backup og meta

ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား

    အိမ်ထောင်ရှင် အမျိုးသားတွေ နဲ့ အမျိုးသမီးတွေ သိချင်နေမယ့် အချက်လေး တစ်ခုကို ဒီဆောင်းပါးလေးထဲကနေ ဖြေပေးပါရစေနော်။ ဒါကတော့ လေဒီလေးတွေ ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား ……. ဘာတွေ ဖြစ်နိုင်မလဲဆိုတဲ့ အချက်ပေါ့။

    ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား………..

    ရာသီလာနေစဉ်မှာ အတူနေလို့ရလား ….. ဆိုရင်တော့ အတူနေလို့ရပါတယ်။ ဒါဆိုရင် ဆက်မေးစရာရှိမှာက ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား …. ကိုယ်ဝန်ရသွားနိုင်လားဆိုတဲ့ မေးခွန်းဖြစ်မယ် ထင်ပါတယ်။ ဒါကတော့ ဖြစ်ခဲတယ်ပဲ ပြောရမှာပါ။

    ကလေး လိုချင်တဲ့ စုံတွဲတွေ အနေနဲ့ဆိုရင် ဒီအချိန်မှာ အတူနေပြီး ကလေးရဖို့မကြိုးစားသင့်ပါဘူး။ အကြောင်းကတော့ ရာသီလာနေစဉ်မှာ အတူနေခြင်းက ကလေးရရှိနိုင်ခြေ ပုံမှန်ထက် နည်းနေတာကြောင့်ပါ။

    အဲ ….. ဒါပေမယ့် ကလေးမရနိုင်လောက်ပါဘူး ဆိုပြီး ဒီအချိန်မှာ အကာအကွယ် မသုံးဘဲ နေရလောက်အောင်လည်း စိတ်ချလို့ရတဲ့ အနေအထား မဟုတ်ပါဘူး။ ရနိုင်ခြေ နည်းပေမယ့် ဒီနည်းနည်းလေးက ဖြစ်မလာရင်တော့ အကောင်းဆုံး ပါပဲ။

    ဒီနေရာမှာ သတိထားရမယ့် အချက်တစ်ခုက အမျိုးသားရဲ့ သုက်ပိုးက အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ ၅ရက်လောက်အထိ ရှင်သန်နေနိုင်ပါတယ်။ လေဒီတစ်ယောက် နဲ့ တစ်ယောက်က ရာသီစက်ဝန်း မတူနိုင်ပါဘူး။ လေဒီ တစ်ယောက်တည်းမှာတောင် ရာသီစက်ဝန်းက အမြဲ တစ်ထပ်တည်း မကျနိုင်ပါဘူး။

    တကယ်လို့ ရာသီစက်ဝန်းက ၂၈ ရက်မဟုတ်ဘဲ ၂၂ ရက်စက်ဝန်း ဖြစ်နေမယ်ဆိုရင် ရာသီလာစဉ်မှာ အတူနေခြင်းကြောင့် ကလေးရနိုင်ခြေက ပိုများနေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ရာသီလာနေစဉ်မှာ အတူနေမယ် ဆိုရင် အမျိုးသားက အကာအကွယ် သုံးတာပါ။

    ရာသီလာနေစဉ်မှာ အတူနေခြင်းက ဆိုးကျိုးရှိလား……..

    ရာသီလာချိန်မှာ အတူနေတာက လုံခြုံစိတ်ချရမှု အပြည့်အဝတော့ မရှိပါဘူး။ ရာသီလာနေစဉ်မှာ အတူနေခြင်းကြောင့် လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ ကူးစက်နိုင်ခြေက ပိုများနိုင်ပါတယ်။ ဒါ့အပြင် မိန်းမကိုယ် ပိုးဝင်ကူးစက်တာမျိုး ဖြစ်နိုင်သလို ရာသီလာချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်မှိုပိုးဝင်တာမျိုးလည်း ခံစားရနိုင်ပါတယ်။

    အမျိုးသားတွေမှာလည်း ဒီအချိန်မှာ လိင်ဆက်ဆံမှု ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကူးစက်ခံရနိုင်ခြေ ပိုများနေနိုင်ပါတယ်။ ရာသီလာစဉ် အတူနေခြင်းကြောင့်

  • Chlamydia (လိင်ကနေတဆင့်ကူးစက်နိုင်သောဘက်တီးရီးယားပိုး ကူးစက်ခံရခြင်း)
  • လိင်အင်္ဂါကြွက်နို့
  • ဆီးပူညောင်းကျရောဂါ
  • လိင်အင်္ဂါရေယုန်
  • ခုခံအားကျဆင်းမှုကူးစက်ရောဂါ
  • ကာလသားရောဂါအပါအဝင် လိင်အင်္ဂါမှာပေါက်တဲ့ ယားနာလိုမျိုးပြဿနာတွေ ကူးစက်စေနိုင်ပါတယ်။
  • ဒါတွေက သာမန်အချိန်မှာလည်း ကူးစက်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ရာသီလာချိန်က သွေးဆင်းနေတဲ့အချိန်၊ မိန်းမကိုယ်အတွင်းသားတွေ နုနယ်တဲ့အချိန်ဖြစ်တာကြောင့် သာမန်ထက် ကူးနိုင်ခြေက ပိုများပါတယ်။

    ရာသီလာနေစဉ်မှာ အတူနေခြင်းက ကောင်းကျိုးရောရှိလား…..

    ရာသီလာနေစဉ်မှာ အတူနေတာက ဆိုးကျိုးပဲရှိတာတော့ မဟုတ်ပါဘူး။ ကောင်းကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကတော့

    • ရာသီလာစဉ်မှာ အတူနေခြင်းကြောင့် ရာသီသွေးဆင်းရက် တိုသွားတာ
    • ရာသီလာစဉ် နာကျင်ကိုက်ခဲမှု သက်သာစေတာ
    • စိတ်ဖိစီးမှု လျော့ကျစေတာ
    • ကောင်းကောင်းအိပ်ပျော်စေတာ
    • ခေါင်းကိုက်တာကို သက်သာစေတာ
    • ကိုယ်ခံအား ကောင်းစေတာ
    • ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေတာစတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

    ရာသီလာနေစဉ်မှာ အတူနေတော့မယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲ…………

    ရာသီလာနေစဉ်မှာ အတူနေတော့မယ် ဆိုရင်

    • ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ရာသီသွေး ဆင်းနေတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း အသိပေးထားပါ။
    • လစဉ်သုံး ပစ္စည်းကို မကြာခဏ လဲလှယ်ပေးပါ။ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကနေ ကာကွယ်နိုင်ဖို့ပါ။
    • အကာအကွယ် သုံးပါ။
    • ဆက်ဆံခြင်း မပြုခင်မှာ ရေချိုးပါ။
    • Tampon အသုံးပြုထားတယ်ဆိုရင် ဆက်ဆံခြင်း မပြုခင်မှာ ဖယ်လိုက်ပါ။
    • အိပ်ရာခင်းပေါ်မှာ ရေစုပ်တဲ့ တဘက်စ ကြီးကြီးတစ်ခုကို ဖြန့်ခင်းထားပေးပါ။ ပေကျံမှုကနေ ကာကွယ်ဖို့အတွက်ပါ။
    • အိပ်ရာဘေးနားမှာ wet tissue ဒါမှမဟုတ် ရေစိုဝတ်စ သန့်သန့်တစ်ခု ယူထားပေးပါ။
    • မဆက်ဆံခင်မှာ ချောဆီသုံးပေးပါ။
    • ဆက်ဆံပြီးချိန်မှာ ချက်ချင်းဆီးသွားပေးပါ။ ဆီးအိမ်ထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်မှုကနေ ကာကွယ်နိုင်ဖို့ပါ။
    • ပုံစံအမျိုးမျိုးပြောင်းပြီး ဆက်ဆံတာကို လျှော့ပါ။
    • ပေကျံတာတွေ နည်းစေဖို့ ရေချိုးခန်းထဲမှာ အတူနေတာမျိုး  (shower sex) လုပ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 07/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement