backup og meta

ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ

    ခုခေတ်ဟာ ပွင့်လင်းပြီးလွတ်လပ်လာတာနဲ့အညီ လက်မထပ်ခင်အတူနေကြတဲ့ ယဉ်ကျေးမှုဟာလည်း ပိုပြီးထွန်းကားလာနေပါတယ်။ ဒီလိုအတူနေတာကို အရှေ့တိုင်းယဉ်ကျေးမှုအရ လက်မခံလိုသူတွေရှိသလို လက်ခံသူတွေလဲ အများကြီးရှိလာနေပါတယ်။ အတူနေခြင်း မနေခြင်းဟာ အရွယ်ရောက်ပြီး လွတ်လပ်တဲ့ သူနှစ်ဦးအဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ဖြစ်လာတဲ့နောက်ဆက်တွဲတွေကိုလဲ မပြုလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားတိုင်ပင်ဆွေးနွေးထားကြဖို့လိုပါတယ်။ အရေးအကြီးဆုံးကတော့ မလိုချင်သေးဘဲ ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ နဲ့ ကူးစက်ရောဂါမရဖို့ပါပဲ။

    အတူအရင်နေလိုက်မယ်၊ ပြီးတော့မှ အရေးပေါ်ဆေးတိုက်လိုက်မယ်ဆိုတာ ပြည့်စုံမှန်ကန်တဲ့ တာဝန်ယူမှုမဟုတ်ပါဘူး။ အဲဒီအစား သင့်တော်မှန်ကန်တဲ့ သားဆက်ခြားနည်းတွေဟာ ဘာတွေရှိပြီး ကိုယ်နဲ့ ဘာတွေက ကိုက်ညီတယ်ဆိုတာကို အမျိုးသားရော အမျိုးသမီးကပါ သိရှိပြီး လိုက်နာကြတာ အများကြီးပိုအကျိူးရှိပါတယ်။

    ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ

    စနစ်တကျကိုယ်ဝန်တားနည်းကို မသိလို့ ကိုယ်ဝန်ရှိပြီးမှ ဖျက်ချတဲ့အခါ ပိုးဝင်ပြီး သွေးဆိပ်တက်တာ၊ ခွဲစိတ်ခန်းဝင်ရတာအပြင် သေဆုံးတာတွေအထိ ဖြစ်တတ်ပါတယ်။ နောက်ထပ်အရေးကြီးတာတစ်ခုက လက်ထပ်လိုစိတ်မရှိတဲ့ အမျိူးသားကို အချုပ်နှောင်တစ်ခုဖြစ်စေဖို့ တစ်ဖက်သတ်ကိုယ်ဝန်ယူခြင်းဟာလည်း ဆိုးကျိုးတွေကိုသာဖြစ်စေပါတယ်။

    ဒါကြောင့် အတူမနေခင်ကတည်းက သင့်တော်တဲ့ သားဆက်ခြားနည်းကို စနစ်တကျရွေးချယ်လိုက်နာဖို့ အင်မတန်အရေးကြီးပါတယ်။

    (၁) ကွန်ဒုံး

    စနစ်တကျသာသုံးမယ်ဆိုရင် ကွန်ဒုံးဟာ ကိုယ်ဝန်မရနိုင်အောင် ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ တားဆီးပေးပါတယ်။ ဒါ့အပြင် အကောင်းမွန်ဆုံး အကျိုးရလာဒ်ကတော့ HIV ကာလသား နဲ့ ဆစ်ဖလစ် အပြင်ဘီပိုး စီပိုး စတဲ့ ကူးစက်ရောဂါတွေကိုပါ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တာပါပဲ။ စျေးနှုန်းအားဖြင့်လည်းသက်သာတဲ့အပြင် convenience store လို သာမန် စတိုးဆိုင်မျိုးမှာတင် အလွယ်ဝယ်လို့ရတာမို့ အသုံးသင့်ဆုံးသားဆက်ခြားနည်းဖြစ်ပါတယ်။

    အနံ့အစုံရတဲ့အပြင် အခုအခါမှာ အလွန်ကိုပါးလွှာတဲ့ အနေအထားအထိရှိတဲ့ ကွန်ဒုံးတွေပေါ်နေပြီမို့ အရွေးသင့်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ တခြားသားဆက်ခြားနည်းကို သုံးပြီး အထိတ်ထိတ်အလန့်လန့်နဲ့ ခြောက်လပြည့်တော့မှ သွေးစစ်ရတာထက်စာရင် ကွန်ဒုံးသုံးတာက အများကြီး ရင်ပူသက်သာစေပါလိမ့်မယ်။ ခုအခါမှာ အမျိူးသားသုံးတင်မက အမျိုးသမီးသုံး ကွန်ဒုံးတွေပါရနေပြီဖြစ်ပါတယ်။

    (၂) ဟော်မုန်းဓာတ်ပါတဲ့ တားဆေးများ

    COC လို့ခေါ်တဲ့ ဟော်မုန်းဓာတ်နှစ်မျိုးပါ တားဆေး သောက်ဆေးအမျိုးအစားနဲ့ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းပါတဲ့သောက်ဆေးရယ်လို့ နှစ်မျိုးနှစ်စားရှိပြီး နှစ်မျိူးလုံးက တစ်ရက်တစ်လုံးသောက်ရပါတယ်။ အချိန်မှန်ဖို့အရမ်းအရေးကြီးပါတယ်။

    ကိုယ်က သတိမေ့တတ်သူဆိုရင် ကိုယ့်ရဲ့ မိုဘိုင်းဖုန်းနဲ့ဖြစ်ဖြစ် နှိုးစက်ပေးအချိန်အတိအကျသတ်မှတ်ပြီးသောက်တာ ပိုကောင်းပါတယ်။ မနက်ပိုင်းဆိုရင် မနက်ပိုင်း၊ ညပိုင်းဆိုရင် ညပိုင်း မှန်မှန်သောက်ဖို့လိုပါတယ်။ ဒီလိုသာသောက်မယ်ဆိုရင် ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ ကိုယ်ဝန်မရအောင် ကာကွယ်နိုင်စွမ်းရှိပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါရှိသူတွေ၊ အဝလွန်သူတွေကတော့ ရေရှည်မသောက်သင့်ပါဘူး။

    (၃) Depo ထိုးဆေး 

    သုံးလခံထိုးဆေးလို့အလွယ်ခေါ်ပေမယ့် ဆယ့်နှစ်ပတ်ခံထိုးဆေးဖြစ်ပါတယ်။ ဆယ့်နှစ်ပတ်ပြည့်ရင် တစ်ကြိမ်ပြန်ထိုးရပါတယ်။ နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ အလွယ်ထိုးလို့ရပြီး စျေးနှုန်းလဲ သက်သာပါတယ်။

    ရာသီထိမ်တာ၊ ရာသီမမှန်တာမျိူးဖြစ်တတ်ပါတယ်။ တကယ်လို့ သုံးလခံဆေးထိုးပြီးမှ ရာသီတောက်လျှောက် တစ်လလုံးပေါ်နေတာမျိုးဖြစ်ရင်တော့ နောက်ဆက်တွဲအနေနဲ့သွေးအားနည်းတာမျိုးဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။

    (၄) သားအိမ်ထဲထည့်ပစ္စည်း 

    ငါးနှစ်ကနေ ဆယ်နှစ်ခံတာမို့ ရေရှည်ကိုယ်ဝန်တားချင်တဲ့ သူတွေအတွက် ပိုသင့်တော်ပါတယ်။ ဟော်မုန်းပါတာရော၊ မပါတာရော ရှိပါတယ်။ ကြိုးစလေးဟာ မွေးလမ်းကြောင်းမှာရှိနေပေမယ့် လိင်ဆက်ဆံခြင်းကိုထိခိုက်မှာမစိုးရိမ်ရပါဘူး။

    တစ်ခါတစ်ရံမှာတော့ အလိုအလျောက်ထွက်သွားတာမျိုးဖြစ်တတ်လို့ မွေးလမ်းကြောင်းထဲမှာ ကြိုးစရှိနေမနေ လစဉ်စမ်းသပ်ပေးဖို့လိုပါတယ်။ သားအိမ်အပြင်ဖက် သန္ဓေတည်ဖူးသူတွေ၊ ရာသီလာစဉ်အပြင်းအထန်ကိုက်ခဲတတ်သူတွေထည့်ဖို့တော့ မသင့်တော်ပါဘူး။

     (၅) လက်မောင်းထဲထည့်ပစ္စည်း

     ဟော်မုန်းဓာတ်ပါဝင်တဲ့ ပစ္စည်းဖြစ်ပြီး ထုံဆေးနဲ့ လက်မောင်းအတွင်း ထည့်ပေးတာဖြစ်ပါတယ်။ ဒီတိုင်းအပြင်ကကြည့်ရင်မသိသာဘဲ လက်နဲ့စမ်းကြည့်မှသာထည့်ထားမှန်းသိနိုင်မှာပါ။ ဟော်မုန်းပါတာမို့ ရာသီမမှန်တာ၊ ကိုယ်အလေးချိန်တိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။

     (၆) အရေးပေါ်သောက်ဆေး 

    နာမည်အတိုင်းပဲ အရေးပေါ်အနေနဲ့မှ သောက်သင့်တာဖြစ်ပြီး ပုံမှန်တားဆေးအနေနဲ့ သုံးဖို့ မသင့်တော်ပါဘူး။  မကြာခဏလိင်ဆက်ဆံမှုရှိသူတွေအနေနဲ့ တခြားသင့်တော်ရာ သားဆက်ခြားနည်းတစ်မျိုးမျိုးကိုသာ ဆရာဝန်နဲ့တိုင်ပင်ပြီးသုံးသင့်ပါတယ်။
    ဘေးထွက်ဆိုးကျိုးအနေနဲ့ အန်တာ၊ ရာသီမမှန်တာဖြစ်တတ်ပါတယ်။ တစ်လုံးနဲ့ တစ်လုံးဆယ့်နှစ်နာရီခြားသောက်ရတဲ့ဆေးရှိသလို တစ်လုံးတည်းသောက်ရတဲ့ဆေးလည်းရှိပါတယ်။
    အကာအကွယ်မဲ့လိင်ဆက်ဆံပြီး သုံးရက် (ခုနစ်ဆယ့်နှစ်နာရီ) အတွင်းသောက်လို့ရပါတယ်။ ဖြစ်ပြီးပြီးချင်းသောက်လေ ကာကွယ်နိုင်စွမ်းမြင့်လေဖြစ်ပါတယ်။ ကွန်ဒုံးပေါက်သွားတာ၊ မုဒိမ်းမှု၊ ပုံမှန်သုံးနေကျ ထိုးဆေးထိုးဖို့ သောက်ဆေးသောက်ဖို့မေ့လျော့သွားတာ စတဲ့အခြေအနေတွေမှာ သုံးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement