတွက် ရင်သားကင်ဆာနဲ့ ပတ်သတ်ပြီး သိမှတ်ဖွယ်ရာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရင်သားကင်ဆာရဲ့ ရောဂါ လက္ခဏာများ

ရင်သားကင်ဆာရဲ့ ပထမဆုံးတွေ့ရမယ့် ရောဂါလက္ခဏာကတော့ ရင်သားတစ်ဝိုက် တစ်ရှုးဧရိယာ တစချို့ ထူထဲလာတာကိုတွေ့ရမှာ ဖြစ်ပြီး ရင်သား သို့မဟုတ် ချိုင်းကြားထဲမှာ အဖုလေးတစ်ခု ကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ရင်သားကင်ဆာရဲ့ ရောဂါ လက္ခဏာတွေကို စောစောသိရလေ ပိုပြီးပျောက်ကင်းနိုင်ခြေ မြင့်မားလေးပါပဲ။ တစခြားတွေ့ရမယ့် ရောဂါ လက္ခဏာတွေကတော့-

  • ဓမ္မတာလာချိန်မဟုတ်ဘဲ ချိုင်းကြား၊ ရင်သားမှာ နာကျင်မှုကို ခံစားရခြင်း။
  • ရင်သားရဲ့ အရေပြားဟာ လိမ္မော်သီး အခွံလိုမျိုး ပြောင်းလဲသွားခြင်း။
  • အနီကွက်များ ရင်သားခေါင်းတစ်ဝိုက်မှာ ဖြစ်ပေါ်ခြင်း။
  • နို့သီးခေါင်းမှ သွေးပါသောသော အရည်များ ထွက်ခြင်း။
  • နို့သီးခေါင်းများ အတွင်းသို့ ချိုင့်ဝင်နေခြင်း။
  • ရင်သားရဲ့ အရွယ်အစားနဲ့ ပုံစံပြောင်းလဲလာခြင်း။
  • ရင်သား၊ ရင်သားခေါင်းမှ အရေပြား အဖတ်များ ကွာကျလာခြင်း။

ရင်သားပေါ်က အဖုတွေတိုင်းက ကင်ဆာအကျိတ်တွေမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုအဖုတွေ ဖြစ်လာရင်တော့ ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ သွားရောက်ပြသသင့်ပါတယ်။

အဆင့်များ။

ကင်ဆာကို ပုံမှန်အားဖြင့် အကျိတ်များရဲ့ အရွယ်အစား၊ Lymph nodes လို့ခေါ်တဲ့ သွေးဖြူဆဲလ်တစ်ရှုးများနဲ့ တခြား ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းများသို့ ပျံနှံ့နေတဲ့ အဆင့်တွေ အပေါ် အခြေခံပြီး ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ ရင်သားကင်ဆာကို အဆင့်သတ်မှတ်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိကြပေမဲ့ အသုံးများတဲ့ နည်းလမ်းတစ်ခုက ၀ ကနေ အဆင့် ၄ ထိ သတ်မှတ်တဲ့ နည်းလမ်းတစ်ခုပါ။ ဒီ အဆင့် ၄ ဆင့်ကိုပဲ အဆင့်အသေးတွေ ပြန်လည်ခွဲခြမ်းကြပါသေးတယ်။

Stage 0

အဆင့် ၀ ဟာ Ductal carcinoma in situ (DCIS) ဆိုတဲ့ အန္တရာယ်မရှိတဲ့ ရင်သားကင်ဆာကို ပြောတာပါ။ ဒီအထဲက တစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို ပြန်ရှင်းရရင် Ductal ဆိုတာ ဒီကင်ဆာက နို့ရည်ပြွန်တွေထဲမှာ စတင်ဖြစ်ပွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ carcinoma ဆိုတာကတော့ ကင်ဆာကိုခေါ်တာ ဖြစ်ပါတယ်။ in situ ဆိုတာကတော့ လက်တင်ဘာသာစကားဖြစ်ပြီး သူ့ရဲ့ မူလဖြစ်တည်ရာနေရာတွင်လို့ အဓိပ္ပာယ်ရပါတယ်။ DCIS ဟာ နို့ပြွန်တွေကနေ ဘေးနားပတ်လည် ရင်သားတစ်ရှူးတွေကို မပျံ့နှံ့တဲ့ ကင်ဆာဖြစ်ပြီး အသက်အန္တရာယ်ကိုလည်း မထိခိုက်စေနိုင်ပါဘူး။ ဒါပေမဲ့ DCIS ကနေ နောက်ပိုင်း အန္တရာယ်ရှိတဲ့ ရင်သားကင်ဆာ ဖြစ်လာနိုင်ပါတယ်။

Stage 1

ဒီအဆင့်မှာ ဆိုရင်တော့ အကျိတ်များဟာ အလျားအားဖြင့် ၂ စင်တီမီတာလောက်ရှိနေပြီး Lymph nodes လို့ခေါ်တဲ့ သွေးဖြူဆဲလ်တစ်ရှူးများသို့ ပျံ့နှံ့ခြင်း မရှိသေးပါဘူး။

Stage 2

အကျိတ်ဟာ ၂ စင်တီမီတာလောက်ရှိနေပြီး အနီးအနားရှိ တစ်ရှူးများသို့ စတင်ပျံ့နှံ့နေတဲ့ အချိန်ဖြစ်ပါတယ်။

Stage 3

အကျိတ်ဟာ ၅ စင်တီမီတာ အရွယ်အစားလောက် အထိရှိလာပြီး သွေးဖြူဆဲလ်တစ်ရှူးများသို့ စတင်ပျံ့နှံ့နေတဲ့ အချိန်ဖြစ်ပါတယ်။

Stage 4

ဒီအဆင့်မှာဆိုရင် ကင်ဆာဆဲလ်တွေက အရိုး၊ အသည်း၊ ဦးနှောက်နဲ့ အဆုတ်တို့လို့ အလှမ်းဝေးတဲ့ အင်္ဂါတွေ အထိပါ ပျံ့နှံ့သွားတဲ့ အချိန်ဖြစ်ပါတယ်။

ဖြစ်ပွားရတဲ့ အကြောင်းရင်းများ

ဒီအပိုင်းလေးမှာတော့ ရင်သားကင်ဆာ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို နံပါတ်စဉ်လိုက် တစ်ချက်ခြင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပျိုဖော်ဝင်ပြီးနောက် အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားမှာ အဆီ၊ တွယ်ဆက် တစ်ရှုးများ၊ နို့ရည်ထုတ်လုပ်ပေးတဲ့ ဂလင်း ထောင်ပေါင်းများစွာနဲ့ နို့ရည်များကို ရင်သားထိပ်ခေါင်းစီသို့ သယ်ဆောင်ပေးတဲ့ ပြွန်လေးများစွာပါဝင်ပါတယ်။

ကင်ဆာဆိုတာ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ အဆပေါင်းများစွာ ထိန်းချုပ်လို့ မရနိုင်အောင် ကြီးထွားလာတာကို ခေါ်တာ ဖြစ်ပါတယ်။ ဆဲလ်တွေ အလွန်အကျွံကြီးထွားလာမယ်ဆိုရင် ကင်ဆာရောဂါ ဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာတွေကတော့ ပုံမှန် အားဖြင့် နို့ရည်သယ်ပြွန်အတွင်း လိုင်းအနားသတ်တွေ (သို့) နို့ရည်ထုတ်လုပ်ပေးတဲ့ ဂလင်းတွေကနေ စတင်တာ ဖြစ်ပြီး နောက်ပိုင်း ခန္ဓာကိုယ် အနှံ့ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။

ရောဂါ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်းများ

ရင်သား ကင်ဆာ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ အဓိက အကြောင်းရင်းကိုတော့

အခု အချိန်ထိ မသိကြသေးပေမဲ့ ရင်သားကင်ဆာ ဖြစ်ပွားခြင်းနဲ့ ဆက်စပ်နေတဲ့ အကြောင်းရင်းတွေကတော့

၁။ အသက်အရွယ်

အသက်ကြီးလာတာနဲ့ အမျှ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ ပိုများလာပါတယ်။ အသက် ၂၀ အရွယ်မှာတော့ နောက်ဆယ်နှစ်အတွင်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေဟာ ဝ.၆ ရာခိုင်နှုန်းသာရှိပြီး အသက် ၇၀ အရွယ်မှာဆိုရင်တော့ ဒီရာခိုင်နှုန်းက ၃.၈၄ ရာခိုင်နှုန်း အထိ ထိုးတက်သွားပါတယ်။

၂။ မျိုးရိုးဗီဇ

ကိုယ့်ရဲ့ ဆွေမျိုးတစ်ယောက်က ရင်သားကင်ဆာဖြစ်နေမယ်၊ ဖြစ်ခဲ့ဖူးမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်ပွားဖို့ အခွင့်အလမ်း ပိုများပါတယ်။ BRCA1 နဲ့ BRCA2 ဆိုတဲ့ မျိုးရိုးဗီဇ (ဂျင်းစ်) တွေ သယ်ဆောင်ထားတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ (သို့) မျိုးဥအိမ်ကင်ဆာ (သို့) ကင်ဆာရောဂါ ၂ ခုလုံး ဖြစ်ပွားနိုင်ခြေများပါတယ်။ BRCA1 နဲ့ BRCA2 ဆိုတဲ့ လူသားမျိုးရိုးဗီဇဆိုတာ အကျိတ်တွေကို တားဆီးပေးတဲ့ ပရိုတင်းတွေ ထုတ်လုပ်တဲ့ ဂျင်းစ် ၂ ခုဖြစ်ပါတယ်။ သူတို့ ထုတ်လုပ်လိုက်တဲ့ ပရိုတင်းတွေက ပျက်ဆီးနေတဲ့ DNA (Deoxyribonucleic acid ) ကိုပြင်ဆင်ပေးပြီး ဆဲလ်တွေရဲ့ မျိုးရိုးဗီဇတွေကို တည်ငြိမ်အောင်ပြုလုပ်ပေးပါတယ်။ ဒီ genes ၂ ခုထဲက တစ်ခုလောက် အလုပ်မလုပ်တော့တဲ့အခါ ပရိုတင်းတွေ မထုတ်လုပ်နိုင်တော့ဘဲ DNA (Deoxyribonucleic acid ) ပိုပျက်ဆီးလာပါတော့တယ်။ ဒီတော့ မျိုးရိုးဗီဇ ပြောင်းလဲပြီး နောက်ဆုံးမှာ ကင်ဆာရောဂါတွေ ဖြစ်ပွားလာနိုင်ပါတယ်။ TP53 လို့ခေါ်တဲ့ gene တစ်မျိုးကလည်း ရင်သားကင်ဆာဖြစ်ခြင်းနဲ့ ဆက်နွှယ်နေပါသေးတယ်။

၃။ ဆေးမှတ်တမ်းတွင် ရင်သားကင်ဆာ၊ ရင်သားပေါ်တွင် အဖုများ ဖြစ်ဖူးခြင်း

ရင်သားကင်ဆာ ဖြစ်ခဲ့ဖူးတဲ့သူတွေဟာ မဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ ဒါ့အပြင် အကျိတ်တစ်မျိုးမျိုး ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တစ်မျိုးမျိုး ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေမှာလည်း ကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။

၄။ ရင်သား တစ်ရှုးများ သိပ်သည်းလွန်းနေခြင်း

ရင်သားတစ်ရှုးများ သိပ်သည်းလွန်းနေတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ခံစားနိုင်ရခြေပိုမြင့်မားပါတယ်။

၅။ အီစထရိုဂျင် ပမာဏနဲ့ နို့ချိုတိုက်ကျွေးရခြင်း

အီစထရိုဂျင်ပမာဏများနေမယ်ဆိုရင် ရင်သားကင်ဆာ ခံစားရနိုင်ခြေ မြင့်မားပါတယ်။ အီစထရိုဂျင် ပမာဏ မြင့်မားနေတဲ့ အချိန်တွေက ဘယ်လိုလဲဆိုတော့ သွေးဆုံးချိန် အဝင်ကာလက စောနေပြီး

သွေးတကယ်ဆုံးသွားတဲ့ အချိန်က နောက်ကျနေတဲ့ အချိန်တွေဖြစ်ပါတယ်။ ဒီလို အချိန်တွေမှာဆိုရင် အီစထရိုဂျင် ပမာဏက ခန္ဓါကိုယ်ထဲမှာ ပုံမှန်ထက် များနေတဲ့ အချိန် ဖြစ်ပါတယ်။ တစ်နှစ်ကျော်လောက် နို့ချိုတိုက်ကျွေးတဲ့ အချိန်မှာတော့ နို့ချိုတိုက်ကျွေးခြင်းကြောင့် အီစထရိုဂျင်ပမာဏက နည်းသွားနိုင်တဲ့ အတွက် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။

၆။ ခန္ဓါကိုယ် အလေးချိန်

အဝလွန်နေတဲ့ အမျိုးသမီးတွေနဲ့ သွေးဆုံးပြီးချိန် ကိုယ်အလေးချိန်တက်လာတဲ့ အမျိုးသမီးတွေမှာလည်း အီစထရိုဂျင် ပမာဏများနေတဲ့ အ တွက် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ သကြားဓါတ်စားသုံးခြင်းကလည်း ရင်သားကင်ဆာ ဖြစ်စေနိုင်ပါတယ်။

၇။ အရက်သေစာ သောက်သုံးခြင်း

ပုံမှန်အရက်သောက်သုံးနေတဲ့ အမျိုးသမီးတွေမှာလည်း ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ လေ့လာချက်တွေအရတော့ တစ်နေ့ကို အရက် ဖန်ခွက် ၃ ခွက်ပုံမှန်သောက်သုံးနေတဲ့ အမျိုးသမီးတွေဟာ မသောက်သုံးတဲ့ အမျိုးသမီးတွေထက်

ကင်ဆာ ဖြစ်ပွားနိုင်ခြေ တစ်ဆခွဲခန့် ပိုများနေပါတယ်။

၈။ ရေဒီယို ဓါတ်ရောင်ခြည်များနဲ့ ထိတွေ့ခံထားရခြင်း

ရင်သားကင်ဆာမဟုတ်ဘဲ တစ်ခြားသော ကင်ဆာရောဂါတွေကို ဓါတ်ရောင်ခြည် ကုသမှု ခံယူခဲ့တဲ့ အမျိုးသမီးတွေမှာလည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများနေပါတယ်။

၉။ ဟော်မုန်းအစားထိုး ကုသမှုများခံယူထားခြင်း

ဟော်မုန်းအစားထိုးကုသမှုများခံယူထားတဲ့ အချိန်သမီးတွေနဲ့ သန္ဓေတားဆေးတွေ သောက်သုံးထားတဲ့ အမျိုးသမီးတွေမှာလည်း အီစထရိုဂျင်ပမာဏ များနေတဲ့ အတွက် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။

၁၀။ အလုပ်အကိုင် အန္တရာယ်များ

ကင်ဆာဖြစ်စေသော အရာ( ကာဆီနိုဂျင်များ)၊ ခန္ဓါကိုယ်တွင်း ဂလင်းများကို နှောက်ယှက်နိုင်တဲ့ အရာများနဲ့ အလုပ်ခွင်မှာ ထိတွေ့နေရမယ်ဆိုရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ ပိုမြင့်မားတယ်လို့ ၂၀၁၂ ခုနှစ်က လေ့လာချက်တစ်ခုက ဆိုပါတယ်။ ဒါ့အပြင် ညဘက် အလုပ်လုပ်ရတဲ့ အမျိုးသမီးတွေဟာလည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားနိုင်တယ်လို့ ၂၀၀၇ ခုနှစ်က လေ့လာချက်တစ်ခုမှာ ဆိုထားပေမဲ့ ဒီကောက်ချက်နဲ့ ပတ်သတ်ပြီး ထပ်ပြီးလေ့လာမှုတွေ လုပ်ဖို့ လိုအပ်နေပါသေးတယ်။

အလှပြင်ပစ္စည်းများနဲ့ ရင်သားကင်ဆာ အန္တရာယ်

အလှပြင်ပစ္စည်းများကို ရင်သားထဲ ခွဲစိတ်ထည့်သွင်းထားတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာကြောင့် သေဆုံးနိုင်ခြေ မြင့်မားပြီး ဘာ အလှပြင်ပစ္စည်းမှ မထည့်ထားတဲ့ အမျိုးသမီးတွေ ထက် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ၂၅ ရာခိုင်နှုန်း ပိုမြင့်မားနေတယ်လို့

သိရပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့ ဒီလို အလှပြင် ပစ္စည်းတွေက ကင်ဆာဆဲလ်တွေကို စစ်ဆေးနေတဲ့ အချိန်မှာ ဖုံးထားပေးတဲ့ အတွက် ဖြစ်ပြီး ရင်သားတစ်ရှုးများကို ပြောင်းလဲပစ်နိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ရင်သားကင်ဆာ အမျိုးအစားများ

ရင်သားကင်ဆာတွေကို ခွဲခြားနိုင်တဲ့ (၂) မျိုးကတော့

Ductal carcinoma လို့ခေါ်တဲ့ နို့ရည်သယ် ပြွန်တွေမှာ စတင်ဖြစ်ပွားတဲ့ ရင်သားကင်ဆာ မျိုး ဖြစ်ပြီးအတွေ့ရများတဲ့ ကင်ဆာမျိုးလည်း ဖြစ်ပါတယ်။

Lobular carcinoma လို့ခေါ်တဲ့ ရင်သားတစ်ရှုးတွေမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာမျိုး ဖြစ်ပါတယ်။

ပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာဆိုတာ နို့ရည်ထုတ်လုပ်ပေးတဲ့ ဂလင်းများနဲ့ နို့ရည်သည်ပြွန်များမှ စတင်ပြီး ကင်ဆာလ်ဆဲများက အနီးအနားရှိအင်္ဂါများထံ ကူးစက်သွားကာ ခန္ဓါကိုယ်ရဲ့ တစ်ခြားသော အင်္ဂါများထံ ကင်ဆာမျိုးကိုခေါ်တာ ဖြစ်ပါတယ်။

မပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ ဆိုတာကတော့ ကင်ဆာဆဲများက ရင်သားတစ်ရှုးများမှာ ဖြစ်ပွားပြီး တစ်ခြား အင်္ဂါအစိတ်အပိုင်းများသို့ မကူးစက်တတ်တဲ့ ကင်ဆာမျိုး ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီဆဲလ်တွေက နောက်ပိုင်းမှာ ပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။

ရောဂါ စစ်ဆေးမှု နည်းလမ်းများ

အမျိုးသမီး အများစုကတော့ ရင်သားမှာ ရောဂါလက္ခဏာတွေ တွေ့ရှိလို့ ဆေးခန်း လာပြရာမှ ရင်သားကင်ဆာ ဖြစ်နေတယ်ဆိုတာကို သိကြရတာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကသိသိသာသာ မဖြစ်သေးဘဲ ရင်သားကင်ဆာ ဖြစ်နေသလားဆိုတာကို စစ်ဆေးချင်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေက ကူညီပေးပါလိမ့်မယ်။

ရင်သား စစ်ဆေးမှု နည်းလမ်း

ဆရာဝန် အနေနဲ့ လူနာရဲ့ ရင်သားမှာ အကျိတ်၊ အဖုတွေနဲ့ တစ်ခြားသော ရောဂါလက္ခဏာတွေ ရှိမရှိဆိုတာ စစ်ဆေးမှာ ဖြစ်ပါတယ်။

ပုံရိပ်ဖော် စစ်ဆေးမှုများ

mammogram ဆိုတဲ့ x-ray ပမာဏ နည်းနည်းနဲ့ ရင်သားအတွင်းက ပုံရိပ်တွေကို ပုံဖော်ပေးပေးတဲ့ စနစ်တစ်မျိုး ဖြစ်ပြီး အဖုအကျိတ်တွေနဲ့ တစ်ရှုးတွေ ပုံမှန်မဟုတ်တာကို ပြသပေးနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ mammogram ဟာ ကင်ဆာမဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ တစ်ရှုးဧရိယာတွေကိုပါ ပြသပေးတဲ့ အတွက် ဒီလိုမျိုး mammogram မှာ ကင်ဆာလို့ ထင်ရတဲ့ အဖုအကျိတ်တွေ တွေ့ပြီဆိုရင် နောက်ထပ်စစ်ဆေးမှုတွေကိုပါ ပြုလုပ်သင့်ပါတယ်။

ultrasound (နှုန်းလွန်အသံလှိုင်း) စစ်ဆေးမှု

ဒီ စစ်ဆေးမှုတွေကတော့ တစ်ရှုးတွေလား၊ ပြည်တည်အိတ်လားဆိုတာကို ခွဲခြားပေးနိုင်ပါတယ်။

MRI scan

MRI (Magnetic resonance imaging ) ဆိုတာကတော့ သံလိုက်စက်ကွင်းတွေနဲ့ ရေဒီယိုလှိုင်းတွေကို သုံးပြီး ခန္ဓါကိုယ်အတွင်းအင်္ဂါတွေနဲ့ ခန္ဓါကိုယ်အတွင်းက တစ်ရှုးတွေကို တိကျတဲ့ ပုံရိပ်များ အဖြစ်ပုံဖော်ပေးတဲ့ နည်းစနစ် တစ်မျိုးပါ။ တစ်ခါတစ်ရံမှာတော့ ပုံရိပ်များ ပြတ်ပြတ်သားသားပေါ်စေရန်အတွက် လူနာတွေရဲ့ အကြောအတွင်းသို့ အရည်တစ်မျိုးကို ထိုးသွင်းပေးပြီး MRI scan တွေကို ပြုလုပ်လေ့ရှိကြပါတယ်။

အသားမျှင်တို့ကို ဓါတ်ခွဲ စစ်ဆေးခြင်း

ဓါတ်ခွဲခန်းတွင်း စစ်ဆေးရန်အတွက် တစ်ရှုးတွေကို ခွဲထုတ်ပြီး စစ်ဆေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ဒီဆဲလ်တွေက ကင်ဆာ ဖြစ်နေပြီလား၊ ဘယ်လို ကင်ဆာမျိုးလဲ၊ ဟော်မုန်းနဲ့ ဓါတ်တဲ့ရဲ့လားဆိုတာကို သိနိုင်ပါတယ်။

ရင်သားကင်ဆာစစ်ဆေးမှုတွေက ကင်ဆာရဲ့အဆင့်ကို

အကျိတ်ရဲ့ အရွယ်အစား၊

ဘယ်နေရာ အထိ ပျံ့နှံ့နေပြီလဲ၊

ပျံ့ပွားနိုင်သလား၊ မပျံ့ပွားနိုင်ဘူးလား၊

ခန္ဓါကိုယ်ရဲ့ ဘယ်နေရာအထိ ရောက်နေပြီလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ရင်သားကင်ဆာစစ်ဆေးမှုတွေနဲ့ အဆင့်သတ်မှတ်မှုတွေက ရင်သားကင်ဆာကနေ ပျောက်ကင်းနိုင်ဖို့ အတွက် အရမ်းအရေးကြီးတဲ့ အရာတွေ ဖြစ်ပြီး ဘယ်လို ကုသမှုမျိုး ခံရယူရမလဲဆိုတာကိုပါ ဆုံးဖြတ်ပေးနိုင်ပါတယ်။

ကုသမှု နည်းလမ်းများ

ဘယ်လို ရောဂါမျိုးမဆို ဖြစ်နေသလား ဆိုတာကို အရင်သိဖို့က အရမ်း အရေးကြီးပါတယ်။ အထူးသဖြင့် ကင်ဆာလို ရောဂါမျိုးမှာ ရောဂါ မရင့်သေးခင်မှာ ကုသနိုင်မယ်ဆိုရင် ပျောက်ကင်းနိုင်ခြေ များတဲ့ အတွက် စောစောသိပြီး စောစော ကုသဖို့ ကအကောင်းဆုံးပါပဲ။ ဒီအပိုင်းလေးမှာတော့ ရင်သားကင်ဆာကို ကုသနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။

ရင်သားကင်ဆာကို ဘယ်နည်းလမ်းနဲ့ ကုသမလဲဆိုတာက-

  • ရင်သားကင်ဆာ အမျိုးအစား၊
  • ရင်သားကင်ဆာရဲ့ အဆင့်သတ်မှတ်ချက်၊
  • ဟော်မုန်း ဓါတ်များအပေါ် တုံ့ပြန်နိုင်စွမ်း၊
  • လူနာရဲ့ အသက်အရွယ်၊ ကျန်းမာရေး စတဲ့ အခြေအနေ များအပေါ် မူတည်ပြီး ဆုံးဖြတ်ရတာပါ။

အဓိက ကုသမှုဆိုင်ရာ နည်းလမ်းတွေကတော့-

  • ရေဒီယိုဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း၊
  • ခွဲစိတ်ကုသခြင်း
  • ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အသုံးပြုပြီး ကင်ဆာလ်ရောဂါကို ကုသခြင်း။
  • ဟော်မုန်းဓါတ်နဲ့ ကုသခြင်း၊
  • ဓါတုနည်းလမ်းနဲ့ ကုသခြင်း (chemotherapy)

အထက်က ပြောခဲ့သလိုပဲ ဘယ်လို နည်းလမ်းနဲ့ ကုသမလဲဆိုတာ ကင်ဆာရဲ့ အဆင့်၊ ကျန်းမာရေး အခြေအနေနဲ့ လူနာရဲ့ အခြားသော အခြေအနေများအပေါ် မူတည်ပြီးဆုံးဖြတ်ရတာပါ။

ခွဲစိတ်မှု

ခွဲစိတ်မှုလုပ်မယ်ဆိုရင် ရောဂါ စစ်ဆေးမှု ရလာဒ်မှ အခြေအနေနဲ့ လူနာရဲ့ အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်ရတာပါ။ ကုသနိုင်တဲ့ ခွဲစိတ်မှု အမျိုးအစားတွေကတော့

Lumpectomy

အကျိတ်နဲ့ အကျိတ်နားတစ်ဝိုက်က ကျန်းမာနေတဲ့ တစ်ရှုးများကို ပါ ဖယ်ရှားပေးတဲ့ နည်းလမ်း ဖြစ်ပြီး ဒီနည်းလမ်းက ကင်ဆာ ပျံ့ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အကျိတ်က သေးနေပြီး တစ်ခြားပတ်ဝန်းကျင် တစ်ရှုးတွေနားက နေ ခွဲထုတ်ပစ်ဖို့ လွယ်တယ်ဆိုရင် ဒီနည်းလမ်းကို သုံးလေ့ ရှိပါတယ်။

Mastectomy (သားမြတ်ဖြတ်ထုတ်ခြင်း)

သားမြတ်ဖြတ်ထုတ်ခြင်းဆိုတာကတော့ နို့ရည်ထုတ်လုပ်ပေးတဲ့ ဂလင်းများ၊ နို့ရည်သယ်ပြွန်များ၊ ရင်သားခေါင်း၊ ရင်သားခေါင်းပါတ်ဝန်းကျင်က အနက်ရောင် အနားသားနဲ့ အရေပြားတစ်ချို့ကို ခွဲထုတ်ခြင်းကို ပြောတာပါ။ radical mastectomy ဆိုတဲ့ လုံးဝ အမြစ်ပြတ် ခွဲထုတ်ခြင်းဆိုတာကတော့ ရင်သား၊ ရင်ဘက်ပေါ်က ကြွက်သားတွေ နဲ့ ချိုင်းကြားအတွင်းက Lymph nodes လို့ခေါ်တဲ့ သွေးဖြူဆဲလ်တစ်ရှုးများ ကိုပါ ဖယ်ရှားပစ်ခြင်းကိုခေါ်တာပါ။

Sentinel node biopsy

Sentinel node biopsy ဆိုတာကတော့ ကင်ဆာအကျိတ်ကနေ သွေးဖြူကြောတွေကို ကျော်ပြီး ရောက်နေသလားဆိုတာကို ဆုံးဖြတ်တဲ့ ခွဲစိတ်မှု နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းကို ရင်သားကင်ဆာကို ဆုံးဖြတ်တဲ့ နေရာမှာ အသုံးပြုပါတယ်။ sentinel nodes ဆိုတာ ကင်ဆာကျိတ်ကနေ သွေးဖြူကြောတွေထဲ ပျံ့နှံစီးဆင်းရာမှာ ပထမဆုံး တွေ့ရတဲ့Lymph nodes လို့ခေါ်တဲ့ သွေးဖြူဆဲလ်တစ်ရှုးများ တွေဖြစ်ပါတယ်။ ဒီနည်းလမ်းကို လုပ်ရာမှာ ခွဲစိတ်ဆရာဝန်က ခြေရာခံအရည်တွေကို သွေးကြောတွင်းထိုးသွင်းပြီး sentinel nodes တွေကို ဆုံးဖြတ်ပါတယ်။ sentinel nodes တွေကို တွေ့ပြီဆိုရင် ခွဲထုတ်ပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးပါတယ်။ sentinel nodes တွေမှာ ကင်ဆာလ်ဆဲလ်တွေကို မတွေ့ရဘူးဆိုရင် ကင်ဆာက မပျံ့နှံ့နိုင်တဲ့ အတွက် တစ်ခြားသော သွေးဖြူဆဲလ်တစ်ရှုးများ များကို ခွဲထုတ်စရာမလိုပါဘူး။ တကယ်လို့ ကင်ဆာဆဲလ်တွေကို တွေ့ရမယ်ဆိုရင် ခွဲစိတ်ဆရာဝန်ကို တစ်ခြားသော သွေးဖြူဆဲလ်တစ်ရှုးများ များကိုပါ ခွဲထုတ်ဖို့ အကြံပေးမှာ ဖြစ်ပါတယ်။ ဒီလို ခွဲထုတ်လိုက်ခြင်း ဖြင့် သွေးဖြူကြော ပြွန်စနစ်မှ တစ်ခြား ခန္ဓါကိုယ် အစိတ်အပိုင်း တွေသို့ ပျံ့နှံ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

Axillary lymph node dissection (ချိုင်းကြားမှ သွေးဖြူတစ်ရှုးများကို ခွဲထုတ်ခြင်း)

ဒီနည်းလမ်းက အပေါ်က နည်းလမ်းနဲ့ ဆက်နွှယ်နေပါတယ်။ ဂိတ်စောင့် သွေးဖြူတစ်ရှုးလို့ခေါ်တဲ့

sentinel node တွေမှာ ကင်ဆဲလ်တွေ တွေ့နေရပြီဆိုရင် ခွဲစိတ်ဆရာဝန်က ချိုင်းကြားတွင်းရှိ သွေးဖြူ တစ်ရှုးများကိုပါ ခွဲထုတ်ပြီး ကင်ဆာ မပျံ့ပွားအောင် ထိန်းသိန်းပေးတဲ့ နည်းစနစ်ဖြစ်ပါတယ်။

ပြန်လည် တည်ဆောင်ခြင်း

ရင်သားခွဲစိတ်မှု အပြီးမှာ ရင်သားကို တစ်ခြားသော ပုံမှန်ရင်သားများနဲ့ တူစေရန် ရင်သားပြန်လည်တည်ဆောက်ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်ခြင်းကို သားမြတ်ဖြတ်ထုတ်ခြင်း အပြီးမှာ တစ်ခါတည်းလုပ်လိုက်တာပဲဖြစ်ဖြစ်၊ နောက်ပိုင်းမှ လုပ်တာပဲ ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်က ရင်သားမှာ ထည့်သွင်းဖို့အတွက် ခန္ဓါကိုယ်ရဲ့ တစ်ခြားသော နေရာက တစ်ရှုးတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။

ရေဒီယိုဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiation therapy)

အကျိတ်အတွင်းရှိ ကင်ဆာဆဲလ် များဖျက်ဆီးရန်အတွက် ထိန်းချုပ်ထားတဲ့ ရေဒီယို ဓါတ်ရောင်ခြည်နဲ့ကုသမှု နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို ဓါတုကုထုံး၊ ခွဲစိတ်မှု နည်းလမ်းတွေနဲ့ တွဲသုံးလေ့ရှိပြီး ကင်ဆာဆဲလ် လက်ကျန်များကို သတ်ပစ်နိုင်ပါတယ်။ ရေဒီယို ဓါတ်ရောင်ခြည်ကုသမှုဟာ တစ်ချိန်ကို မိနစ်အနည်းငယ်ကြာမြင့်ပြီး လူနာအနေနဲ့ တစ်ပတ်ကို ၃ ခါကနေ ၅ ခါ အထိကို ၃ ပတ်မှ ၆ ပတ်အထိ ကုသမှု ခံယူဖို့လိုပါတယ်။ ကြာချိန်နဲ့ အရည်အတွက်ကတော့ ကင်ဆာပမာဏ အပေါ်မူတည်ပါတယ်။ ရင်သားကင်ဆာ အမျိုးအစားပေါ်မူတည်ပြီး ဘယ်လို ဓါတ်ရောင်ခြည် ကုသမှု ခံယူမလဲဆို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း၊ သွေးဖြူအရည်ကြည်များ တစ်ရှုးတွင်း စုမိခြင်းကြောင့် လက်၊ ခြေထောက်များ ရောင်ရမ်းခြင်း( lymphedema) ၊ ရင်သားအရေပြားမည်းလာခြင်းနဲ့ ရင်သားအရေပြားယားယံခြင်း တို့ ဖြစ်ပါတယ်။

ဓါတုကုထုံး (Chemotherapy)

ဆဲလ်များကို အဆိပ်အတောက်ဖြစ်စေတဲ့ ဆေးဝါးများသုံးပြီး ကင်ဆာဆဲလ်များကို ကုသတဲ့ နည်းလမ်းဖြစ်ပါတယ်။ အကျိတ်က အရမ်းကြီးနေပြီး ခွဲစိတ်မှု လုပ်မယ်ဆိုရင် ခွဲစိတ်မှုလုပ်ရာမှာ အကျိတ်ကို ဖယ်ရှားရ လွယ်ကူစေဖို့ ဓါတု ကုထုံးကို သုံးပြီး အကျိတ်ကို ရှုံ့သွားအောင် အရင်လုပ်လေ့ရှိပါတယ်။ ရင်သားကင်ဆာက တစ်ခြားသော ခန္ဓါကိုယ် အစိတ်အပိုင်းတွေ ထိပျံ့နှံ့သွားပြီဆိုရင်လည်း ရောဂါလက္ခဏာ သက်သာစေရန်အတွက် ဓါတု ကုထုံးကို ကုသလေ့ရှိကြပါတယ်။ အီစထရိုဂျင်တွေက ရင်သားကင်ဆာ ကြီးထွားလာခြင်းကို ဖြစ်စေနိုင်တဲ့ အတွက် အီစထရိုဂျင် ထုတ်လုပ်မှု နည်းပါးသွားစေရန်အတွက်လည်း ဒီနည်းလမ်းကိုသုံးလေ့ ရှိကြပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့အန်ခြင်း၊ မအီမသာ ဖြစ်ခြင်း၊ အစာစားချင်စိတ်နည်းပါးခြင်း၊ အပင်ပန်းလွယ်ခြင်း၊ ပါးစပ်များ နာကျင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကူးစက်ရောဂါ ကူးစက်ခံရနိုင်ခြေ ပိုမြင့်လားခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

ဟော်မုန်းတားဆီးပြီး ကုသခြင်း

ဟော်မုန်းတားဆီးပြီး ကုသခြင်းဆိုတာက ဟော်မုန်းကို တုံ့ပြန်တဲ့ ရင်သားကင်ဆာတွေ ပြန်ဖြစ်ခြင်းကို တားဆီးရာမှာ အသုံးပြုပါတယ်။ ဒီ ရင်သားကင်ဆာတွေကို estrogen receptive (ER) positive နဲ့ progesterone ်receptor (PR) positive ကင်ဆာတွေလို့ခေါ်လေ့ရှိကြပါတယ်။ ရင်သားကင်ဆာ ၈၀ ရာခိုင်နှုန်းက estrogen receptive (ER) positive ကင်ဆာတွေ ဖြစ်ပြီး estrogen receptive (ER) positive ဆိုတာက အီစထရိုဂျင် ဟော်မုန်းကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားလာတဲ့ ကင်ဆာဆဲလ်တွေကို ဖြစ်ပါတယ်။ အထက်ပါ ၈၅ ရာခိုင်နှုန်းထဲက ၆၅ ရာခိုင်နှုန်း ကတော့ progesterone receptor (PR) positive လို့ခေါ်ပါတယ်။ ဒီကင်ဆာတွေကျတော့ ပရိုဂျက်စတီရုန်း ဟော်မုန်းကို တုံ့ပြန်ပြီး ကြီးထွားလာတာ ဖြစ်ပါတယ်။

ခွဲစိတ်ပြီး၊ ဓါတုကုသမှု အပြီး၊ ရေဒီယို ဓါတ်ရောင်ခြည် ဖြင့် ကုသမှု အပြီးမှာတော့ ဟော်မုန်းတားဆီးပြီး ကုသခြင်းက အီစထရိုဂျင်ရဲ့ အကျိုးဆက်တွေကို တားဆီးပြီး ကင်ဆာ ပြန်မဖြစ်လာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဟော်မုန်းတားဆီးပြီး ကုသခြင်းကို ခွဲစိတ်မှုတွေနဲ့ တွဲကာ ကုသလေ့ ရှိကြပေမဲ့ တစ်ခါတစ်ရံမှာတော့ ကင်ဆာကျိတ်ရှုံ့သွားစေရန် မခွဲစိတ်ခင် ကုသလေ့ရှိကြပါတယ်။ ဒါ့အပြင် ဒီနည်းလမ်းက ခွဲစိတ်ခြင်း၊ ဓါတု ကုထုံးနဲ့ ရေဒီယို ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ခံယူလို့ မရတဲ့ လူနာတွေ အတွက် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်။ ကုသမှု ခံယူအပြီး ဟော်မုန်းကို တားဆီးပေးထားတဲ့ အာနိသင်တွေက ၅ နှစ်အထိ ကြာမြင့်နိုင်ပါတယ်။ ဒါပေမဲ့ ဟော်မုန်းကို မတုံ့ပြန်တဲ့ ကင်ဆာတွေဆိုရင်တော့ ဒီနည်းလမ်းက ဘာမှ သက်ရောက်မှု မရှိပါဘူး။ ဟော်မုန်းတားဆီးပြီး ကုသခြင်းရဲ့ ဥပမာတွေကတော့-

  • tamoxifen ( ရင်သားတစ်ရှုးတွေ အတွင်းမှာ အီစထရိုဂျင်ဟော်မုန်းတွေရဲ့ လုပ်ဆောင်ချက်တွေကို နှောင့်ယှက်တဲ့ ဆေးဝါး။
  • aromatase inhibitors (အီစထရို ဂျင်ဟော်မုန်း ဖြစ်လာတဲ့ နေရာမှ ကူညီပေးတဲ့ အင်ဇိုင်းကို တားဆီးတဲ့ ဆေးဝါး)
  • မျိုးဥ အိမ်ခွဲထုတ်ခြင်း၊ လုပ်ဆောင်ချက်ကို တားဆီးပေးနိုင်တဲ့ ဆေးဝါး တို့ဖြစ်ပါတယ်။
  • ဟော်မုန်းတားဆီး ကုသတဲ့ နည်းလမ်းတွေက အမျိုးသမီးတွေရဲ့ သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

ဘယ်လို ကင်ဆာမျိုးပဲ ဖြစ်ဖြစ် ကုသမှု ခံယူမယ်ဆိုရင် ဒီနည်းလမ်းတွေမှာ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ လူနာတွေ အနေနဲ့ ဒီလို ဘေးထွက်ဆိုးကျိုးတွေကို အနည်းဆုံး ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာနဲ့ ဘယ်လို ကုသမှုနည်းလမ်းကို ရွေးချယ်ရမလဲဆိုတာကို ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

နိဂုံး

အဆင့် ၀ နဲ့ အဆင့် ၁ ရင်သားကင်ဆာ ဖြစ်နေချိန်မှာ ကုသမှု ခံယူလိုက်နိုင်တဲ့ အမျိုးသမီးတွေဟာ နောက် ၅ နှစ်အထိ အသက်ရှင်နိုင်ခြေ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရှိပါတယ်။ ဒါပေမဲ့ အဆင့် ၄ ထိ ရောက်ပြီးမှ ကုသမှု ခံယူမယ်ဆိုရင်တော့ နောက် ၅ နှစ်အထိ အသက်ရှင်နိုင်ခြေက ၂၂ ရာခိုင်နှုန်းသာရှိပါတော့တယ်။ ဒါ့ကြောင့် ကင်ဆာ ရောဂါ လက္ခဏာတွေကို စောစောစီးစီး သိထားဖို့ က အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင်

ဆေးရုံ၊ ဆေးခန်းတွေမှာ ပုံမှန် ဆေးစစ်မှု လုပ်နေဖို့ အရေးကြီးပါတယ်။ ရင်သားကင်ဆာဖြစ်ပွားခြင်းကို သေချာပေါက်တားဆီးနိုင်မယ် နည်းလမ်းတွေကတော့ မရှိသေးပါဘူး။ ဒါပေမဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို ပြောင်းလဲလိုက်မယ်ဆိုရင်တော့ရင်သားကင်ဆာနဲ့ တစ်ခြားကင်ဆာ ဖြစ်ပွားနိုင်ခြေတွေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ အဲ့ဒါတွေကတော့ အလွန်အကျွံအရက်သောက်ခြင်းကို ရှောင်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ် ဟင်းသီးဟင်းရွက်တွေကိုစားသုံးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ body mass index (BMI) ကို ထိန်းသိန်းထားခြင်းတို့ ဖြစ်ပါတယ်။

Body mass index (BMI) ဆိုတာကတော့ ခန္ဓါကိုယ်ရဲ့ အမြင့်နဲ့ အလေးချိန်ကို အခြေခံပြီး ခန္ဓါကိုယ် အဆီပမာဏကို တွက်တဲ့နည်းလမ်းဖြစ်ပါတယ်။ ခန္ဓါကိုယ်ရဲ့ Body mass index (BMI) ကို တွက်ချင်တယ်ဆိုရင်တော့ဒီမှာတွက်ချက်နိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicalnewstoday.com/articles/37136.php

https://www.emedicinehealth.com/swollen_lymph_glands/article_em.htm

http://www.breastcancer.org/symptoms/types/dcis

https://www.cancer.gov/publications/dictionaries/cancer-terms/def/breast-lobule

https://www.cancer.gov/about-cancer/causes-prevention/genetics/brca-fact-sheet

https://www.medicalnewstoday.com/articles/179457.php?iacp

https://www.radiologyinfo.org/en/info.cfm?pg=mammo

https://www.medicalnewstoday.com/articles/146309.php

https://www.mayoclinic.org/tests-procedures/sentinel-node-biopsy/about/pac-20385264

https://www.webmd.com/breast-cancer/guide/breast-cancer-types-er-positive-her2-positive#1

 

ယခုပုံစံ

06/01/2022

Arkar Hein မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement