backup og meta

မွေးကျွတ်နာ သက်သာစေဖို့


Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးကျွတ်နာ သက်သာစေဖို့

    အရေပြား ပြဿနာတွေထဲကမှ ခံစားရ တော်တော်လေး ခက်တဲ့ အရေပြားပြဿနာတစ်ခုရှိပါတယ်။ ဒါကတော့ မွေးကျွတ်နာပါ။ မွေးကျွတ်နာပေါက်တဲ့အခါ အထိမခံနိုင်လောက်အောင် နာတာမျိုးရှိနိုင်ပါတယ်။ ဒီပြဿနာကို ကင်းစေဖို့ ဆိုရင်တော့ အခုဆောင်းပါးလေးထဲက နည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။

    မွေးကျွတ်နာ သက်သာစေဖို့ အိမ်မှာတင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေ

    အရေပြားပေါ်က မွေးကျွတ်နာကို သက်သာစေဖို့ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို လုပ်ပေးလို့ရပါတယ်။

    ရေနွေးအိတ် ကပ်ပေးပါ

    အပူက သွေးလည်ပတ်မှုကို ကောင်းစေနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းတာက သွေးဖြူဥဆဲလ်တွေနဲ့ ပဋိပစ္စည်းတွေကို ရောဂါပိုးတွေကို တိုက်ထုတ်စေနိုင်ဖို့ ကူညီပေးရာရောက်ပါတယ်။ မွေးကျွတ်နာပေါ်ကို ရေနွေးအိတ်လေး ကပ်ပေးတာက အကောင်းဆုံး အိမ်တွင်းကုထုံးတွေထဲက တစ်ခုပါ။ တစ်ကြိမ်ကပ်ရင် မိနစ် ၂၀ လောက် ကပ်ထားပေးပါ။ တစ်နေ့ကို ၃ ကြိမ်ကနေ ၄ ကြိမ်လောက်အထိ လုပ်ပေးလို့ရပါတယ်။

    Tea tree oil

    Tea tree oil က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ မွေးကျွတ်နာဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက ဘက်တီးရီးယားတွေကြောင့် ဖြစ်ရတာပါ။ Tea tree oil ကို အနာပေါ်ကို တိုက်ရိုက်လူးပေးစရာ မလိုပါဘူး။ အရေပြားလောင်တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ Tea tree oil ကိုရေနွေးလေးနဲ့ရောလို့ ဂွမ်းစလေးနဲ့ယူပြီး အနာပေါ်မှာ လိမ်းပေးရုံပါ။ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ် အထိလုပ်ပေးလို့ ရပါတယ်။

    နနွင်းမှုန့်

    နနွင်းမှုန့်မှာ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ မွေးကျွတ်နာကို မြန်မြန် သက်သာစေဖို့ အထောက်အကူပြုပေးပါတယ်။ ဆေးဝါးအဖြစ လွန်ခဲ့တဲ့ နှစ်ပေါင်များစွာက အသုံးပြုခဲ့တဲ့ နနွင်းကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာယူပြီး ရေနည်းနည်းနဲ့ ခပ်ပျစ်ပျစ်လေးရောလို့ အနာပေါ်ကို တစ်နေ့ နှစ်ကြိမ် အနည်းဆုံး လူးပေးပါ။ ချင်း( ဂျင်း) အရည်လေးနည်းနည်းပါ အသုံးပြုပေးလို့ ရပါတယ်။

    Epsom salt

    Epsom salt ကို အပန်းပြေစေဖို့အတွက် အရေပြားကို နှိပ်နယ်ဖို့ ခြေထောက်လေးတွေကို နှိပ်နယ်ဖို့အတွက်တင် မဟုတ်ပါဘူး။ မွေးကျွတ်နာအတွက်လည်း သုံးပေးလို့ရပါတယ်။ ဒီဆားက မွေးကျွတ်နာကို ခြောက်သွားစေပြီး ပြည်တွေ ထွက်လာစေဖို့ အထောက်အပံ့ပေးပါတယ်။

    ရေနွေးနွေးထဲကို ဆားထည့် ပြီးရင် စိမ်ထားပေးပါ။ ဒါမှမဟုတ် ဂွမ်းစနဲ့ ဆားရည်ကို တို့ပြီး အနာပေါ်မှာ ဖိဆွတ်ပေးပါ။ မိနစ်၂၀ လောက်ကပ်ထားပေးရပါမယ်။ တစ်နေ့ကို ၃ ကြိမ်လောက် လုပ်ပေးရုံပါ။

    ကြက်ဆူဆီ

    ကြက်ဆူဆီမှာ ricinoleic acid လို့ခေါ်တဲ့ သဘာဝအရောင်ကျ အာနိသင်တစ်ခုပါပါတယ်။ ဒါက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ဒါက မွေးကျွတ်နာကို သိသိသာသာ သက်သာစေနိုင်တဲ့ အချက်ပါ။

    ကြက်ဆူဆီနည်းနည်းကို ယူပြီး အနာပေါ်မှာ လိမ်းပေးရုံပါ။ တစ်နေ့ကို ၃ ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။

    တမာဆီ

    တမာက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီး သဘာဝ ပိုးသတ်ဆေးတစ်မျိုးပါ။ အရေပြားကို ထိခိုက် စေနိုင်တဲ့ ပိုးတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် တမာရွက်ကနေထုတ်ထားတဲ့အဆီကို တစ်နေ့ကို ၃ ကြိမ် ကနေ ၄ ကြိမ်လောက်အထိ အနာပေါ်ကို လိမ်းပေးပါ။ မလိမ်းခင်မှာ လက်ကို သေချာဆေးကြောပါ။

    ကြက်သွန်နီ

    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ကြက်သွန်နီကို မွေးကျွတ်နာအတွက် အသုံးပြုပေးလို့ ရပါတယ်။ ကြက်သွန်နီကို အကွင်းလိုက် မထူမပါးလှီးပါ။ ပြီးရင် အနာပေါ်ကို ကပ်ထားပေးပြီး ပတ်တီးစပါးပါးလေးနဲ့ စည်းထားပေးပါ။ တစ် နာရီလောက်ထားပါ။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးရုံပါ။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ် ဒါမှမဟုတ် ညှစ်ထားတဲ့ သတ္တုရည်ကို မွေးကျွတ်နာပေါ် လိမ်းပေးလို့ ရပါတယ်။ မိနစ် ၂၀ ကနေ ၃၀ လောက်အထိ ထားပေးပါ။ တစ်နေ့ကို ၂ ကြိမ်လောက်လုပ်ပေးလို့ရပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement