Mini ဆေးတောင့်တွေက ဘယ်လောက်ထိရောက်မှုရှိလဲ။ Mini ဆေးတောင့်တွေကို မှန်မှန်ကန်ကန်နဲ့ ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ ဒီဆေးတွေဟာ ၉၅ ရာခိုင်နှုန်း အထိ သန္ဓေတားပေးနိုင်ပါတယ်။ ဒီနှုန်းဟာ သာမန် သန္ဓေတားဆေးတွေထက်တော့ ထိရောက်မှုနည်းပါသေးတယ်။
သန္ဓေတားဆေးတွေက ဘယ်လိုပုံစံမျိုးလဲ။
သာမန်သန္ဓေတားဆေးတောင့်တွေမှာ ဆေး ၂၁ လုံး (သို့) ၂၈ လုံး တိတိ ပါဝင်ပါတယ်။ ၂၁ ရက်သောက်ဆေးတွေမှာတော့ အာနိသင်အပြည့် ဆေး ၂၁ လုံးတိတိပါဝင်ပြီး ၂၈ ရက်သောက်ဆေးတွေမှာတော့ အာနိသင်အပြည့် ဆေး ၂၁ လုံးနဲ့ အာနိသင်မပါတဲ့ ဆေး ၇ လုံးပါဝင်ပါတယ်။ ဒီလို အာနိသင်မပါတဲ့ ဆေးတွေက ၂၈ ရက်ပြည့်တိုင်း ဆေးကဒ် အသစ်သောက်သုံးဖို့ မမေ့စေရန်အတွက် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ၁၂ပတ်ဆက်တိုက်သောက်ရတဲ့ ဆေးတွေမှာတော့ အာနိသင်ပါတဲ့ ဆေးတောင့် ၈၄ တောင့် ပါဝင်ပြီး အာနိသင်မပါတဲ့ ဆေး ၇ တောင့် တိတိပါဝင်ပါတယ်။
ဘယ်အချိန် သန္ဓေတားဆေးတွေကို သောက်သုံးရမလဲ။
ဘယ်အချိန်မှာပဲဖြစ်ဖြစ် သောက်လို့ရပါတယ်။ မသောက်ခင်မှာ ကိုယ်ဝန်မရှိဖို့တော့လိုပါတယ်။ ကိုယ့်ကိုယ်ကို သံသယရှိတယ်ဆိုရင် ဆီးစစ်ကြည့်ပါ။
ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း သောက်မယ်ဆိုရင် တန်းပြီး အတူနေလို့ ရပါတယ်။ တကယ်လို့ တခြားရက်တွေမှာ သောက်မယ်ဆိုရင် အာနိသင်ရဖို့ ရက်စောင့်ရပါတယ်။ ပေါင်းစပ်သန္ဓေတားဆေးဆိုရင် ၇ရက်စောင့်ရပြီး ပရိုဂျက်စတုန်းတစ်မျိုးတည်း ပါတဲ့ဆေးဆို ၂ရက်စောင့်ရပါတယ်။ ဒါကြောင့် ဒီရက်တွေမှာ နေမယ်ဆိုရင် အာနိသင်မရသေးတာကြောင့် ကွန်ဒုံးသုံးဖို့ လိုပါတယ်။
ဆေးသောက်တဲ့ အခါမှာ ကိုယ်သောက်နေကျ အချိန်မှာပဲ ပုံမှန်သောက်သုံးတာက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးသောက်မယ့် အချိန်ကိုတော့ မနက်စာမစားခင်ပဲ ဖြစ်ဖြစ်၊ အိပ်ရာမဝင်ခင်ပဲ ဖြစ်ဖြစ် သောက်သုံးတာက ပိုပြီး မှတ်မိလွယ်စေပါလိမ့်မယ်။
ဘယ်အချိန်မှာ သန္ဓေတားဆေးကတ်ကို နောက်ထပ် စသောက်ရမလဲ။
ဆေးကတ်တွေကို ဆက်တိုက်သောက်ရမှာပါ။ ၂၈လုံးပြည့်တာနဲ့ နောက်ထပ်ကတ်အသစ်ကို ဆက်သောက်ရမှာ ဖြစ်ပါတယ်။ ၂၈လုံးသောက်ပြီးချိန်မှာ ရာသီပြီးသွားတာဖြစ်ဖြစ်၊ ဆက်လာနေတာဖြစ်ဖြစ် နောက်ထပ်ကတ်အသစ်ကို သောက်ရမှာပါ။ ရာသီလာလာ မလာလာ ဆေးကတ်သောက်တာကို မရပ်လိုက်ရပါဘူး။ ဆက်တိုက်သောက်နေရမှာ ဖြစ်ပါတယ်။
သန္ဓေတားဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိလား။
သန္ဓေတားဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး အများစုကတော့ မပြင်းထန်ကြပါဘူး။
အတွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
- ပျို့အန်ခြင်း။
- ကိုယ်အလေးချိန် တက်ခြင်း။
- ရင်သားများတင်းပြီး နာကျင်ခြင်း။
- ဓမ္မတာကြားကာလအတွင်း သွေးအနည်းငယ်ဆင်းခြင်း။
- ဓမ္မတာ လာချိန် သွေးဆင်းမှု နည်းခြင်း။
- စိတ်ပိုင်းဆိုင်ရာ အခြေအနေပြောင်းလဲခြင်း တို့ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။